Ad Code

Responsive Advertisement

မြစ်ကြီးနားသင်္ကြန် ခြောက်ကပ်ကပ်သာ ကျင်းပခဲ့

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်က သင်္ကြန်မဏ္ဍပ်တစ်ခုကို သင်္ကြန်အကြတ်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ-ခွန်းအောင်
ချင်းမိုင်၊ ဧပြီ ၁၅ ။ ။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် သင်္ကြန်ကာလအတွင်း ရေကစားသူနည်းပါးပြီး ယခင်နှစ်များနှင့် ယှဉ်လျှပ် ခြောက်ကပ်ကပ်သာဖြစ်နေကြောင်း မြို့ခံများက ပြောသည်။
"ဒီနှစ်သင်္ကြန်က နည်းနည်းတိတ်ဆိတ်နေတယ်။ အန်အယ်လ်ဒီ အစိုးရက ဒီနှစ်တော့ သင်္ကြန်ပွဲတော်ကို လျော့ပြီး လုပ်မယ်လို့ ပြောတယ်။ ဒီနှစ်က လူတွေ အပြင်ထွက်လည်တာလည်း အရမ်းနည်းသွားတယ်။ အရင်နှစ်တွေက မဏ္ဍပ်တွေမှာ ရေလောင်းတဲ့ လူလည်း အရမ်းများတယ်။ ဒီနှစ်တော့ မရှိသလောက်ပဲ။ သူတို့ ဗုဒ္ဒဘာသာတွေလည်း ဘုန်းကြီး ကျောင်းတက်တဲ့ လူများမယ်လို့ ထင်တယ်။ အရင်နှစ်နဲ့ အရမ်းကွာတယ်။ လူသွားသွားလာလာကြည့်ရင် အရမ်းနည်းသွားတယ်။ လူတစ်ဝက်လောက်တော့ လျော့သွားတယ်”ဟု မြစ်ကြီးနားမြို့ခံ ကိုခွန်းအောင်က ပြောသည်။
ယခုနှစ်သင်္ကြန်တွင် ဗုဒ္ဓဘာသာဝင်များကလည်း ဘာသာရေးနှင့် ဘုန်းကြီးကျောင်းတက်ခြင်းသာ ပိုမိုများပြားသည်ကို တွေ့ရကြောင်း ကိုခွန်းအောင်က ပြောသည်။
ဧပြီ ၁၃ရက်တွင် မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ ဗဟိုမဏ္ဍပ်နှင့် မနောဏဧရီ မဏ္ဍပ်နှစ်ခုကို ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်က ဖွင့်လှစ်ပေးခဲ့သည်။
မြစ်ကြီးနားမြို့တွင် ယခင်နှစ်များက မဏ္ဍပ်ကြီး အနည်းဆုံး ၅ခု ဆောက်လုပ်၍ စည်စည်ကားကားကျင်းပခဲ့ရာမှ ယခုနှစ်တွင်မူ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မဏ္ဍပ်ကြီး တစ်ခု၊ မြို့ပေါ်တွင် မဏ္ဍပ် ၃ခု စုစုပေါင်း ၄ ခုသာ ဆောက်လုပ်ထားသည်ဟု သိရသည်။
ယခုနှစ်သင်္ကြန်တွင်မူ ဌာနဆိုင်ရာများ စုပေါင်း၍ မဏ္ဍပ်တစ်ခုသာ ဆောက်လုပ်ကြပြီး၊ မြို့ပေါ်တွင် ယခင်နှစ်ထက် မဏ္ဍပ် ၂ ခု လျော့နည်းသွားသည်ဟု မြစ်ကြီးနားဂျာနယ်မှ အယ်ဒီတာ ကိုဇော်နိုင်ဦးက ပြောသည်။
