Monday, February 15, 2016

လွဲမှားနေတဲ့ မြန်မာ့ သင်ရိုးညွှန်း ဘာသာရပ်များ... (အများသိဖို့ ရှယ်ပေးပါ)

WinMyint Winmit added 5 new photos — with Kyaw Oo.
‪#‎IQwin1‬
လွဲမှားနေတဲ့ မြန်မာ့ သင်ရိုးညွှန်း ဘာသာရပ်များ... (အများသိဖို့ ရှယ်ပေးပါ)
တိုင်းပြည်တခုမှာ စာသင်ရတဲ့ ရည်ရွယ်ချက်က တိုင်းပြည်ရဲ့ ဖွံ့ ဖြိုးရေးလုပ်ငန်းတွေမှာ လုပ်ကိုင်ဖို့ လိုအပ်တဲ့ သူတွေကို မွေးထုတ်ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ လိုအပ်တဲ့ နေရာမှာ အသုံးချနိုင်ဖို့ အတွက် လူသားအရင်းအမြစ်တွေကို မွေးထုတ်ဖို့  လိုအပ်တဲ့ ဘာသာရပ်ကို သင်ကြားတာဖြစ်တယ်။ ဆရာဝန် လိုရင် ဆရာဝန်မွေးထုတ်မယ်။ ကျောင်းဆရာလိုရင် ကျောင်းဆရာမွေးထုတ်မယ်။ အင်ဂျင်နီယာလိုရင် အင်ဂျင်နီယာမွေးထုတ်မယ်။
ဒီကနေ့ ပညာရေးက လိုအပ်လို့ သင်ကြားနေတာ မဟုတ်တော့ပဲ စာသင်တဲ့သူရှိလို့  စာသင်နေတာမျိုးဖြစ်နေတယ်။
ပိုဆိုးတာက အနောက်တိုင်း ပညာရေးဘာသာရပ်တွေကို တိုက်ရိုက်ကူးယူပြီး သင်ကြားနေတာဖြစ်တယ်။
အနောက်တိုင်းဘာသာရပ်နဲ့ ပညာရေးက သူတို့ နိုင်ငံရဲ့ စီးပွားရေးကို ကျားကန်ပေးဖို့ သင်ကြားနေတဲ့ ဘာသာရပ်တွေဖြစ်တယ်။
သူတို့ နိုင်ငံတွေရဲ့ စီးပွားရေးက ဈေးကွက်စီးပွားရေးကို အခြေခံပြီး စက်မှုလုပ်ငန်းကို လုပ်ဆောင်နေတာဖြစ်တယ်။ သူတို့ သင်တဲ့ဘာသာရပ်တွေကလည်း သူတို့ စီးပွားရေး စနစ်တခုလုံးကို မောင်းနှင်နိုင်အောင် လိုအပ်လူ့ အရင်းအမြစ် လူ့ စွမ်းအားရအောင် မွေးထုတ်တဲ့ ဘာသာရပ်ဖြစ်တယ်။
အနောက်နိုင်ငံတွေက ဈေးကွက်စီးပွားရေးစနစ် စက်မှုလုပ်ငန်းကို ဘာကြောင့် အခြေခံရသလဲ ဆိုတော့ သူတို့ မှာ 12 ရာသီ နေရောင်ခြည်မရှိဘူး၊ 12 ရာသီ စိုက်ပျိုး မွေးမြူနိုင်တဲ့ မြေမရှိဘူး၊ 12 ရာသီ စိုက်ပျိုးမွေးမြူနိုင်တဲ့ ရေမရှိဘူး။ ဒီတော့ ဈေးကွက်စီးပွားရေး စနစ် နဲ့ စက်မှုလုပ်ငန်းကို နိုင်ငံစီးပွားရေးအဖြစ် မူချမှတ်ပြီးလုပ်ဆောင်လာတာဖြစ်တယ်။ ငွေရင်းပြီး ငွေနဲ့ ပိုက်ဆံရှာတဲ့နည်းကို အခြေခံပါတယ်။
