Ad Code

Responsive Advertisement

NLD တင်မည့် သမ္မတ အဖြစ် ဦးထင်ကျော် တစ်ပြေး


နေပြည်တော်၊ မတ်လ ၎

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက တင်မြှောက်မည့် သမ္မတလောင်း အမည် စာရင်းနှင့် ပတ်သက်၍ ခန့်မှန်းမှု အမျိုးမျိုး ပေါ်ထွက် နေရာက ယခုအခါ မူလ သတင်း ထွက်ခဲ့သူ ဦးထင်ကျော်သာ သမ္မတ အဖြစ်နိုင်ဆုံး ဖြစ်ကြောင်း NLD ပါတီ အသိုင်းအဝိုင်း ထံမှ စုံစမ်း သိရှိ ရသည်။

ဒေါ်အောင်ဆန်း စုကြည်နှင့် NLD ပါတီ ခေါင်းဆောင် အချို့ မတ်လ ၄ ရက်နေ့ က နေပြည်တော်တွင် တွေ့ဆုံမှု အပြီး သတင်း ထွက်နေသူ ဆရာဝန်များ သမ္မတ မဖြစ်နိုင်ဟု ဦးဝင်းထိန်က ငြင်းဆို လိုက်ပြီးနောက် ဦးထင်ကျော်သာ အဖြစ်နိုင်ဆုံး ဖြစ်ကြောင်း NLD အသိုင်း အဝိုင်းနှင့် နီးစပ်သူ များက ပြော ဆိုခြင်း ဖြစ်သည်။

"အစကတည်းက ဦးထင်ကျော်ကိုပဲ စဉ်းစား ထားတာပဲ။ ဒေါ်စု သမ္မတ ဖြစ်မလား ဆိုပြီးသာ အချိန်ဆွဲ နေတာ" ဟု NLD ပါတီ၊ တပ်မတော်တို့နှင့် နီးစပ်သူ တစ်ဦးက The Voice သို့ ပြောဆိုသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုက် ကျန်းမာရေး ကွန်ရက်၏ ခေါင်းဆောင် တစ်ဦးဖြစ်သူ ဒေါက်တာ တင်မျိုးဝင်းကို သမ္မတလောင်း အဖြစ်ခန့်မှန်း သော်လည်း ၎င်းမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အဓိက တာဝန် ယူမည့်သူ ဖြစ်ကြောင်း၊ ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဦးတင်ဦးကို သမ္မတ အဖြစ်ခန့်ရန် NLD ခေါင်းဆောင် အချို့က တိုက်တွန်း သော်လည်း ဦးတင်ဦးက အတန် တန် ငြင်းဆန် ခဲ့ကြောင်း NLD ပါတီ အသိုင်း အဝိုင်းထံမှ သိရသည်။

ယခု သမ္မတလောင်း အဖြစ် တစ်ကျော့ပြန် ရေပန်းစား လာသော ဦးထင်ကျော် မှာ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကို ဦးဆောင် နေသူ တစ်ဦးဖြစ်ပြီး ၎င်း၏ ဇနီးဖြစ်သူ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်စုစုလွင်မှာ ပြည်သူ့ လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ အဖြစ် တာဝန်ပေး အပ်ခြင်း ခံထားရသည်။

ဆရာကြီး မင်းသုဝဏ်၏ သားဖြစ်ပြီး ဒေါ်အောင်ဆန်း စုကြည်၏ ယုံကြည် စိတ်ချရဆုံး သူတစ်ဦး ဖြစ်သည့် ဦးထင်ကျော်မှာ အခြားလူမှု ကိစ္စ၊ နိုင်ငံရေး ကိစ္စ များဖြင့် နာမည်ပျက်လည်း မရှိသည့် အတွက် တပ်မတော် ကလည်း လေးစား လောက်သည့် အရည်အချင်းနှင့် ကိုက်ညီကြောင်း ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့် နီးစပ်သူ တစ်ဦးက မှတ်ချက် ပြုသည်။

ဦးထင်ကျော်ကမူ ပြီးခဲ့သည့် လပိုင်းက မီဒီယာများ၏ သမ္မတ ဖြစ်နိုင်ပါသ လား ဟူသော မေးခွန်းကို ထင်ကြေးပေး ခန့်မှန်းချက်များ သာဖြစ်ကြောင်း ပြန်လည် ဖြေဆို ခဲ့သည်။

The Voice Weekly

Originally published at - https://www.facebook.com/thevoiceweekly/?fref=nf

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: NLD တင်မည့် သမ္မတ အဖြစ် ဦးထင်ကျော် တစ်ပြေး 

Post a Comment

0 Comments

Close Menu