Ad Code

Responsive Advertisement

Basic Sentence Patterns (1) (အခြေခံဝါကျပုံစံများ) by Sayar WinNaingOo

Win Naing Oo's photo.

Basic Sentence Patterns (1) (အခြေခံဝါကျပုံစံများ)
==========================
ဝါကျတွေကို တည်ဆောက်ဖို့က မည်သည့်ဝါကျမဆို အနည်းဆုံး Subject ကတ္တားတစ်ခုနဲ့ Verb ကြိယာတစ်ခု လိုပါတယ် ၊ ဒါက လုံးဝ အခြေခံအကျဆုံးပါ ၊ သူတို့ နှစ်ခုတည်းနဲ့ အဓိပ္ပါယ် ပြည့်စုံသွားတာလေးရှိတယ် ၊ အဲဒါက ၀ါကျဖြစ်သွားပါတယ် ၊ မပြည့်စုံတာတွေကိုတော့ အချက်အလက်တွေ ဖြည့်ရင်း ဖြည့်ရင်းနဲ့ နောက်ဝါကျပုံစံတွေ ပွားလာတော့တာပါပဲ ။ အဓိပ္ပါယ်ပြည့်စုံသွားတဲ့ ၀ါကျပုံစံလေးကို ကြည့်ကြပါစို့
.
1. Subject + Verb ( S+V )
.
ဝါကျတစ်ခုရဲ့ အနည်းဆုံးလိုအပ်ချက် ဖြစ်တာကြောင့် ၊ တိုစိတိုစိ လေးတွေ ဖြစ်နေမယ် ၊ ရိုးရှင်းတဲ့ဝါကျ ( Simple Sentence ) လေးတွေလည်း ဖြစ်ပါတယ် ၊
(1.1) Subject ဟာ Noun နာမ်ပုဒ်ဖြစ်ရမယ် ၊ သက်ရှိ ဖြစ်စေ သက်မဲ့ ဖြစ်စေ အတွေးပဲ ဖြစ်စေ အလုပ်ပဲ ဖြစ်စေ နာမည်တပ်လို့ရလျင် နာမ်ပဲ ဖြစ်တယ် ..
JOE swims. ဂျိုး ရေကူးတယ် (Joe ဆိုတာ နာမည်လေ)
.
(1.2) Subject ဟာ နာမ်စား (Pronoun) လည်း ဖြစ်နိုင်တယ် ၊ နာမ်ရဲ့ အစားသုံးလို့ နာမ်စားလို့ ခေါ်ပါတယ် ..
I swim. ကျနော်ရေကူးတယ် ( ကျနော် “I”ဆိုတာက ဟိုလူ ဒီလူ မည်သူ့ကိုမဆို ကိုယ်စားပြုနိုင်လို့ နာမ်စားဖြစ်ပါတယ်
.
(1.3) Noun Phrase နာမ်စကားစု လည်း ဖြစ်နိုင်တယ် ၊ Noun တစ်ခုဟာ သူ့ကို အထူးပြုတာတွေနဲ့ပေါင်းပြီး စကားစု Noun Phrase လည်း ဖြစ်သွားနိုင်တယ်
OUR EMPLOYEES work. ကျနော်တို့ဝန်ထမ်းတွေ အလုပ်လုပ်ကြတယ်
THE YOUNG BOYS come. လူငယ်လေးတွေ လာကြတယ်
.
(1.4) Verb ကြိယာဟာ Subject ကတ္တားနဲ့ အနည်းအများတူရမယ်
She sleeps. သူမအိပ်တယ် ( She က အနည်းမို့လို့ sleep မှာ အနည်းဖြစ်အောင် “s” ပေါင်းလိုက်တယ် )
Babies cry. ကလေးတွေ ငိုတယ် ( Babies က အများမို့လို့ cry ကို ဒီအတိုင်း အများအတိုင်းထားတယ် )
ကြိယာတိုင်းကို “s” ပေါင်းတာနဲ့ အနည်းကိန်းဖြစ်တာတော့ မဟုတ်ပါဘူး ၊ ကတ္တားနဲ့ကြိယာ ညီညွတ်ရမယ့် သဘောကို သီးခြားလေ့လာလိုက်ပါ
** ဒီမှာသုံးတဲ့ Verb တွေဟာ
.
(a) ပြုလုပ်ခြင်းကိုခံရတဲ့ ကံပုဒ်မလိုတဲ့ ကြိယာ (intransitive verb) တွေ ဖြစ်ရမယ် ၊ swim ရေကူးတယ် ၊ sleep အိပ်တယ် ၊ sit ထိုင်တယ် စတဲ့ ကြိယာတွေမှာ ပြုလုပ်ခြင်းကို ခံရတဲ့သူမရှိဘူးလို့ ဆိုလိုတယ် ၊