ဒါပေမယ့်လည်း စိုက်ပျိုးရေးမွေးမြူရေးဘာသာရပ်ကို လုံးဝပစ်ပယ်တာမျိုး မဟုတ်ပဲ သင်ကြားထုတ်လုပ်နေတာကိုတွေ့ ရတယ်။
2015 စာရင်းအရ ကမ္ဘာမှာ ၀က်သားတင်မှု 33 ရာခိုင်နှုန်းနဲ့ အများဆုံးတင်ပို့ နိုင်ငံ က အမေရိကန်ဖြစ်တယ်။ ဥရောပက 30 ရာခိုင်နှုန်းကျော် ဒုတိယ အများဆုံးကတင်ပို့ တယ်။ အဆင့် 3 က ကနေဒါ 17 ရာခိုင်နှုန်းဖြစ်တယ်။ အဆင့် 4 က ဘရာဇီး 8 ရာခိုင်နှုန်းကျော်။ အဆင့် 5 က တရုပ် 3 ရာခိုင်နှုန်းကျော်။ ထိုင်းနိုင်ငံက အဆင့် 12 မှာရှိပြီး 0.27 ရာခိုင်နှုန်းသာဖြစ်ပါတယ်။
နယူးဇီလန်နိုင်ငံလို့ ပြောရင်း နွားမကြီးနဲ့ နို့ မှုန့် ဗူးကိုပဲ အရင်ဆုံးမြင်မိတယ်။
ဒါကဘာကိုဖေါ်ညွှန်းနေလည်းဆိုတော့ ဒေသခံတွေ လုပ်နိုင်စွမ်းရှိတဲ့ လုပ်ငန်းတွေကို မပစ်ပယ်ပဲ တိုးတက်အောင် ကမ္ဘာကို ဖြန့် ဖြူးနိုင်နိုင်အောင် တွန်းအားပေးတယ်။ စိုက်ပျိုးရေးမွေးပညာရေးဆိုင်ရာ ဘာသာရပ်တွေကို ဆက်သင်ကြားပေးတယ်။ ဈေးကွက်ကို ပံ့ပိုးပေးတယ်။
တကယ်တော့ မြန်မာနိုင်ငံရေး စီးပွားရေးက စိုက်ပျိုးရေး မွေးမြူရေးကို အခြေခံတဲ့ စီးပွားရေးဖြစ်သင့်တယ်။ နေရောင် အခြည် အခမဲ့ရတယ်။ 12 ရာသီးစိုက်မျိုးမွေးမြူနိုင်တဲ့ မြေရှိတယ်၊ ရေရှိတယ်။
ဒါပေမယ့်လည်း မူလတန်းက စပြီး အထက်အတန်းအထိကို တကယ်ကိုဝင်ငွေရတဲ့ ထမင်းဝနိုင်တဲ့ စိုက်ပျိုးရေး မွေးမြူရေး ဘာသာရပ်ကို လုံးဝ မသင်ကြားခဲ့ဘူး။ တက္ကသိုလ်မှာလည်း တကယ်စီးပွားဖြစ် ထမင်းဝတဲ့ စိုက်ပျိုးရေးဘာသာရပ်မျိုးကို မသင်ဘူး။
အထူးသဖြင့် 70 ရာခိုင်နှုန်းကျော်ရှိတဲ့ တောနေ လူတန်းစားတွေနဲ့ သင့်တော်တဲ့ စိုက်ပျိုးရေးမွေးမြူရေးဘာသာရပ်ကို မသင်ကြားခဲ့ဘူး၊
