Ad Code

Responsive Advertisement

ဒီနေ့ သူငယ်ချင်းနဲ့စကားပြောရင်းနဲ့ စကားစပ်မိပြီးတော့ သူ့အမျိုးထဲက

မောင်(စွယ်စုံကျမ်း)'s photo.
ဒီနေ့ သူငယ်ချင်းနဲ့စကားပြောရင်းနဲ့ စကားစပ်မိပြီးတော့ သူ့အမျိုးထဲက ကလေးလေးတစ်ယောက်အကြောင်း ပြောဖြစ်တယ်။ အဲဒီကလေးလေးက အသက် တစ်နှစ်မပြည့်တပြည့်ပဲရှိသေးတယ်ပေါ့နော်။
သူ့ရဲ့အမေက ကလေးပြုစုစောင့်ရှောက်တာကို ကောင်းကောင်းနားမလည်၊ မလေ့လာဘူးတဲ့။ ကလေးလေးက ဟိုဟာဒီဟာ ပါးစပ်ထဲ ကောက်ထည့်ရင်လဲ ဟဲ့မထည့်ရဘူးလေဆိုပြီး ရိုက်တယ်တဲ့။ ဆူလဲဆူ ဆဲလဲဆဲတယ်တဲ့။
ကလေးက အပြင်သိပ်မသွားရလို့လား မသိဘူး လူလဲကြောက်တတ်တယ်တဲ့။
ကျွန်မ အရမ်းစိတ်မကောင်းဘူး။ ကလေးကို ဘယ်လို ပြုစုစောင့်ရှောက်ရမယ်၊ စိတ်ရောကိုယ်ပါကျန်းမာကြံ့ခိုင်တဲ့ကလေးဖြစ်ဖို့ ဘယ်လိုပြုစုရမယ်ဆိုတာ ကျွန်မလဲ အရင်ကလုံးဝ လုံးဝနားမလည်ဘူး။
ဘယ်သူမှ မွေးရာပါ မတတ်ဘူးလေနော်။ သူ့ဘဝကို အကောင်းဆုံးဖြစ်စေချင်တဲ့စိတ်နဲ့ ဘယ်လိုချစ်ပေးရမလဲ၊ ဘယ်လိုပြုစုရမလဲ၊ ဒီအချိန်ဆိုရင် သူက ဘာတွေခံစားတတ်ပြီလဲ၊ ဝမ်းနည်းတတ်ပြီလား၊ ကြောက်တတ်ပြီလား၊ သွားပေါက်တော့မှာလား၊ လမ်းလျှောက်ချင်ပြီလား စသဖြင့် Milestones လေးတွေ (တိုးတက်မှုမိုင်တိုင်လေးတွေ) သိရဖို့ စာတွေဖတ်၊ သူ့ကို ပိုနားလည်ဖို့ အမြဲကြိုးစားနေရတာ။
ချစ်တာကြောင့်က နံပါတ်တစ်။ နံပါတ်နှစ်က သူ့ကို လူ့ဘဝထဲခေါ်တာက ကိုယ်မို့လို့ အစအဆုံး ကိုယ်တာဝန်ယူပေးရမှာဖြစ်လို့ပါ။
ကျွန်မသူငယ်ချင်းက တစ်ခါတစ်လေ အဲဒီကလေးလေးကို သူလဲ ကူကြည့်ပေးပါတယ်ဆိုတာနဲ့ သူ့ကို နည်းနည်းပြောပြဖြစ်တာလေးတွေ ဒီမှာ ပြန်ပြောချင်လို့ပါ။
-----------------------------------------------
ကလေးတွေမှာ တိုးတက်မှုအဆင့်ဆင့်ရှိပါတယ်။ စိတ်ပိုင်းဆိုင်ရာ၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာပေါ့။ ခန္ဓာကိုယ်ပိုင်းကတော့ မြင်ရတယ်လေ။ ထိုင်ပြီ၊ သွားပေါက်ပြီ၊ မတ်တပ်ရပ်ပြီ စသဖြင့်ပေါ့။ စိတ်ပိုင်းဆိုင်ရာမှာလဲ ဘယ်နှစ်ပတ်ဆိုရင်တော့ မိဘကို ကောင်းကောင်းမှတ်မိပြီ။
