မွန်ပြည်နယ်လွှတ်တော်ရဲ့အခန်းကဏ္ဍ ခိုင်မာအားကောင်းလာအောင် လုပ်မယ်
==================
မော်လမြိုင်၊ ၂၄ ဧပြီ ၂၀၁၆
==================
မော်လမြိုင်၊ ၂၄ ဧပြီ ၂၀၁၆
ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် သက်တမ်း ၅ နှစ်တာကာလတုန်းက လွှတ် တော်ကိုယ်စားလှယ်ဖြစ်ခဲ့သူ၊အခု ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော်သက်တမ်းမှာတော့ ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ အဖြစ် လွှတ်တော် အတွင်း ရွေးချယ်တင်မြှောက် ခံခဲ့ရသူ ဘီးလူးကျွန်း ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်က မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ရဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အောင်နိုင်ဦး ကို Mawlamyine Daily မှ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
MD - အခုဆိုရင် ဆရာက ဒုဥက္ကဋ္ဌ လည်းဖြစ်လာပြီ ဆိုတော့ ဘာတွေလုပ်ဖို့ အစီအစဉ် ရှိထားပါလဲ။
ANO - ကျနော် အစကတည်းက လွှတ်တော် ဒုဥက္ကဋ္ဌ အရမ်းဖြစ်ချင်ခဲ့တာ။ကျနော့် အနေနဲ ဥက္ကဋ္ဌ ဘယ်လိုမှ မှန်းလို့ မရဘူးဆိုတာသိတယ်။ဝန်ကြီးထက် ဒုဥက္ကဋ္ဌ ပိုပြီးတော့ ဘာကြောင့် ဖြစ်ချင်ရလဲဆိုတော့ ဒီမိုကရေစီအသွင် ကူးပြောင်းရေးကာလမှာ လွှတ်တော်ရဲ့ တောင့်တင်း ခိုင်မာမှုကိုