Thursday, February 18, 2016

မေတ္တာသုတ် ပါဠိ-အနက်

ဓမ္မရတနာ
1 hr
မေတ္တာသုတ် ပါဠိ-အနက်
++++++++++
မေတ္တာသုတ်ရဲ့အနက်အဓိပ္ပါယ်ကို သိချင်ပါတယ်ဆိုသဖြင့် ဒီဆောင်းပါးလေးကိုတင်ပြလိုက်ရခြင်းဖြစ်ပါတယ်။ မေတ္တာသုတ်ရဲ့အနက်တင်မကပါဘူး မေတ္တာသုတ်ဖြစ်ပေါ်လာရခြင်းအကြောင်းနှင့် မေတ္တာသုတ်ရွတ်ဆိုရခြင်းအကျိုးတို့ကို တစ်ခါတည်း ဖော်ပြလိုက်ပါတယ်။ တကယ်တမ်းရေးမယ်ဆိုရင် အချိန်ပေးရပါလိမ့်မယ်၊သို့ပေမယ့်ဘလော့ဂ်ဂါပညာရှင်တစ်ယောက်မေတ္တာသုတ်ကိုအနက်ပေးထားပြီးသား
အဆင့်သင့်ရှိတာနဲ့တစ်ခါတည်းတင်ပေးလိုက်ပါတယ်။
၁။မေတ္တာသုတ်ဖြစ်ပေါ်လာရခြင်းအကြောင်း
သာဝတ္ထိ ပြည် ဇေတဝန် ကျောင်းတော် ၌ ဂေါတမ မြတ်စွာ ဘုရား သီတင်းသုံး စံနေတော်မူစဉ် ငါးရာသော ရဟန်းအစု တစ်စုသည် တစ်ခုသော ဝါဝင်ခါနီး ကာလ၌ မြတ်စွာဘုရား သခင်အား ဖူးမြော် ရှိခိုး၍ ကမ္မဋ္ဌာန်း နိဿယများယူကာ တောအုပ် တစ်ခုတွင် ဝါ ဆိုလျက် ကမ္မဋ္ဌာန်း တရားအားထုတ်ကြလေသည်။
ရဟန်းတော် များသည် တောအုပ်အနီး ရွာများတွင် နံနက်ဆွမ်းကို ပြည့်စုံစေလျက် ညအခါမှာ တောအုပ် တွင်းရှိ သစ်ပင် ကြီးများကို မှီခိုကာ တစ်ပင်လျှင် တစ်ပါးကျ သီတင်းသုံး၍ တရားကျင့်တော်မူကြလေသည် ။ထို အချိန်တွင် သစ်ပင်ပေါ်ရှိ ရုက္ခစိုး များသည် ရဟန်းတော်များ၏ အထက်တွင် မနေဝံ့ကြ သဖြင့် မြေပြင်တွင် ဆင်း၍ ဒုက္ခ ခံ ကာ နေထိုင်ကြရလေသည်။
အချို့ ရုက္ခ စိုး များမှာ ကလေး ငယ်များ ရှိကြသဖြင့် ရဟန်းတော်များတစ်နေ့ ပြန်နိုး တစ်ရက်ပြန်နိုး စောင့်စား နေ ပါသော်လည်း ရုတ်တရက် မပြန်တော့သဖြင့် အချင်းချင်း ညှိနှိုင်းကာ ငါးရာသော ရဟန်းတို့ ကြောက်လန့်ထွက်ပြေးစေ ရေး အတွက် ကြောက်မက်ဖွယ်ရာ ဘီလူးကြီး၊ နဂါးကြီး သဏ္ဌာန် ပြ၍ လည်းကောင်း ၊ ထိတ်လန့်ဖွယ်ရာ အပုပ်နံ့ကြီးများဖြင့် လည်းကောင်း ခြောက်လှန့်ဖျက်ဆီးကြတော့သည်။
