Ad Code

Responsive Advertisement

ဝက်သားကုန်းဘောင်ကြီးကြော် (Kung Bao Pork) by TTSweet

ငယ်ငယ်က ကုန်းဘောင်ကြီးကြော် ... ကုန်းဘောင်ကြီးကြော် ..ဆိုတော့ အော် ကုန်းဘောင်ခေတ်က ဟင်းလိုလို၊ ဘာလိုလိုထင်နေတာ။ တရုတ်ဆိုင်တွေမှာ ရောင်းတာသိပေမဲ့ ဘာလို့ ဒီနံမယ်ခေါ်တယ်ဆိုတာလဲ မစပ်စုမိခဲ့ဘူး။ အဲဒီတုံးက ချက်တာလဲ ၀က်သားကို အတုံးသေးလေးတွေတုံး၊ ကြက်သွန်နီအကွင်းလိုက်တွေ အများကြီးထည့်ကြော် ပြီးတော့ ကြာညို့လို့ခေါ်တဲ့ ပဲငံပြာရည်တွေ မဲနေအောင်ထည့် ကုန်းဘောင်ကြော် ဖြစ်ကရောပဲ။ တစ်ခါတစ်လေ မွှေးအောင် ကုလားမဆလာလေးပါ အဆစ်ထည့်လိုက်သေး။း) အဲဒါကိုပဲ အဖေတို့မယ် သူ့သမီးချက်တဲ့ဟင်း ကောင်းလှ ကောင်းလှဆို အားပေးရှာတယ်။ ရုံးသွားခါနီး အမေ့ခမြာ ကမန်းကတမ်းချက်ရတော့ ဟင်းတွေက တစ်ခါတစ်လေ ဆားထည့်ဖို့ မေ့လိုမေ့၊ တစ်ခါတစ်လေလဲ ဆားများသွားလို့ ငန်လိုငန်နဲ့ ။ အဖေ့မှာ အဲသလိုပဲ စားနေရတော့ ဘုတ်အီးမတို့ ကျောင်းပိတ်လို့ အဆောင်ကပြန်မှပဲ သို့ဂလို ဟင်းထူး၊ ဟင်းဆန်းလေးတွေကို ဆားပြားမှန်မှန်ကန်ကန်နဲ့ စားရတာကိုး။

ဘုတ်အီးမလဲ နောက်ပိုင်းနိုင်ငံခြားရောက် ဟော်တယ်တွေ၊ ရက်စတောရန့်တွေမှာစားနဲ့ အဲဒီကျမှ ကုန်းဘောင်ကြော်အစစ်ကို စားဖူးပါတော့တယ်။ နောက် အင်တာနက်ထဲ မွှေနှောက်ကြည့်ရင်းမှ ကုန်းဘောင်ဆိုတာ ဘယ်ကုန်းဘောင်ခေတ်က ဟင်းရမလဲ။ တရုတ်ပြည် ဇီချွမ် (Sichuan) ပြည်က နာမည်ကြီးဟင်းလျှာ Kung Bao ဆိုတာ သိတော့တယ်။ ဇီချွမ်ပြည်က မြို့စား နာမည် Gōng Bǎo ကနေ အစွဲပြုပြီး ဟင်းအမည် Kung Pao ရယ်လို့ ဖြစ်လာပါသတဲ့။ နောက်ပိုင်းတော့ ဟင်းအမည်က အုပ်ချုပ်ရေး၊ နိုင်ငံရေးက လူတစ်ယောက်နာမည်နဲ့ စပ်ဆက်နေတာ မဖြစ်သင့်ဘူးဆိုပြီး "fast-fried chicken cubes" (hong bao ji ding) လို့ နာမည်ပြောင်းလိုက်ပါသတဲ့။ အဲဒီခေတ်ကတော့ ကုန်းဘောင်က ၀က်သားထက် ကြက်သားနဲ့ကြော်တာပါ။ နာမည်ကြီးတာက Kung Bao Chicken ပါ။ မြန်မာပြည်မှာတော့ ကြက်သားရှားလို့လားမသိ၊ ကုန်းဘောင်ကြော်ဆို ၀က်သားနဲ့ပဲ ကြော်ကြတာများသဗျ။ အန်တီဆွိတို့လဲ ၀က်သားနဲ့ပဲ ကြော်စားဖြစ်ပါတယ်။ ငယ်ငယ်ကလို ကြာညို့ချည်းပဲ မဟုတ်ပဲ Kung Pao sauce လေးစပ်ပြီး ကြော်တော့ ရက်စတောရန့်တွေက ကုန်းဘောင်ကြော်အတိုင်း ပိုစားကောင်းပါတယ်ခင်ည။ ချက်ရတာလဲ ဒီလောက်မခက်ပါဘူး။ ထမင်းစားခါနီးလေး ပူပူနွေးနွေးကြော်စားရုံပါပဲ။

