Ad Code

Responsive Advertisement

အသက်ရှူ လမ်းကြောင်းထဲက အကာအကွယ်ပေးတဲ့ အညစ်အကြေးတွေ


နှပ်ချေး မည်းမည်းတွေက နှာခေါင်းထဲမှာ ဖုံတွေ ရှိနေတဲ့ သင်္ကေတပေါ့

လူ့ခန္ဓာကိုယ် ဆိုတာ အညစ်အကြေး ပေါင်းစုံ ထုတ်လုပ်ရာ စက်ရုံကြီးပဲလို့ သိပ္ပံပညာ အရ၊ တရားသဘော အရ ပြောနေကြ ပေမယ့် အဲဒီ အစိုင် အခဲကြီးကိုပဲ နှစ်လိုမက်မော နေကြ တာ မျိုး ပေါ့။ ကိုယ့်ခန္ဓာကိုယ် မက်မောတယ်၊ တခြားသော သူတွေရဲ့ ရှိုက်ဖိုကြီးငယ် အသွယ် သွယ်ကို မက်မောတယ်။ ထွေးပွေ့ နမ်းရှုံ့နေတဲ့ အစိတ်အပိုင်းတွေက အညစ်အကြေးစုံကို သတိလွတ် နေကြတော့တာပေါ့။ ရှိရှိ သမျှ ဒွာရ ပေါင်းစုံက စီးယိုစိမ့်ကျနေတဲ့ စွန့်ပစ် ပစ္စည်းတွေ အထဲမှာ အသက်ရှူ လမ်းကြောင်းကလည်း နှာရည် တို့၊ ချွဲသလိပ်တို့ ဆိုတာတွေ ထွက်ကုန် ပစ္စည်း ဖြစ်နေတာပေါ့။ အဲဒီ ချွဲသလိပ်တွေနဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း ရွံစရာလေးတွေကို ဗဟုသုတ ဝေမျှချင်လာလို့ပါ။ 

ချွဲသလိပ် ဆိုတာ ဘာတွေလဲ 

လူဆိုတာ ဖုန်တွေ၊ အမှုန်တွေနဲ့ တခြား ပတ်ဝန်းကျင် လေထုထဲက အရာတွေ ရှူနေရတာပါ။ သလိပ် ခေါ် တဲ့ အချွဲက အဲဒါတွေကို ထောင်ချောက် အဖြစ် ဖမ်းတာပေါ့။ နှာခေါင်းထဲမှာ ရှိတဲ့ အမွေး အမျှင် သေးသေးလေးတွေက အဲဒီ ဖုန်နဲ့ ချွဲအစိုင်အခဲကို နှာခေါင်းဝကို၊ ဒါမှမဟုတ် လည်ချောင်းနောက် ကို ရွေ့လျားစေတာပေါ့။ အဲဒီ နှပ်ချေးခေါ် သလိပ်မှာ အချွဲတွေ၊ ဖုန်တွေနဲ့ တခြားအရာတွေ ရောနေတာပါ။ 

နှာရည် ဒါမှမဟုတ် ချွဲသလိပ် တနေ့  ဘယ်လောက် ထွက်တတ်သလဲ 

နှာခေါင်းက ချွဲသလိပ် လုပ်တဲ့ စက်ရုံပါပဲ။ တနေ့မှာ တလီတာ နီးပါးလောက် ထွက်လေ့ရှိပါ သတဲ့။ အများစုကိုလည်း မျိုချ မိလိုက်တာ များပါသတဲ့။ သတိ မထားမိဘဲ ထွေးထုတ်မိတာ၊ မျိုချမိတာတွေပေါ့။ တခါတလေတော့လည်း အဲဒီ ချွဲတွေက ထူပျစ်ပြီး လည်ချောင်းထဲ ဆို့နေတတ် ပြန်ပါတယ်။ အဲဒီကနေ လည်ချောင်းထဲ ဆက်ဆင်းသွားတာမျိုး (Post nasal drip) ဆိုတာမျိုးလည်း ရှိလေရဲ့။ 

