Ad Code

Responsive Advertisement

သမ္မတလောင်းမဟုတ်၊ ကျန်းမာရေးကဏ္ဍမှာ လုပ်ရမှာဟု ဒေါက်တာတင်မျိုးဝင်းပြော

(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)
နေပြည်တော်(ဖေဖော်ဝါရီ ၂၇)။ ။ နိုဝင်ဘာရွေးကောက်ပွဲရလဒ်အရ အစိုးရတစ်ရပ်ဖွဲ့စည်းတော့မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က တင်မြှောက်မည့် သမ္မတအဖြစ် တာဝန်ထမ်းဆောင်မည်မဟုတ်ဘဲ ကျန်းမာရေးကဏ္ဍတွင်သာ လုပ်ဆောင်မည်ဟု NLDပါတီ ကျန်းမာရေးကွန်ယက်ဥက္ကဌဖြစ်သူ ဒေါက်တာတင်မျိုးဝင်းက ပြောသည်။
"(သမ္မတ)မလုပ်ပါဘူး။ ကျွန်တော်က ကျန်းမာရေးနဲ့ပတ်သက်တာ လုပ်ရမှာပါ" ဟု NLDပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ မိသားစုဆရာဝန်လည်းဖြစ်သူ ဒေါက်တာတင်မျိုးဝင်းက ဖေဖော်ဝါရီ ၂၇ရက်က ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ လေ့လာသူအဖြစ်ရောက်ရှိလာစဉ် ပြောဆိုသည်။
သူ့အနေဖြင့် ကျန်းမာရေးကဏ္ဍတွင် ပါဝင်လုပ်ဆောင်ရမည်ဟုဆိုသူ ဒေါက်တာတင်မျိုးဝင်းက မည်သည့်ဌာန၊ မည်သည့်ရာထူးတွင် ပါဝင်လုပ်ဆောင်မည်ကိုမူ တိတိကျကျ ပြောဆိုခဲ့ခြင်း မရှိပေ။
သမ္မတအဖြစ် တာဝန်ယူထမ်းဆောင်မည်မဟုတ်ဟု ပြောဆိုလိုက်သူဒေါက်တာတင်မျိုးဝင်းသည် ဖေဖော်ဝါရီ ၁၇ရက်၊ မွန်းလွဲပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့၏ တွေ့ဆုံဆွေးနွေးမှုတွင်လည်း ပါဝင်ခဲ့သည်ကို တွေ့ရသည်။
တနင်္လာရီတိုင်း၊ မြိတ်မြို့တွင် ၁၉၅၁ခုနှစ်က မွေးဖွားခဲ့သူ ဒေါက်တာတင်မျိုးဝင်းသည် ခွဲစိတ်အထူးကု ဆရာဝန်ကြီးတစ်ဦးဖြစ်သလို နေအိမ်အကျယ်ချုပ်တွင် ဒေါ်အောင်ဆန်းစုကြည်နေခဲ့ရစဉ်ကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ပုံမှန်တွေ့ဆုံခွင့်ရခဲ့သူတစ်ဦးဖြစ်သည်။
ထို့ပြင် NLDပါတီဖွဲ့စည်းစဉ် ၁၉၈၈ခုနှစ်ကတည်းက ဒေါ်အောင်ဆန်းစုကြည်၏ မိသားစုဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။
လက်ရှိတွင် NLDပါတီအနေဖြင့် သမ္မတလောင်းအမည်ကို အထူးလျှို့ဝှက်ထားပြီး သမ္မတလောင်းအဖြစ် ထင်ကြေးပေးခံနေရသူ ပါတီနာယကဦးတင်ဦးနှင့် ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန်တို့မှာလည်း သမ္မတအဖြစ် တာဝန်ထမ်းဆောင်မည်မဟုတ်ဟု အသီးသီးငြင်းဆိုထားကြသည်။
- See more at: http://mizzimaburmese.com/article/11290#sthash.tMPVnLc7.dpuf

Post a Comment

0 Comments

Close Menu