ဘယ်လောက်ဆိုရင်တော့ မိဘအသံကို သိပြီ။ ဘယ်လောက်ဆိုရင်တော့ separation anxiety (မိဘနဲ့ခွဲရမှာ ကြောက်တဲ့စိတ်) စပြီးရှိလာပြီ စသဖြင့်ပေါ့။ ကိုယ်က လေ့လာထားမှ၊ နားလည်ထားမှ ကလေးက ဘာကြောင့် ဒီလိုဖြစ်နေတာလဲ နားလည်နိုင်မှာပါ။
တွေ့ကရာကို ပါးစပ်ထဲကောက်ထည့်တဲ့ကိစ္စ
-------------------------------------------
အပေါ်မှာပြောခဲ့တဲ့ကလေးလေးဟာ အသက်တစ်နှစ်တောင်မပြည့်သေးတဲ့အတွက် Wellness Mommy ရေးသလိုပဲ သူလုပ်သင့်မလုပ်သင့် ဘာမှ မသိသေးပါဘူး။ တွေ့ကရာကို ပါးစပ်ထဲကောက်ထည့်တာကို ကိုယ်က ရိုက်လိုက်လဲ သူအသားနာတာ
ပဲရှိမှာ။
နောက်မလုပ်ရဘူးဆိုတာ လုံးဝသိမှာမဟုတ်ပါဘူး။ မတ်တပ်ရပ်မယ်။ လဲမယ်။ ပစ္စည်းတွေ လွှင့်ပစ်မယ်။ ဆွဲချမယ်။ ဒါတွေအားလုံးဟာ သူ့တိုးတက်မှုရဲ့ တစိတ်တပိုင်းပါ။
ကလေးက အပြင်သိပ်မသွားရလို့လား မသိဘူး လူလဲကြောက်တတ်တယ်ဆိုတဲ့ကိစ္စ
-----------------------------------------------
ဒီအရွယ်ကလေးတွေဟာ သူစိမ်းကြောက်တတ်တဲ့အရွယ်ပါ။ They are still fearful of strangers လို့ စာတွေထဲမှာလဲ ရေးထားပါတယ်။ သူက ကြောက်နေတာကို အတင်းကြီး လူတောတိုးခိုင်းမယ်။
အကျင့်ပါအောင် အမေနဲ့ခဏခွဲပြီး အပြင်ကို ခေါ်သွားခိုင်းမယ် စသဖြင့် ဖိအားပေးတာ မသင့်တော်ပါဘူး။ အဲဒီလိုဖိအားပေးလို့လဲ ကြောက်တဲ့ကလေးအတွက် အကျိုးမဖြစ်ပါဘူး။
ကိုယ်က သရဲကြောက်တတ်တာကို ကိုယ့်ကို ညမှောင်မှောင်မှာ တစ်ယောက်ထဲထားခဲ့ခံရတဲ့ အဖြစ်နဲ့တူပါတယ်။ ကိုယ်ချင်းစာကြည့်ပါ။ သူနားလည်လာတဲ့အရွယ်ရောက်ရင် လူစိမ်းကြောက်တတ်တာ လျော့သွားပါလိမ့်မယ်။
နောက်တစ်ခုက ကျွန်မသူငယ်ချင်းလင်မယားတစ်တွဲမှာ နှစ်နှစ်အရွယ် သမီးလေးတစ်ယောက်ရှိပါတယ်။
သူတို့တွေ မင်္ဂလာဆောင်တစ်ခုမှာ မတွေ့တာကြာတဲ့ သူငယ်ချင်းတွေနဲ့တွေ့တော့ သူတို့သမီးလေးကို ခဏချီပါရစေလို့ပြောတာ ကလေးက မလိုက်လို့ "ဒီကောင်မလေး ပေကပ်ကပ်နဲ့ မိဘကို အရှက်ခွဲတယ်" လို့ ကျွန်မကို ပြောပြတယ်။