နှပ်ချေးက ဘာလုပ်သလဲ 

နှာခေါင်းထဲရှိတဲ့ နှပ်တွေက ခန္ဓာကိုယ် အတွက် ဒိုင်းလို ကာကွယ်ပေးတာတွေ ပေါ့။ ရှူရှိုက်မိသမျှ ဖုန်တွေ၊ အမှုန်တွေနဲ့ အန္တရာယ် ဖြစ်စေတာတွေကို အဆုတ်ထဲ မရောက်စေဖို့ ကာကွယ်တာပါ။ အဆုတ်ထဲ အဲဒါတွေ ရောက်ရင် ရောဂါပိုး ကူးစက်တာ၊ အဆုတ်မှာ ပိတ်ဆို့ပြီး အသက်ရှူ ကျပ်တာတွေ ဖြစ်စေတာ မို့ နှာခေါင်းထဲက ချွဲ နှပ်တွေက ကာကွယ်ပေး တာပါ။ 

နွားနို့သောက်ရင် ချွဲထသလား 

တချို့က အယူမှားတတ်တာပါ။ အအေးမိချိန်တွေမှာ နို့သောက်မိရင် ချွဲတွေ ပိုထွက်သလို ထင်တတ်ကြ တာပါ။ တကယ်တော့ မဟုတ်ပါဘူး။ အရည်တွေ များများသောက်တာက အအေးမိ နှာစေးနေချိန်တွေမှာ ပိုပြီးတော့ နေရထိုင်ရ သက်သာစေပါတယ်။ 

ချွဲသလိပ်က နှာခေါင်း တခုမှာသာရှိတာလား 

ချွဲသလိပ် ဆိုရင် နှာခေါင်းကိုသာ တွေးမိကြတာကိုး။ တကယ်တော့ အစာအိမ်၊ အူ၊ ပါးစပ်နဲ့ အဆုတ်တွေ မှာလည်း ချွဲ ရှိနေတာပါ။ အဲဒီ အလွှာပါးလေးက ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ စိုစွတ်ဖို့နဲ့ အကာအကွယ် အဖြစ် တာဝန်ယူကြ တာပါ။ 

သားအိမ်ထဲက ချွဲ 

အမျိုးသမီးတယောက် ကိုယ်ဝန်ဆောင်ရင် ခပ်ပျစ်ပျစ် ချွဲတွေက ကလေးမွေးဖွားလာမယ့် သားအိမ်ဝမှာ ကလေးကို ကာကွယ်ဖို့ ပိတ်ဆို့ တားဆီးပေး ထားပါတယ်။ မွေးဖွားချိန်ကျလာတဲ့ အခါမှာ သားအိမ်ဝ ပွင့်လာရင်တော့ အဲဒီ ချွဲတွေက အရင် အရည်အဖြစ် ဆင်းကျလာတာပေါ့။ 

လည်ချောင်းထဲက ချွဲထလာရင် 

ပူရှိန်း (Peppermint) တွေက ခံတွင်းအနံ့ဆိုး သက်သာစေဖို့သာ မဟုတ်ပါဘူး။ ပူရှိန်းတွေမှာ အဓိက ပါဝင်တဲ့ မင်သာ် (Menthol) က ချွဲတွေလျော့ပါး စေပါတယ်။ လည်ချောင်းနာတာလည်း သက်သာစေ ပါတယ်။ 

နှပ်ချေး အစိမ်း၊ အဝါတွေထွက်ရင် ရောဂါဖြစ်ပြီလား 

ပုံမှန်အားဖြင့်တော့ နှာရည်က ကြည်လင်နေတတ် တာပါ။ ရောဂါပိုး ဝင်ရောက်လာတဲ့ အခါ သွေးဖြူဥတွေ က တိုက်ထုတ်တဲ့ လက်နက် အဖြစ် သုံးတဲ့ အင်ဇိုင်းတွေ၊ ပရိုတင်းတွေနဲ့ တွေ့တော့ ချွဲသလိပ်တွေ စိမ်းကြ၊ ဝါကြတာပေါ့။ ဒါပေမယ့် အဲဒီ သွေးဖြူဥတွေက အမြဲရှိနေတာမို့ နာဖျား မကျန်း မဖြစ်လည်း နှာရည်ချွဲ သလိပ်က စိမ်းတတ် ပါတယ်။ 