လိုအပ်တဲ့ပစ္စည်းတွေက (လူ ၂ယောက်စာခန့်)



ဝက်သား အသားချည်း ၂၅၀ ဂရမ်ခန့် (လက်မ၀က်ပတ်လည်ခန့် အတုံးသေးလေးတွေ တုံးပြီး ကြက်သားမှုန့်နဲနယ်ထားပါ)
ကြက်သွန်နီ တစ်လုံး(လက်မ၀က်ပတ်လည်ခန့် လှီးပြီး အဖတ်လေးတွေ ခွါထားပါ)
ဂျင်း လက်၂ဆစ်ခန့် (ပါးပါးလှီးထားပါ)
ငရုပ်သီးခြောက် ၇တောင့်ခန့်
ကြက်သွန်မြိတ် ကြီးကြီး၂ချောင်း (၂လက်မစီအရှည်ခန့် လှီးထားပါ)
မြေပဲဆံ (သို့) သီဟိုစေ့ အနည်းငယ် (လက်တစ်ဆုတ်ခန့်)( အိမ်မှာ အဲ့၂ခုလုံး မရှိလို့ မထည့်ဖြစ်ပါ)
ကြက်သွန်ဖြူ အမွှာကြီးကြီး ၂မွှာခန့် chop လုပ်ထားပါ။ (အိမ်မှာတော့ Garlic paste အလွယ်တကူရှိလို့ အဲဒါပဲသုံးပါတယ်)
ဆီ စားပွဲဇွန်း ၃ဇွန်းခန့်

Kung Pao sauce အတွက် အောက်ပါတို့ကို ဇလုံအသေးတစ်လုံးနဲ့ အဆင်သင့်စပ်ထားပါ။
ပဲငံပြာရည် အနောက်ရည် စားပွဲဇွန်း၁ဇွန်း
ပဲငံပြာရည် အကြည်ရည် စားပွဲဇွန်း၁ဇွန်း
သကြား လဖ္ဘက်စားဇွန်း၁ဇွန်း
ကြက်သားမှုန့် လက်ဖက်စားဇွန်း ၁ဇွန်း
တရုတ်ဟင်းချက်ဝိုင် စားပွဲဇွန်း၁ဇွန်း
ကော်မှုန့် လဖ္ဘက်စား၁ဇွန်း
ဆီ စားပွဲဇွန်းတစ်ဇွန်း
ခရုဆီ လဖ္ဘက်စားဇွန်း၁ဇွန်း
ပထမဆုံး ဒယ်အိုးထဲ ဆီအနည်းငယ်ထည့်၊ မြေပဲ (သို့) သီဟိုစေ့တွေကို ကြွပ်နေအောင် မီးအေးအေးနဲ့ ကြော်ပြီး ဆယ်ထားပါ။
ကျန်တဲ့ ဆီထည့် ငရုပ်သီးခြောက်များ ကြော်ပြီး ဆယ်ထားပါ။
အဲဒီဆီထဲကိုပဲ ဂျင်းထည့် ၀က်သားထည့်ပြီး ကြော်ပါ။
ဝက်သားအနည်းငယ်ကြွပ်လာရင် ကြက်သွန်ဖြူထည့်ပြီး မွှေးနေအောင် ကြော်ပေးပါ။
ဝက်သားအရောင်ညိုပြီး ကြွပ်လာရင် ကြက်သွန်နီထည့်ပါ။
ကြက်သွန်နီ အနည်းငယ်နွမ်းလာရင် Kung Bao sauce ထည့်ပြီး မွှေပေးပါ။
ကြက်သွန်မြိတ်၊ ငရုပ်သီးခြောက်ကြော်ထားတာနဲ့ သီဟိုစေ့ကြော်ထားတာတို့ကိုထည့်မွှေပေးပါ။ အပေါ့အငံမြည်း၊ လိုတာထပ်ထည့်ပြီး ကြက်သွန်မြိတ်နွမ်းရင် ချလို့ရပါပြီ။





ချားလို့ရပါပြီ ... အဲလေ စားလို့ရပါပြီခင်ညာ။ ထုံးစံအတိုင်း ထမင်းဖြူလေးနဲ့ သူ့ချည်းလဲ ကောင်းတာပါပဲ ခင်ည။



TTSweet Blogမှ ကူးယူဖော်ပြသည်

Post a Comment

0 Comments

Close Menu