ဒါကြောင့်မို့ ရှိတဲ့ ပုံမှန်ဝင်ငွေရတဲ့ ကျွဲနွားသိုးဆိတ်ဝက်တွေကို ရောင်းပြီး အနောက်တိုင်း ပညာရေးကို သင်တယ်။ ရှိတဲ့လယ်ယာမြေကို ရောင်းပြီး သင်တယ်။ ရှိတဲ့လယ်ယာမြေကို စွန့် ခွာပြီး နိုင်ငံခြားမှာ ထွက်အလုပ်လုပ်နေရတယ်။ ဘာကြောင့်လည်းဆိုတော့ ကိုယ့်ဒေသမှာ ကိုယ့်မြေပေါ်မှာ ၀င်ငွေရအောင် မလုပ်တတ်လို့ ပဲဖြစ်တယ်။ လုပ်တတ်အောင် မသင်လို့ ပဲဖြစ်တယ်။
ဒီလိုဖြစ်လာရတာလည်း အနောက်တိုင်းဘာသာရပ်တွေကို ပုံတူကူးချပြီး သင်ကြားနေတဲ့အတွက် ဖြစ်တယ်။
4 တန်းကလေးကစပြီး ကြက်၊ ဘဲ၊ ၀က်၊ ငါး၊ ဆိတ် မွေးမြူနိုင်ပြီဖြစ်တယ်။ ဟင်းသီးဟင်းရွက် စိုက်ပျိုးနိုင်ပြီဖြစ်တယ်။ ငယ်ရွယ်စဉ်ကတည်းက မွေးမြူ ရေး စိုက်ပျိုးရေး ကို အခြေချလုပ်ကိုင်စေခဲ့မယ်ဆိုရင် ကျောင်းနေရင်း ၀င်ငွေရမယ့်အပြင် အသေအခြာလုပ်မယ်ဆိုရင် အထက်တန်းအဆင့်အောင်ပြီးရင် ကလေးတွေမှာ ကျပ်ငွေ သိန်း 500-1000 စုမိပြီးသားဖြစ်မယ်။ ဘာကြောင့်လည်းဆိုတော့ ကလေးတွေက မိဘနဲ့ နေတဲ့အတွက် စားစရိတ်မကုန် နေစရိတ်မကုန် ရတာအကုန်စုနိုင်တာဖြစ်တယ်။
ဝက်မ 5 ကောင်မွေးရင် တစ်လကို ကျပ်ငွေ 5 သိန်းဝင်ငွေရမယ်။ တရက်ကို 3 နာရီပဲ အလုပ်လုပ်ရမယ်။ အနောက်တိုင်းပညာရေးကို သင်ကြားပြီးအလုပ်ဝင်သူတွေက တစ်ရက်ကို 10 နာရီလောက် အလုပ်လုပ်ရပြီး လစာက စားဖို့ တောင်အနိုင်နိုင်ဖြစ်နေတယ်။ နေရပ်စွန့် ခွာရတယ်။ မြို့ ပေါ်မှာ လူစုပြုံတယ်။ မြို့ ပေါ်မှာ ပြဿနာ ပေါင်းစုံ စုလာတယ်။
70 ရာခိုင်နှုန်းကျော် တောနေလူတန်းစားတွေမှာ ၀င်ငွေကောင်းမှပဲ ၀ယ်စားသူများပြီး အစိုးရက အခွန်တွေပိုရမှာဖြစ်ပါတယ်။ တိုင်းပြည်အခွန်အများစုက စားသုံးသူဆီက ရတာဖြစ်တယ်။ စက်မှုဇုန်က လုပ်ငန်းရှင်တွေကရတဲ့အခွန်က အနည်းစုသာဖြစ်ပါတယ်။
ဒါကြောင့် မြန်မာစီးပွားရေးက စိုက်ပျိုးရေးမွေးမြူရေးကို အခြေခံပြီး အဲ့ဒီကုန်ကြမ်းတွေကို ကုန်ချောထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းကို သွားရမှာဖြစ်တယ်။ ဒါမှသာ စီးပွားရေးအခြေခိုင်ပြီး နေရာအနှံ့ တပြေးညီစီးပွားရေးတိုးတက်မှာဖြစ်ပါတယ်။

0 comments:

Post a Comment