နှပ်ချေး မည်းမည်းတွေက နှာခေါင်းထဲမှာ ဖုံတွေ ရှိနေတဲ့ သင်္ကေတပေါ့။ နီကျင်ကျင်၊ ညိုတိုတို အရောင်တွေ ကတော့ သွေးကြောလေးတွေ ပေါက်ပြဲတာကနေ ဖြစ်တတ်ပါတယ်။ သွေးအနည်းအကျဉ်း နှာခေါင်းက ယိုကျတာ ပြဿနာ မဟုတ်ပေမယ့် ရပ်မနေရင်၊ များလွန်းရင်တော့ ဆရာဝန်နဲ့ ပြမှ အဆင်ပြေမှာပါ။ 

ရာသီဥတု အေးတဲ့ နေ့တွေမှာ 


အေးတဲ့နေ့တွေမှာ တစ်ရှုးလေးတွေ ဆောင်ထားသင့် ပါတယ်။ နှာခေါင်းက အေးမြတဲ့ လေ ကို နွေးအောင်ပြုပြင်လေ့ ရှိပါတယ်။ နှာခေါင်းထဲက သွေးကြောငယ်လေးတွေ က သွေးစီးဆင်း မှု ကောင်းအောင် ကျယ်လာရပါတယ်။ အဲဒီအခါ နှာရည်တွေ၊ ချွဲတွေ ပိုများလာပါတော့တယ်။ အဲသလို များတာကလည်း လေအေးတွေ အဆုတ်ထဲ မရောက်မီ နွေးထွေးအောင် လုပ်တဲ့ သဘောပါ။ 

ဆေးတွေသောက်ရင် နှာရည်၊ သလိပ်တွေ များတာ သက်သာစေသလား 

သက်သာစေပါတယ်။ အအေးမိတဲ့ အခါတွေမှာ အဆုတ်ထဲ သလိပ်တွေ များလာစေ ပါတယ်။ Expectorant ခေါ်တဲ့ ချောင်းဆိုး ပျောက်ဆေးတွေက ချွဲတွေ ကျဲပါးစေပြီး အပြင်ကို ဟပ်ထုတ်ဖို့ လွယ်စေ တာပေါ့။ သာမန် ချောင်းဆိုး ပျောက်ဆေး တွေကတော့ ချွဲတွေ မပျော်စေဘဲ ချောင်းဆိုးသက်သာရုံသာ လုပ်ပေးတတ်ကြပါတယ်။ 

ကိုယ့် ခန္ဓာကိုယ်ရဲ့ ဘေးထွက်ပစ္စည်း နှပ်ချေးနဲ့ သလိပ်တွေ အကြောင်းကို သဘောပေါက်ရုံလောက်တော့ သိကောင်းမယ် ထင်ပါရဲ့။ ဗဟုသုတ အဖြစ်နဲ့ ပြောဆိုလို့ ရမယ် ထင်ပါတယ်။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး သိတန်သလောက် သိထားတာကလည်း အကျိုးမဲ့တော့ ဖြစ်မယ် မထင်ပါဘူး။ ကြုံတွေ့ရတဲ့ အခြေ အနေတွေ ကို ချင့်ချိန်ဖို့ အထောက်အကူ ရမယ်လို့ မျှော်လင့်မိပါရဲ့။ ။ 

The post အသက်ရှူ လမ်းကြောင်းထဲက အကာအကွယ်ပေးတဲ့ အညစ်အကြေးတွေ appeared first on ဧရာဝတီ.
-------------------------------------- 
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.comFacebook Page Twitter Google+ မှ ကူးယူဖော်ပြသည်။

အဆင်ပြေပါစေ
ကျိုက္ခမီသား လင်းနိုင်ဦး

Post a Comment

0 Comments

Close Menu