Monday, December 28, 2015

အမှန်တရားက ပြတင်းပေါက်ကခုန်ဆင်း သွားပြီလား

လပေါင်းများစွာ လိပ်ခဲ တည်းလည်းဖြစ်နေ ရတဲ့ လိပ်ကျွန်းအမှု စီရင်ချက်ကတော့ ကျွန်မတို့ မြန်မာ ပြည်သူပြည်သားတွေအတွက် ငယ်ထိပ်မြွေပေါက် လိုက်တာပါပဲ။ မြွေမှ ရိုးရိုးမြွေ မဟုတ်ဘူး။ အဆိပ်ပြင်းတဲ့မြွေပါ။
ကြားလည်းကြားဖူးခဲ့တယ်။ စာတွေထဲမှာလည်း ဖတ်ဖူးခဲ့ တယ်။ ‘ငွေကြေးက အိမ်ရှေ့က ဝင်လာတဲ့အခါ အမှန်တရားက ပြတင်းပေါက်ကခုန်ဆင်းသွား တယ်’ဆိုလား။ ဒီအဆိုအမိန့် ကလေးက နှစ်တွေဘယ်လောက် ပဲကြာကြာ၊ မပြောင်းလဲတော့တဲ့ အမှန်တရားတစ်ရပ်များဖြစ်နေ လေတော့သလားပဲ။ အခုအမှု ကိစ္စကတော့ ငွေကြေးတစ်ခုတည်းကြောင့်တော့မဟုတ်လောက်။ ငွေကြေးထက်အရေးကြီးတာက ဂုဏ်သိက္ခာ။ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးရဲ့ဂုဏ်သိက္ခာ။ အဲဒီဂုဏ်သိက္ခာအတွက် ပေးဆပ် လိုက်ရတာက အပြစ်မဲ့တဲ့ မြန်မာ လူငယ်လေးနှစ်ယောက်တဲ့။
ကြာခဲ့ပါပြီ။ ကျွန်မတို့ပြည် သူတွေ နှစ်ပေါင်းများစွာဆင်းရဲ ကျပ်တည်းနေခဲ့ရတာ။ ဘဝတွေ မွန်းကျပ်ခဲ့ရတာ။ ကောင်းကောင်းမနေရ၊ ကောင်းကောင်းမစားရ၊ ကောင်းကောင်းမရှင်သန်ကြရတဲ့ ဘဝတွေအတွက် ထွက်ပေါက်က တော့ လူငယ်လူရွယ်လေးတွေ ပါပဲ။ သူတို့လို အရွယ်ကောင်း လေးတွေက ထွက်ပေါက်ရှာကြ တာ၊ စွန့်စားခဲ့ကြရတာ၊ အေဘီ စီဒီ (A,B,C,D) မတတ်ဘဲနဲ့ နိုင်ငံ ခြားကိုဝင်ခဲ့ကြတာ။ အများစုကအခြေခံအလုပ်တွေ လုပ်ကြရတာပါ။ အခေါ်အဝေါ်လေးကတော့ သင်းပါရဲ့။ ရွှေ့ပြောင်းလုပ်သား  တွေတဲ့။
အိမ်ထောင်မကျမချင်း မိဘ ရဲ့ရင်ခွင်ထဲမှာ ရင်အုပ်မကွာ အတူနေတတ်ကြတဲ့ မြန်မာ့ဓလေ့ စရိုက်တွေကို ရိုက်ချိုးပြီး မိသားစု အတွက်၊ ဘဝရပ်တည်ရေးခိုင်မာ ဖို့အတွက်၊ ဝမ်းရေးအတွက် နိုင်ငံ ရပ်ခြားကိုထွက်လာခဲ့ကြရတာ ပျော်လို့မှမဟုတ်တာ။ မွန်ပြည် နယ်၊ ကရင်ပြည်နယ်ဆိုတာ မြဝတီနယ်စပ်နဲ့နီးတော့ လူငယ်၊ လူရွယ်မှန်သမျှ ထိုင်းကိုသွား လိုက်ကြတာသောက်သောက်လဲ။ရွာတွေမှာ လုလင်ပျို၊ လုံမပျိုတွေ မရှိသလောက်ပါပဲ။ အိမ်ထောင်စု တစ်စုမှာ နှစ်ယောက်လောက်က ထိုင်းမှာရှိနေကြတယ်။ ကျေးရွာ လို့သာပြောတာပါ။ တစ်အိမ်လုံး မှာ ခေတ်မီတဲ့အသုံးအဆောင် ပစ္စည်းတွေချည်းပဲ။