( ဥပမာ Kick ကန်သည်ဆိုပါစို့ ဘာကိုကန်တာလဲ ခွေးကိုလား ဘောလုံးကိုလား ကန်ခြင်းခံရတဲ့အရာတစ်ခုလိုတယ် ၊ အဲလိုမျိုး ကြိယာတွေကို အခုပုံစံမှာ မသုံးဘူး ၊ ဒီဝါကျတွေကို အချက်အလက်ပိုပြည့်စုံအောင် ဖြည့်မယ်ဆိုလည်း အခြားအချက်တွေပဲ ဖြည့်ရမှာဖြစ်ပါတယ်)
.
(b) လုပ်ဆောင်ခြင်း action တစ်ခုခုကို လုပ်တဲ့ (action verb) လှုပ်ရှားမှုပြ ကြိယာတွေ ဖြစ်ရမယ် ၊ swim ရေကူးတယ်ဆိုတော့ လှုပ်ရှားလုပ်ဆောင်ရတဲ့ သဘောရှိတယ် မဟုတ်လား..
(ခံစားမှုတွေ ၊ ယုံကြည်မှုတွေ ၊ အတွေ့အထိတွေ ၊ တုန့်ပြန်မှုတွေ ၊ ပိုင်ဆိုင်မှုတွေ စသည်ဖြင့် အဲလိုမျိုး ကြိယာတွေကတော့ အငြိမ်ကြိယာ (stative verb) တွေလို့ခေါ်တယ် ၊ အခုဒီပုံစံမှာ မသုံးဘူး ၊ ဥပမာ doubt, believe, hear, smell, deny, impress, surprise, need, own စသည်ဖြင့်အများကြီး ရှိသေးတယ် ၊ သီးသန့်လူကကြိုးစားပြီး လုပ်ယူရတဲ့အလုပ် မဟုတ်တာတွေပေါ့..)
.
(1.5) ၀ါကျရဲ့ Tense ကိုပြောင်းချင်တဲ့အခါ ဖြစ်စေ အဓိပ္ပါယ်ပြောင်းချင်တဲ့အခါ ဖြစ်စေ verb ကို လိုအပ်သလိုပြောင်းပေးရမယ် ၊ အဓိကကြိယာ Main verb တစ်ခုတည်း ဖြစ်နိုင်သလို ၊ အကူကြိယာ+ အဓိကကြိယာ ( Auxiliary verb + Main verb) လည်း ဖြစ်နိုင်ပါတယ်
I swam. ကျနော်ရေကူးခဲ့တယ်
I have arrived. ကျနော်ရောက်ပြီ
She is coming. သူမလာနေတယ်
He will come. သူလာမယ်
I can swim. ကျနော်ရေကူးနိုင်တယ်
ဝါကျတွေကတော့ ဒီလောက်ပါပဲ ၊ ဒါပေမယ့် သဘောတရားလေးနည်းနည်းတော့ မှတ်လိုက်ပါဦး ၊ သေချာမှတ်လိုက်ပါ ..
.
Verb (ကြိယာ) ဆိုတာက
..လုပ်ဆောင်မှု action တစ်ခုခုကိုပြတာ ( read, walk.. စသည်)
.. ဖြစ်ပွားတာ ပေါ်ပေါက်တာ တစ်ခုခုကိုပြတာ ( happen, become .. စသည်)
.. ရှိနေ ဖြစ်နေတာကို ပြတာ ( be, exit, stand.. စသည်) တို့ကို ဖေါ်ပြတဲ့ စကားလုံး ဖြစ်တယ်
.
Subject (ကတ္တား) ဆိုတာက
… Verb (ကြိယာ) က ဖေါ်ပြတဲ့ လုပ်ဆောင်မှု action ကို လုပ်တဲ့သူ ၊ အရာဝတ္ထု ..စသည်
… သူ့အကြောင်းကို ပြောပြခြင်းခံရသူ လူ (သို့) အရာဝတ္ထု ၊ အကြောင်းအရာ ( a person or thing that is being discussed, described ) .. စသည် ..
.
(ဒီ ဒုတိယ ဖွင့်ဆိုချက်ကို ဆရာကြီးဦးသာနိုးရဲ့ English the easy way စာအုပ်မှာလည်း တွေ့ဖူးခဲ့ပါတယ် ၊ Subject ဟာ ပြုလုပ်သူလို့ တစ်ခုတည်း မှတ်ထားလျင် နောက်ပိုင်းမှာ အံမ၀င်တာတွေ တွေ့လာနိုင်လို့ တိုးချဲ့ မှတ်ဖို့ အကြံပြုတာ ဖြစ်ပါတယ် ၊ ရှေးဆရာများရဲ့ သတ်မှတ်ချက်ကို လွန်ဆန်တာ မဟုတ်ပါ ၊ တိုးချဲ့မှတ်သားလိုက်တာသာ ဖြစ်ပါတယ်)
.
မေတ္တာဖြင့်


ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။ ( ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ)

Post a Comment

0 Comments

Close Menu