ရဟန်းတော်များသည် တစ်ပါးစီ ခြောက်လှန့်ခံကြရ သည် ဖြစ်ရာ ကမ္မဋ္ဌာန်းဘာဝနာ ကို အားထုတ်ရာတွင် သမာဓိ မရနိုင်တော့သည့် အဆုံးခေါင်းဆောင်မထေရ် ကြီးအား အသိပေးလျက် မြတ်စွာဘုရား ရှိရာ သာဝတ္ထိ ပြည် ဇေတဝန် ကျောင်းတော် သို့ ပြန်လာခဲ့ကြလေသည်။
ဘုရားသခင်၏ ရှေ့ မှောက်၌ ဖြစ်ပျက်ပုံ အကြောင်းများ ကို လျှောက်ထားသည့်အခါ ရှင်တော်မြတ်ဘုရား က ရဟန်းငါးရာ တို့ကို မေတ္တာ ကမ္မဋ္ဌာန်း စီးဖြန်းကြစေရန် မေတ္တာ သုတ်တော်ကို ဟောဖော်သင်ကြား၍ ယင်းတောအုပ် သို့ပင် ပြန်လည် စေလွှတ်လိုက်လေသည်။
မေတ္တာ ကမ္မဋ္ဌာန်း စီးဖြန်း၍ မေတ္တာ သုတ်တော်ကို ရွတ်ဖတ်သရဇ္ဈာယ် သွားသော ရဟန်းတော်ငါးရာ ကို ရုက္ခစိုး နတ်တို့သည် မနာလို စိတ်များ ပျောက်ကွယ်၍ လူသဏ္ဌာန် ဖန်ဆင်းလျက် ခရီးဦးကြိုသူကြို ၊ ခြေဆေးသူဆေး ၊ သပိတ်ပွေ့သူက ပွေ့ နှင့် လုပ်ကျွေးကြကာ ဝါကျွတ်သည့် အခါတွင် ရဟန်းငါးရာ တို့မှာ ကောင်းစွာ တရားထူးရသည် မှ စ၍ မေတ္တာ သုတ်တော်ဖြစ်ပေါ်ရွတ်ဖတ်ခဲ့ကြပါသတည်း။ဤကားမေတ္တာသုတ်ဖြစ်ပေါ်လာရခြင်းအကြောင်း ဖြစ်ပေ
တည်း။
၂။မေတ္တာသုတ်ပါဠိ-အနက်
( ၁ ) ဟေ ၊ အိုသူတော်ကောင်းတို့ ။ ယဿပရိတ္တဿ ၊ အကြင်မေတ္တာသုတ်ပရိတ်တော်၏ ။ အနုဘာဝတော ၊
အစွမ်းရှိန်စော်အာနုဘော်ကြောင့် ။ ယက္ခာ ၊ နတ်အများတို့သည် ။ ဘီသနံ ၊ ကြောက်မက်ဖွယ် အာရုံမျိုးကို ။
နေ၀ ဒဿန္တိ ၊ မပြနိုင်ကြကုန် ။ ယမှိစေ၀ ၊ အကြင်မေတ္တာသုတ် ပရိတ်တော်၌ သာလျှင် ။ ရတ္တိန္ဒိဝံ ၊ နေ့ည မပျက် အခါခပ်သိမ်း ။ အတန္ဒိတော ၊ ပျင်းရိခြင်းမရှိဘဲ ။ အနုယုဉ္ဇန္တော ၊ ထပ်တလဲလဲ စွဲမြဲရွတ်ပွား အားထုတ်သူသည် ။
( ၂ ) သုခံ ၊ ချမ်းချမ်းသာသာ ။ သုပတိ ၊ အိပ်စက်ရ၏ ။ သုတ္တော ၊ အိပ်ပျော်သည်ရှိသော် ။ ကိဉ္စိ ၊ တစ်စုံ တစ်ခုသော ။ ပါပံ စ ၊ အိပ်မက်ဆိုးကိုလည်း ။ နပဿတိ ၊ မမြင်မက်ရ ။ ဧ၀ါမာဒိဂုဏူပေတံ ၊ ဤသို့အစ ရှိသော
