Sunday, December 27, 2015

မြန်မာနိုင်ငံရှိ ထိုင်းလူမျိုးများ သတိဖြင့် နေထိုင်သွားလာရန် ထိုင်းသံရုံးသတိပေး

1450962644-c50c5482360411b9fcee72ca3839f3c5

မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ထိုင်းလူမျိုးတွေအနေနဲ့ အနေအထိုင်အသွားအလာ သတိထားဖို့ ရန်ကုန်မှာရှိတဲ့ ထိုင်းသံရုံးက သတိပေးစာ တစ် စောင် ထုတ်ပြန်လိုက်ပါတယ်။
ဒီဇင်ဘာ ၂၄ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ အဆိုပါသတိပေးစာထဲမှာ မြန်မာအလုပ်သမား ၂ ဦးဖြစ်တဲ့ ဇော်လင်း နဲ့ ၀င်းဇော်ထွန်းတို့ ၂ ဦးကို ဗြိတိန်နိုင်ငံသား ၂ ဦးအား သတ်ခဲ့တဲ့အမှုနဲ့ ကော့စမွီခရိုင်တရားရုံးက သေဒဏ်ချမှတ်ပြီးတဲ့နောက် လူမှုကွန်ရက်တွေမှာ အဆိုပါတရားရုံးဆုံးဖြတ်ချက်ပေါ် ကန့်ကွက်မှုတွေ၊ မကျေနပ်မှုတွေ ပျံ့နှံ့နေကြောင်း ဖော်ပြထားပါတယ်။
ဒါ့အပြင် ထိုင်းသံရုံးကို ဆန္ဒပြဖို့ ချိန်းဆိုထားတာတွေလည်း ရှိကြောင်း၊ ဒါကြောင့် မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ထိုင်းလူမျိုးတွေအနေနဲ့ မိမိကိုယ်ကို ကြိုတင်ကာကွယ် ထားတဲ့အနေနဲ့  လမ်းသွားလမ်းလာ သတိထားကြဖို့၊ လူအများထဲ သွားလာမယ်ဆိုရင် မလိုအပ်ဘဲ ထိုင်းဖြစ်ကြောင်းကို ၀တ်စားဆင်ယင်တာ၊ ပြောဆိုတာတွေ မပြသဖို့၊ ထိုင်းသံရုံးအနေနဲ့လည်း ထူးခြားချက်တွေကို မကြာမကြာ ထုတ်ပြန်သတိပေးသွားမယ်လို့ ဖော်ပြထားပါတယ်။
ဒိကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းနယူးစ်အေဂျင်စီက ရန်ကုန်မှာရှိတဲ့ ထိုင်းသံရုံးကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး နိုင်းချိုင်းနရုန်း ကစ်သီယုဒ်ဝုန်းက ထုတ်ပြန်ချက်မှန်ကန်ကြောင်း၊ ဒါဟာ မိမိထိုင်းနိုင်ငံသားတွေအတွက် ကြိုတင်ကာကွယ်မှုသာဖြစ်ပြီး မြန်မာအစိုးရ အထူးသဖြင့် မြန်မာ့ရဲတပ်ဖွဲ့ကိုလည်း လုံခြုံရေးတိုးမြှင့်ပေးဖို့ အကြောင်းထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် သူ့အနေနဲ့ မြန်မာနိုင်ငံသားတွေဟာ တရားမျှတမှုအတွက် ဆန္ဒပြတောင်း ဆိုခြင်းသာဖြစ်ပြီး အခြေအနေဆိုးဝါးအောင် တမင်လုပ်ဆောင်မှာမဟုတ်ဘူးလို့ ယုံကြည်ကြောင်း သတင်းဌာနကို ဖြေကြားသွားပါတယ်။
ထိုင်းလူမျိုးတွေဟာ မြန်မာနိုင်ငံမှာရှိတဲ့ ရွှေတိဂုံဘုရား၊ ကျိုက်ထီးရိုးဘုရားနဲ့ ပဲခူးက ဘုရင့်နောင်နန်းတော်တို့ကို သွားရောက်ချင်ကြတဲ့အတွက် မြန်မာပြည်ကို လာလည်လေ့ရှိကြပြီး မြန်မာပြည်ကို ၀င်ရောက်တဲ့ကမ္ဘာလှည့်ခရီးသည် ဦးရေထဲမှာလည်း ထိုင်းအများဆုံးဖြစ်ပါတယ်။
http://burmese.dvb.no/archives/128254

0 comments:

Post a Comment