အရွယ်ရောက်ပြီဆိုတာနဲ့ ကျောင်းကထွက်ပြီး ထိုင်းမှာ ရောက်နေတဲ့အစ်ကိုတွေ၊ အစ်မ တွေဆီသွားကြတော့တာ။ အနည်းဆုံးလစာကစားသောက်ဆိုင် စားပွဲထိုးဆိုရင်ပဲ စရိတ်ငြိမ်းတယ်လေ။ ရွာက မိဘတွေကိုပြန်ထောက်ပံ့နိုင်တယ်။ မိဘတွေက သားသမီးတွေပေးတဲ့ငွေနဲ့ လယ်လေးယာ လေးလုပ်၊ ခြံလေးစိုက်၊ဒီလိုနဲ့ ဘဝလေးတွေ မယိုင်လဲသွား အောင် ထိန်းထားကြတာ။
အရွယ်ရောက်တာနဲ့ ကျောင်းထွက်ကြတော့ အတန်းပညာက လည်း မတော်တခေါက်ပေါ့။ လေးတန်းနဲ့ပြီး၊ ရှစ်တန်းနဲ့ပြီး၊ ကိုယ့် ဘာသာပဲကျောင်းတွေစောစော စီးစီး ပြီးပစ်လိုက်ကြတာ။ သူတို့ တွေကို ပညာမသင်ချင်ဘူးလား လို့မေးကြည်။ ဘဝပေးအသိတွေ နဲ့ပဲ ပညာတွေတတ်မြောက်နေ လေတော့သလားတော့မသိ။ သူတို့ဖြေကြတာက မသင်ချင် တော့ဘူးတဲ့။ သူတို့ရဲ့ဆင်းရဲတဲ့ ဘဝကိုလည်း မလိုချင်တော့ဘူး တဲ့။ မိဘတွေကိုလည်း ဆင်းဆင်း ရဲရဲမဖြစ်စေချင်ဘူးတဲ့။ သူတို့ လည်း ဆင်းဆင်းရဲရဲမနေနိုင်ဘူး တဲ့။ မှတ်ကရော။ ဘယ်လိုလုပ်ပြီး ပညာနဲ့ဆွဲဆောင်မလဲ။ ဘယ်လို နှလုံးသားနဲ့ ကျောင်းတက်ပါလို့ အတင်းတိုက်တွန်းရက်ပါ့မလဲ။ ကျောင်းဆက်တက်တော့ ပညာ တတ်ကြီးဖြစ်တာပေါ့လို့ပြောရင် ဟာသတစ်ပုဒ်ကိုကြားလိုက် ရသလို မထိတထိအပြုံးနဲ့ ကိုယ့် ကိုပြုံးပြလိမ့်ဦးမှာ။ အဲဒါ နိုင်ငံရဲ့ မျိုးဆက်။ ကျွန်မတို့ရဲ့မျိုးဆက်။ အနာဂတ်ရဲ့သားကောင်းရတနာ တွေပါ။
အခု ကလေးနှစ်ယောက်က တော့ ရခိုင်ပြည်နယ်က။ ရခိုင်ပြည်ဆိုတာ သဘာဝအလှအပတရား တွေနဲ့ ရှုမောမဆုံးသာယာလှတဲ့ ပြည်နယ်။ သဘာဝကပေးတဲ့လက် ဆောင်ရေ၊ မြေ၊ လေ၊ တော၊ တောင်စိမ့်စမ်းတွေနဲ့ တောအထပ်ထပ် တောင်အထပ်ထပ်နေချင် စဖွယ်ကောင်းတဲ့ဒေသ။ အဲဒီဒေသမှာ အဓိကစီးပွားရေးလုပ်ငန်းက ရေလုပ်ငန်း။ ရေထွက်ကုန်တွေပေါများချက်က ဒေသချင်း အနီးစပ်ဆုံး ဘင်္ဂလားဒေ့ရှ်ကို အများဆုံးရောင်းချနေကြရတာ။ မြေတွေပေါ၊ သဘာဝထွက်ကုန် တွေ ပေါပါလျက်နဲ့ လန်းပမ်း ဆက်သွယ်ရေးခက်ခဲ၊ လျှပ်စစ်မီး လည်းမရှိကြတော့ ကုန်ချောစက် ရုံတွေကမရှိ လူငယ်လူရွယ်တွေ အတွက် အလုပ်အကိုင်အခွင့် အလမ်းကမရှိ။ နိုင်ငံရဲ့ဖွံ့ဖြိုးမှု အနည်းဆုံးပြည်နယ်နှစ်ခုအနက် တစ်ခုဖြစ်နေလေတော့ လူငယ် လေးတွေက ရေကြည်ရာမြက်နု ရာစီးပွားရှာကြ။ မိဘရင်ခွင်ထဲက ထွက်ခွာကြ။