အကျိုးဂုဏ်အင် အာနိသင်နှင့်ပြည့်စုံသော ။ တံပရိတ္တံ ၊ ထိုမေတ္တာသုတ် ပရိတ်တော်ကို ။ မယံ ၊ ငါတို့သည် ။ ဘဏာမ ၊ ရွတ်ကြကုန်စို့
( ၃ ) သန္တံ ၊ ငြိမ်သက်အေးချမ်းသော ။ ပဒံ ၊ နိဗ္ဗာန်ကို ။ အဘိသမေစ္စ ၊ အာရုံယူဘိ ထွင်းဖောက် မြင်သိ၍ ။ ( ၀ိဟရိတုကာမေန ၊ နေခြင်းငှာ အလိုရှိသော ) အတ္ထကုသလေန ၊ အကျင့်အမျိုမျိုးအကျိုးစီးပွား၌ လိမ္မာသူသည် ။ ယံ ကရဏီယံ ၊ ပြုကျင့်ရမည့်သိက္ခာ သုံးရပ် အကျင့်မြတ်သည် ။ အတ္ထိ ၊ ရှိ၏ ။ တံ ၊ ထိုသိက္ခာသုံးရပ်အကျင့် မြတ်ကို ။ ကရဏီယံ ၊ ပြုကျင့်ထိုက်ပေ၏ ။ သက္ကော စ ၊ စွမ်းနိုင်သူလည်း ။ အဿ ၊ ဖြစ်ရာ၏ ။ ဥဇူ စ ၊ ဖြောင့်မတ်သူလည်း ။ အဿ ၊ ဖြစ်ရာ၏ ။ သုဟုဇူ စ ၊ အလွန်ဖြောင့်မတ်သူလည်း ။ အဿ ၊ ဖြစ်ရာ၏ ။ သုဝစော စ ၊ ဆိုဆုံးမလွယ်သူလည်း ။ အဿ ၊ ဖြစ်ရာ၏ ။ မုဒု စ ၊ နုညံ့ပျော့ပျောင်းသူလည်း ။ အဿ ၊ ဖြစ်ရာ၏ ။ အနတိမာနိ စ ၊ မာန်ထောင်လွှားခြင်းမရှိသူလည်း ။ အဿ ၊ ဖြစ်ရာ၏ ။
( ၄ ) သန္တုဿကော စ ၊ တင်းတိမ်ရောင့်ရဲလွယ်သူလည်း ။ အဿ ၊ ဖြစ်ရာ၏ ။ သုဘရော စ ၊ အမွေးအမြူလွယ် သူလည်း ။ အဿ ၊ ဖြစ်ရာ၏ ။ အပ္ပကိစ္စော စ ၊ နည်းပါးသောကိစ္စရှိသူလည်း ။ အဿ ၊ ဖြစ်ရာ၏ ။ သလ္လဟုက၀ုတ္တိ စ ၊ ပေါ့ပါးသော အဖြစ်မျိုးရှိသူလည်း ။ အဿ ၊ ဖြစ်ရာ၏ ။ သန္တိန္ဒြိယော စ ၊ ငြိမ်သက်သော ဣနြေ္ဒ ရှိသူလည်း ။ အဿ ၊ ဖြစ်ရာ၏ ။ နိပကော စ ၊ ရင့်ကျက်သော ပညာရှိသူလည်း ။ အဿ ၊ ဖြစ်ရာ၏ ။
အပ္ပဂဗ္ဘော စ ၊ ကြမ်းတမ်းရိုင်းပြခြင်း မရှိသူလည်း ။ အဿ ၊ ဖြစ်ရာ၏ ။ ကုလေသု ၊ အိမ်သူ လူတို့၌ ။ အနနုဂိဒ္ဓေါ စ ၊ တွယ်တာမက်မောခြင်း မရှိသူလည်း ။ အဿ ၊ ဖြစ်ရာ၏ ။