“တခုကြားတာကတော့ စာတိုက်ရှေ့မှာဆောက်မယ်လို့ ဘာလို့ မဆောက်ဖြစ်သွားလဲမသိဘူး။ ခရိုင်အုပ် ချုပ်ရေးမှူးရုံးနားလေးက စာတိုက်ရှေ့က မဏ္ဍပ်က ဌာနဆိုင်ရာ တစ်နေရာထဲမှာပဲ သွားပေါင်းလိုက်ကြတယ်လို့ ပြောတယ်။”ဟု သူက မဇ္ဈိမကို ပြောသည်။
အစိုးရသစ်က ကန့်သတ်ချက်များ မရှိသော်လည်း ဌာနဆိုင်ရာများက ကားအမြန်မောင်းခြင်း၊ ဆိုင်ကယ်အမြန်မောင်းသူ၊ အသံဆူမောင်းနှင်သူများအား ဖမ်းဆီးမှုများကိုမူ လုပ်ဆောင်နေကြောင်း ၎င်းက ပြောသည်။
အလားတူ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဌာနချုပ်လိုင်ဇာအနီးရှိ မဟာမိတ်တပ်ဖြစ်သော ရက္ခိုင်တပ်မတော်(AA)ကလည်း ရခိုင်ရိုးရာ သင်္ကြန်ကို ယခင်နှစ်များတွင် လိုင်ဇာမြို့ပေါ်၌ သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ကာ စည်စည်ကားကား ကျင်းပခဲ့သော်လည်း ယခုနှစ်တွင် စစ်ရေးအခြေအနေအရ တပ်တွင်း၌သာ တပ်မိသားစုများက အတာသင်္ကြန် အထိမ်းအမှတ်အဖြစ်သာ ကျင်းပခဲ့ရသည်ဟု AA ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဒေါက်တာ ညိုထွန်းအောင်က ပြောသည်။
“ဒီနှစ်က စစ်ရေးအခြေအနေက အရင်နှစ်တွေလောက် နိုင်ငံရေး၊ စစ်ရေးအခြေအနေအပေါ်မှာ မူတည်ပြီးတော့ မကျင်းပဘူး။ အေဘီကလည်း ဗုဒ္ဓဘာသာ များတယ်။ ကျနော်တို့ကြတော့ သင်္ကြန်က ရခိုင်လူမျိုးတွေအတွက်ကြတော့ တန်ဖိုးထားတဲ့နေ့ထူးနေ့မြတ်ဆိုတော့ ကိုယ့်နည်းကိုယ့်ဟန်ပဲ ကျင်းပကြတယ်။ အရင်နှစ်တွေလိုတော့ မရှိဘူး။ တပ်ထဲမှာ မဏ္ဍပ်သေးလေး လုပ်ပြီး ရေပက်တာတွေတော့ အသေးစားတော့လုပ်တယ်”ဟု သူက မဇ္ဈိမကို ပြောသည်။
၂၀၁၄ ခုနှစ်၊ ၂၀၁၅ ခုနှစ် သင်္ကြန်ပွဲတော်တွင် လိုင်ဇာမြို့တွင် မဏ္ဍပ်များဆောက်လုပ်ကာ လိုင်ဇာမြို့ဝန်၊ AA ၊ ABSDFတို့ ဦးဆောင်ကာ လိုင်ဇာမြို့တွင် နေထိုင်နေသော ဗုဒ္ဓဘာသာဝင် ပြည်သူများ၊ ရှမ်းတိုင်းရင်းသားပြည်သူများက စုပေါင်း၍ သင်္ကြန်ပွဲတော်ကို ကျင်းပခဲ့ကြသည်။
လိုင်ဇာအနီးရှိ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF )ကလည်း ၎င်းတို့ဌာနချုပ်တွင် တပ်မိသားစုများသာ အတာသင်္ကြန်ကို ကျင်းပခဲ့သည်ဟု သိရသည်။
- See more at: http://mizzimaburmese.com/article/13326#sthash.SAQmY0rb.dpuf

Post a Comment

0 Comments

Close Menu