သာယာနေပျော်စရာကောင်းတဲ့သူတို့ရဲ့ဒေသမှာ မလေးရှား လို၊ ထိုင်းလို၊ စင်ကာပူလို ကုန်ချောစက်ရုံတွေရှိကြည့်ပါလား။ ရေခြားမြေခြား၊ တိုင်းတစ်ပါးကိုသွားဖို့ဆိုတာ စိတ်ကူးထဲတောင် ထည့်ကြမှာမဟုတ်ဘူး။ ဘယ် လောက်ပဲတိုးတက်ခေတ်မီနေပါစေ၊ ကိုယ့်ဒေသ၊ ကိုယ့်အရပ်မှာ ပဲ နေချင်ကြတာပါ။
ဒီကလေးနှစ်ယောက်အပြစ် ကျူးလွန်တယ်ဆိုတာ ခိုင်လုံတဲ့ သက်သေအထောက်အထား လည်းမရှိ။ နယ်ပယ်အသီးသီးက ပညာရှင်တွေက ဝေဖန်ထောက် ပြနေတဲ့ကြားထဲက အပြစ်ကျူး လွန်သူတွေလို့ ပက်ပက်စက်စက် အမိန့်ချပစ်ခဲ့တာက အရုပ်ဆိုး အကျည်းတန်လွန်းပါတယ်။ အခု တော့မြင်သွားကြပြီ။ တစ်ကမ္ဘာ လုံးကမြင်သွားကြပြီ။ ဒီကလေး နှစ်ယောက်က ဓားစာခံတွေဖြစ် ကြရတာလို့။
တရားမျှတမှုဆိုတာ တစ် နည်းအားဖြင့် အမှန်ဓမ္မသစ္စာ လမ်းကြောင်းပါ။ မမှန်ကန်တာ၊ မမျှတတာတွေက အမှန်ဓမ္မလမ်း ကြောင်းကနေ သွေဖည်သွားတဲ့ အဓမ္မလမ်းကြောင်း။ အရှက်နဲ့ သိက္ခာအတွက် အဓမ္မပြုမူပစ်လိုက်ရတာက နောက်ထပ်ရှက်ရ တဲ့ အရှက်တစ်ခုပါ။ တစ်ရှက်ကနေ နှစ်ရှက်ဖြစ်သွားတာပါပဲ။ ကျွန်မတို့ရဲ့ ကလေးနှစ်ယောက်ကတော့ ကံအကြောင်းမလှစွာ သူတို့လူမျိုးတွေရဲ့ အရှက်တွေအတွက်  အသက်သေပေးရတော့ မတဲ့လေ။မဖြစ်နိုင်ပါ။ ဘယ်လိုနည်းနဲ့ မှ ဖြူစင်တဲ့အသက်နှစ် ချောင်းကို အစတေးမခံနိုင်။ ဘယ်လိုနည်းနဲ့ မှမဖြစ်နိုင်။
ကျေးဇူးတင် ချီးကျူးချင် စရာကောင်းတာကတော့ ထိုင်း ရှေ့နေကောင်စီပဲ။ ဒါပေမဲ့ ကျေး ဇူးတင်ဖို့၊ ချီးကျူးဖို့ကိုဆက်ပြီး စောင့်ကြည့်ရဦးမှာပါပဲ။ သူတို့ လူမျိုးအချင်းချင်း လက်ဝါးချင်း ရိုက်၊ စည်းဝါးကိုက်ထားသလားဆို တာလည်း မသိနိုင်ဘူးလေ။ ကျွန်မတို့မြန်မာတွေ အင်အားတွေသုံးရ မယ်။ လူထုရဲ့အင်အား၊အစိုးရရဲ့အင်အား၊ နိုင်ငံတကာအသီးသီးတွေရဲ့အင်အားတွေလိုအပ်တယ်။  အဲဒီအင်အားတွေကို အသုံးချကြ ရတော့မယ်။ အဲဒီအင်အားတွေစု စည်းပြီး အဓမ္မမှုကိုတွန်းလှန်ပစ်ရ မှာ။ အမှန်တရားတွေကိုဖော်ထုတ် ကြရမှာ။ ဂုဏ်သိက္ခာနဲ့လောင်း ကြေးထပ်ရတဲ့ပွဲမှာ သမိုင်းတွေ မှန်ဖို့အရေးကြီးတယ်။ သမိုင်းတွေမှန်ဖို့၊ ရာဇဝင်တွေမရိုင်းဖို့ အားလုံးကြိုးစားကြရတော့မှာ။ အခု တောင် ကိုယ်တိုင်မကျူးလွန်ခဲ့ တဲ့အပြစ်အတွက် အယူခံဝင်နေရ တာကိုက တော်တော်ရာဇဝင်ရိုင်း နေပါပြီ။    ။
http://www.7daydaily.com/story/54208

0 comments:

Post a Comment