( ၅ ) ယေန ၊ အကြင်ဒုစရိုက်စု ယုတ်ညံ့သောအမှုကြောင့် ။ ၀ိညူ ၊ ပညာရှိဖြစ်ကုန်သော ။ ပရေ ၊ သူတစ်ပါးတို့သည် ။ ဥပ၀ဒေယျုံ ၊ ကဲ့ရဲ့ပြစ်တင်ကုန်ရာ၏ ။ ခုဒ္ဒံ ၊ ယုတ်ညံ့သော ။ တံ ၊ ထိုဒုစရိုက်မျိုးကို ။ ကိဉ္စိ ၊ အနည်းငယ်ကလေး အသေးအဖွဲမျှကိုပင် ။ န အာစရေ ၊ မပြုကျင့်ရာ ။ သဗ္ဗသတ္တာ ၊ သတ္တ၀ါ မှန်သမျှတို့သည် ။ သုခိနော ၀ါ ၊ ကိုယ်၏ချမ်းသာခြင်းရှိကုန်သည်လည်းကောင်း ။ ခေမိနော ၀ါ ၊ ဘေးရန်ကင်းဝေး အေးချမ်းသာယာခြင်း ရှိကုန်သည်လည်းကောင်း ။ ဟောန္တု ၊ ဖြစ်ကြပါစေကုန်သတည်း။
( ၆/၇ ) အန၀သေသာ ၊ ကြွင်းမဲ့ဥဿုံ အလုံးစုန်ကုန်သော ၊ ယေ တသာ ၀ါ ၊ အကြင် ထိတ်လန့် တတ်သော ပုထုဇဉ် သေက္ခသည်လည်းကောင်း ။ ယေ ထာဝရာ ၀ါ ၊ အကြင်မထိတ်မလန့် တည်တန့်ခိုင်မြဲသော ရဟန္တာ တို့သည်လည်းကောင်း ။ ယေ ဒီဃာ ၀ါ ၊ အကြင် ခန္ဓာကိုယ်ရှည်လျှား သတ္တ၀ါ တို့သည်လည်းကောင်း ။ ယေ မဟန္တာ ၀ါ ၊ အကြင်ခန္ဓာကိုယ် ကြီးမားသတ္တ၀ါ များသည်လည်းကောင်း ။ ယေ မဇ္ဈိမ ၀ါ ၊ အကြင်မတိုမရှည် မကြီးမငယ် အရွယ်အလတ်စား သတ္တ၀ါတို့သည်လည်းကောင်း ။ ယေ ရဿကာ ၀ါ ၊ အကြင်ပုကွနိမ့်တို ခန္ဓာကိုယ် ရှိသော သတ္တ၀ါတို့သည်လည်းကောင်း ။ ယေ အဏုမာ ၀ါ ၊ အကြင်သေးငယ်မှုန်မွား သတ္တ၀ါများ တို့သည်လည်းကောင်း ။ ယေ ထူလာ ၀ါ ၊ အကြင်ဝိုင်းစက်ဆူဖြိုး သတ္တ၀ါမျိုးတို့သည်လည်းကောင်း ။ ယေ ဒိဋ္ဌာ ၀ါ ၊ အကြင်မြင်ဘူးသော သတ္တ၀ါတို့သည်လည်းကောင်း ။ ယေ အဒိဋ္ဌာ ၀ါ ၊ အကြင်မမြင်ဘူးသော သတ္တ၀ါ တို့သည်လည်းကောင်း ။ ယေ ဒူရေ ၀သန္တိ ၊ အကြင်အဝေးအရပ်၌ နေကြကုန်သော သတ္တ၀ါ တို့သည် လည်းကောင်း ။ ယေ အ၀ိဒူရေ ၀သန္တိ ၊ အကြင်အနီးအရပ်၌ နေကြသောသတ္တ၀ါ တို့သည်လည်းကောင်း ။ ယေ ဘူတာ ၀ါ ၊ အကြင်နောင်မဖြစ်ရ ဖြစ်ပြီးသားဖြစ်ကြသော ရဟန္တာတို့သည်လည်းကောင်း ။ ယေ သမ္ဘဝေသီ ၀ါ ၊ နောင်ဖြစ်ရမည့်ဘ၀ကိုရှာ အကြင်ပုထုဇဉ် သက္ခ သတ္တ၀ါတို့သည်လည်းကောင်း ။ ယေ ကေစိ ၊ အလုံးစုန်ကုန်သော ။ ပါဏဘူတာ ၊ သတ္တ၀ါတို့သည် ။ အတ္ထိ ၊ ရှိကုန်၏ ။ ဣမေပိသဗ္ဗသတ္တာ ၊ ဤအလုံးစုံကုန်သော သတ္တ၀ါတို့သည်လည်းကောင်း ။ သုခိတတ္တာ ၊ ချမ်းသာအေးမြ ကိုယ်စိတ်နှစ်ပါး ရှိကြကုန်သည်။ ဘ၀န္တု၊ ဖြစ်ကြပါစေကုန်သတည်း။
