Ad Code

Responsive Advertisement

သမ္မတ ဦးသိန်းစိန်အား အမေရိကန် တရားရုံးက ဆင့်ခေါ်

၂၀၁၂ စက်တင်ဘာတွင် ကုလသမဂ္ဂတွင် မိန့်ခွန်း ဖတ်ကြားနေသော သမ္မတ ဦးသိန်းစိန် (ဓာတ်ပုံ – Reuters)

သမ္မတ ဦးသိန်းစိန်နှင့် ၎င်း၏ ၀န်ကြီး အများ အပြားကို နယူးယောက်မြို့ရှိ အမေရိကန် ဖက်ဒရယ် တရားရုံး တရုံးမှ သမ္မာန်စာ ထုတ်ခဲ့ သည်ဟု သိရသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ကိုယ့်ကိုယ် ကိုယ် ရိုဟင်ဂျာဟု ခေါ်ပြီး အစိုးရက ဘင်ဂါလီဟု အသိအမှတ် ပြုထားသော မွတ်စလင်များ အပေါ် လူ့အခွင့် အရေး ချိုးဖောက်မှုများ ရှိခဲ့သည် ဆိုသည့် စွပ်စွဲချက်ဖြင့် ဆင့်ခေါ်ခြင်း ဖြစ်သည်။

နယူးယောက် တောင်ပိုင်း ခရိုင် အမေရိကန် ဖက်ဒရယ် တရားရုံးတွင် အမေရိကန် မွတ်စလင် အဖွဲ့အစည်း ၁၉ ခု ပါဝင် ပူးပေါင်း ထားသည့် Burma Task Force USA (BTF) က တရားစွဲဆို ခဲ့သောကြောင့် ထိုသို့ဆင့်ခေါ် ခဲ့ခြင်းဖြစ်သည်။

သမ္မတ ဦးသိန်းစိန်နှင့် ၎င်း၏၀န်ကြီး များက နယူးယောက်တွင် ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံ အကြိမ် ၇၀ မြောက် နှစ်ပတ်လည် အစည်း အဝေးသို့ တက်ရောက်ရန် စီစဉ်ထားပြီး ဖြစ်သည်။ မြန်မာနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏ မောင်လွင်က အောက်တိုဘာလ ၂ရက်နေ့ ၌ နယူးယောက်မြို့တွင် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီနှင့် တွေ့ဆုံရန် စီစဉ်ထားသည်။

အဆိုပါ မဟာမိတ် အဖွဲ့က မြန်မာနိုင်ငံတွင် နေထိုင် ခဲ့စဉ်က နှိပ်စက်မှုများ၊ ခွဲခြား ဆက်ဆံ မှုများနှင့် ကြုံတွေ့ခဲ့ပြီး ၎င်းတို့၏ မိသားစုများနှင့် အတူ နေအိမ်ကို စွန့်ခွာခဲ့ရ၍ လက်ရှိတွင် အမေရိကန်၌ ခိုလှုံနေသော ဒုက္ခသည် ၃ ယောက်၏ ကိုယ်စား တရား စွဲဆိုခြင်းဖြစ်ပြီး နစ်နာကြေးနှင့် ထိုက်သင့်သော ပြစ်ဒဏ် ချမှတ်ရန် ဖြစ်သည်။

သမ္မတ ဦးသိန်းစိန်အား လူ့အခွင့်အရေး ချိုးဖောက်ခြင်း၊ တရားလွတ် သတ်ဖြတ်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ စိတ်ပိုင်း ဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ အရ ထိခိုက် နစ်နာမှုဖြစ်စေခြင်း စသည်တို့ အတွက် Alien Tort Claims Act (ATCA) (နိုင်ငံခြားသားများ အမေရိကန် ပြင်ပတွင် လူ့အခွင့်အရေး ချိုးဖောက် ခံရခြင်းကို ဖြေရှင်းပေးသည့် ဥပဒေ) နှင့် Torture Victim Protection Act (TVPA) (နှိပ်စက် ညှဉ်းပန်း ခံရသူများကို ကာကွယ်ပေးသည့် ဥပဒေ) စသည့် ပုဒ်မများ ဖြင့် တရားစွဲဆို ထားခြင်းဖြစ်သည်။

“မီဒီယာ အများစုက ဆီးရီးယား ဒုက္ခသည်တွေ အကြောင်းကို အလေးပေး ဖော်ပြနေကြတယ်။ ဒါပေမယ့် နှိပ်စက် ညှဉ်းပမ်းမှု တွေကြောင့် မြန်မာနိုင်ငံက ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ဘယ်နှသိန်း လောက်ရှိပြီလဲ”ဟု Burma Task Force USA အဖွဲ့အား ထောက်ခံသူ တဦးဖြစ်သော Muslim Peace Coalitionအဖွဲ့မှ Shaik Ubaid က မေးခွန်း ထုတ်လိုက်သည်။

“မြန်မာနိုင်ငံ လူဦးရေရဲ့ အစိတ်အပိုင်း တခုက နိုင်ငံမဲ့နေတဲ့ သူတွေ ဖြစ်နေတဲ့ အချိန်မှာ ကုလသမဂ္ဂရဲ့ ဖွံ့ဖြိုးရေး အစီ အစဉ် တွေက ထိရောက်မှု မရှိခဲ့ပါဘူး။ ငြိမ်းချမ်းတဲ့ အနာဂတ် တခုဖြစ်ဖို့ဆိုတာ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်ခြင်းနဲ့ အကြောက်တရားနဲ့ အုပ်ချုပ်မှုတွေကို ပယ်ဖျက်နိုင်ခြင်း အပေါ်မှာ မူတည်နေ ပါတယ်”ဟု နယူးယောက်မြို့ရှိ Burma Task Force USA ၏ ဒါရိုက်တာ Adem Carroll ကပြောသည်။

လူ့အခွင့်အရေး ချိုးဖောက်ခြင်းနှင့် ပတ်သတ်၍ နိုင်ငံအကြီးအကဲ တဦးအား အမေရိကန် တရားရုံးမှ သမ္မာန်ထုတ်ခြင်း သည် ယခုတကြိမ်က ပထမဆုံး မဟုတ်ပါ။ လွန်ခဲ့သည့် ၂နှစ်က လက်ရှိ အိန္ဒိယ ၀န်ကြီးချုပ် Nerendra Modi နှင့် ၀န်ကြီးချုပ်ဟောင်း Manmohan Singh တို့ကိုလည်း သမ္မာန်စာ ထုတ်ခဲ့သည်။ အဆိုပါ အမှု ၂ လုံးတွင် ၎င်းတို့က နိုင်ငံအကြီး အကဲများ ဖြစ်နေသည့် အတွက် အမေရိကန် တရားရုံးမှ တရားစွဲဆို၍ မရကြောင်း အမေရိကန် အစိုးရက တရားရုံး များကို ပြောခဲ့သည်။

ယခုကိစ္စ တွင်လည်း အမေရိကန် နိုင်ငံရေးဝ န်ကြီးဌာနက အလားတူ ဆောင်ရွက် လိမ့်မည်ဟု မျှော်လင့်ရပါသည်။

ဧရာဝတီ-သတင်းဋ္ဌာန by Hsu Wai Linn

Original link - http://burma.irrawaddy.org/human-rights/2015/10/02/95984.html

Post a Comment

0 Comments

Close Menu