ကလေးက မလိုက်ချင်ဘူးဆိုရင် အတင်းမလိုက်ခိုင်းပါနဲ့။ သူနဲ့ သေချာရင်းနှီးပြီးသားလူမှ သူလိုက်ချင် လိုက်မှာပါ။
အခုပြောတဲ့ separation anxiety နဲ့ fear of strangers က မူကြိုစပို့ခံရတဲ့ကလေးတွေမှာလဲ ဖြစ်ပါတယ်။
ကလေးတွေရဲ့စိတ်ခံစားချက်ပိုင်းဆိုင်ရာကို ဂရုစိုက်တဲ့ကျောင်းတွေကတော့ (အပြင်ကျောင်းတွေ) ကလေးနဲ့ဆရာမ အတိုင်းအတာတစ်ခုလောက် ရင်းနှီးတဲ့အချိန်အထိ မိခင်ကပါ ကျောင်းလိုက်တက်လို့ရပါတယ်။
တချို့ကလေးတွေ တစ်ပတ် နှစ်ပတ်လောက် အချိန်ယူကြတယ်။ "ဆရာမက ကြောက်စရာမလိုပဲနဲ့ ဘာလို့ကြောက်နေတာလဲ
။ ပေကပ်ကပ်နဲ့ ငါရိုက်လိုက်ရ" ဆိုလို့ကတော့ ကိုယ်နားလည်သလို နားမလည်သေးတဲ့ကလေးအတွက် အဲဒီလို လုပ်ခြင်းကနေ ကောင်းကျိုး
တစ်ခုမှ မရဘူးဆိုတာ သတိထားပါ။ မကြောက်အောင် ကူညီပေးတာသာ နည်းလမ်းအမှန်ပါ။
ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ တိုးတက်မှုတွေကို ကိုယ်က နားလည်မှ အဆင်ပြေမှာပါ။ စာဖတ်ပါ။ လေ့လာပါလို့ပဲ ပြောချင်ပါတယ်။
အင်္ဂလိပ်စာ အားသန်ရင် baby centre က my baby today ဆိုတဲ့ application လေး ကောင်းပါတယ်။ နေ့တိုင်း သွားဖတ်နေလို့ရပါတယ်။ ကလေးရဲ့ မွေးနေ့နဲ့ ဖြည့်ထားရတာမို့လို့ အခုလောက်ဆို သင့်ကလေးက ဘာတွေလုပ်တတ်နေပြီ၊ ဘာတွေခံစားတတ်ပြီ၊ မိဘက ဘာတွေလုပ်ပေးသင့်ပြီ စသဖြင့် အကုန်ရေးထားပါတယ်။
မြန်မာစာပဲဖတ်နိုင်တယ်ဆိုရင်တော့ application များများစားစားမရှိသေးလို့ ကလေးဆရာဝန်တွေရေးထားတဲ့ စာအုပ်တွေ ဝယ်ဖတ်ပါ။ ဒီလိုပဲ အွန်လိုင်းမှာလဲ ရှာဖတ်ပါ။
may may မေမေ ဆိုတဲ့ application ကတော့ ကိုယ်ဝန်ဆောင်တွေ အတွက်သာမက ကလေးမွေးပြီးရင်လဲ သုံးလို့ရတယ်လို့ရေးထားပါတယ်။ ကျွန်မတော့ မသုံးဖူးပါဘူး။ စမ်းကြည့်ပါလို့ အကြံပေးချင်ပါတယ်။
ချစ်ခြင်းမေတ္တာ၊ နားလည်ခြင်းနဲ့ ပြည့်ဝသော မိဘများဖြစ်ကြပါစေ။
Credit to Jessica_M
Credit to  မောင်(စွယ်စုံကျမ်း)

Post a Comment

0 Comments

Close Menu