( ၈ ) ပရော ၊ တစ်ပါးသူတစ်ယောက်သည် ။ ပရံ ၊ သူတစ်ပါးအခြားသူတစ်ယောက်ကို ။ နနိကုဗ္ဗေထ ၊ စဉ်းလဲသမှု လှည့်ပါတ်ခြင်း မပြုပါစေလင့် ။ ကတ္ထစိ ၊ တစ်စုံတစ်ခုသောအရပ်၌ (ဘယ်အရပ်မှာမဆို ) ကိဉ္စိ ၊ တစ်စုံတစ်ယောက်သော ။ နံ ၊ ထိုသူတစ်ပါးကို ။ နာတိမညေထ ၊ မာန်ထောင်သမှု မထီမဲ့မြင် မပြုပါစေလင့် ။ ဗျာရောသနာယ ၊ ကိုယ်နှုတ်တို့ဖြင့် စော်ကားထိပါးနှိပ်စက်ခြင်းဖြင့်လည်းကောင်း ။ ပဋိဃသညာယ ၊ ဒေါသစိတ်ဖြင့်လည်းကောင်း ။ အညမညဿ ၊ အချင်းချင်း (တစ်ယောက်သည် တစ်ယောက်) ၏ ။ ဒုက္ခံ ၊ ဆင်းရဲခြင်းကို။ နဣစ္ဆေယျ ၊ အလိုမရှိပါစေလင့်။
( ၉ ) မာတာ ၊ မွေးသည့်မိခင်ကျေးဇူးရှင်သည် ။ နိယံပုတ္တံ ၊ မိမိရင်နှစ်သားရင်းဖြစ်သော ။ ဧကပုတ္တံ ၊ တစ်ဦးတည်းသောသားကို ။ အာယုသာ ၊ မိမိအသက်ဖြင့်သော်ပင် ။ အနုရက္ခေ ယထာ ၊ အစဉ်မကွာကွယ်ကာ စောင့်ရှောက်သကဲ့သို့ ။ ဧ၀မ္ပိ ၊ ဤအတူလည်း ။ သဗ္ဗဘူတေသု ၊ အလုံးစုံသောသတ္တ၀ါတို့၌ ။ အပရိမာဏံ ၊ အတိုင်းအတာပမာဏမရှိသော ။ မာနသံ ၊ မေတ္တာစိတ်ကို ပွားများပါလေ။
( ၁၀ ) ဥဒ္ဓံ ၊ အထက်လောက အရူပဘ၀၌လည်းကောင်း ။ အဓော ၊ အောက်ပြည်လောက ကာမဘ၀၌လည်းကောင်း ။ တိရိယံ ၊ အလယ်လောက ရူပဘ၀၌လည်းကောင်း ။ သဗ္ဗလောကသ္မိံ၊ အလုံးစုံသောလောက၌ ။ အပရိမာဏံ ၊ အတိုင်းအတာ ပမာဏမရှိသော ။ မေတ္တံ ၊ မေတ္တာနှင့်ရှင်သော ။ မာနသံ ၊ စိတ်ကို ။ အဝေယံ ၊ ဒေါသဟူဘိအတွင်းရန်လည်းမရှိသည်ကို ။ အသပတ္တံ ၊ နှိပ်စက်ရန်မူ အပရန်သူလည်း မရှိသည်ကို ။ (ကတွာ ၊ ပြု ၍ ) ဘာဝယေ ၊ ပွားများရာ၏။
(၁၁ ) တိဋ္ဌံ ၀ါ ၊ ရပ်လျှက်သော်လည်းကောင်း ။ စရံ ၀ါ ၊ သွားလျှက်သော်လည်းကောင်း ။ နိသိန္နော ၀ါ ၊ ထိုင်လျှက်သော်လည်းကောင်း ။ သယာနော ၀ါ ၊ အိပ်လျှက်သော်လည်းကောင်း ။ ယာဝတာ ၊ အကြင်မျှလောက် ။ ၀ိတမိဒ္ဓေါ ၊ ကင်းသောအိပ်ချင်ငိုက်မည်းခြင်းရှိသည် ။ အဿ ၊ ဖြစ်ရာ၏ ။ အထ ၊ ငိုက်မျဉ်းခြင်းကင်း ထိုအချိန်အတွင်း၌ ။ ဧတံ သတိံ ၊ ထိုမေတ္တာယှဉ်ဘိ ဈာန်သတိကို ။ အဓိဋ္ဌေယျ ၊ စွဲမြဲမကွာ ဆောက်တည်ရာ၏။
ဣဓ ၊ ဤဘုရားသာသနာတော်၌ ။ ဧတံ ၊ မေတ္တာမကင်း ဈာန်ဖြင့်နေခြင်းကို ။ ဗြဟ္မံ ၊ ထူးမြတ်သော။ ၀ိဟာရံ ၊ နေခြင်းမျိုးဟူ၍ ။ အာဟု ၊ မြတ်ဘုရားတို့ဟောကြားတော်မှုကုန်ပြီ။
( ၁၂ ) သော ၊ ထိုမေတ္တာဈာန်ရပြီးသော ယောဂီပုဂ္ဂိုလ်သည် ။ ဒိဋ္ဌိဉ္စ ၊ အတ္တဒိဋ္ဌိသို့လည်း ။ အနုပဂ္ဂမ္မ ၊ မစွဲမကပ်ရောက်မူ၍ ။ သီလ၀ါ ၊ လောကုတ္တရာသီလရှိသူသည် ။ ဒဿနေန ၊ သောတာပတ္တိမဂ်ဥာဏ် နှင့် ။ သမ္မန္နော ၊ ပြည့်စုံသူသည် ။ (သမာနော ၊ ဖြစ်လျှက် ) ကာမေသု ၊ ၀တ္ထုအာရုံကာမဂုဏ်တို့၌ ။ ဂေဓံ ၊ ကိလေသာဖြင့် တွယ်တာမက်မောခြင်းကို ။ ၀ိနေယျ ၊ တစ်စမကြွင်း အရှင်းပါယ်ရှားပြီးသော် ။ ဇာတု ၊ စစ်စစ်ဧကန်အမှန်ပင် ။ ပုန ၊ နောက်ထပ်တစ်ဖန် ။ ဂဗ္ဘသေယျံ ၊ ပဋိသန္ဓေနေခြင်းသို့ ။ နဧတိ၊ မရောက်ရတော့ပေ။
( အဘိဓဇမဟာရဋ္ဌဂုရု သပြေကန်ဆရာတော် အရှင်ဝါသေဋ္ဌာဘိဝံသ ၏ ပရိတ်ကြီးနိဿယသစ် မှ )
၃။မေတ္တာသုတ်ရွတ်ဆိုရကျိုး
မေတ္တာ သုတ်တော်ကိုအမြဲ မပြတ်ရွတ်ဖတ်သရဇ္ဈာယ်လေ့ ရှိသူ တို့မှာ အပလောက ပယောဂ အခြောက်အလှန့် မခံရခြင်း ၊ အနာရောဂါ ကင်းခြင်း၊ အိပ်မက်ဆိုး ၊ နိမိတ်ဆိုး ၊ အတတ်ဆိုး များမကြုံရခြင်း ၊ လူ နတ် အများချစ်ခင်ကြခြင်း၊ အဆိပ်လက်နက် မစူးရှခြင်း ၊ ရူးသွပ်သော ဝေဒနာ ကင်းခြင်း မှ စ၍ ဗြဟ္မာ့ ဘုံ ရောက်သည် အထိ အကျိုးပေးနိုင်စွမ်း ရှိလေသည် ။

0 comments:

Post a Comment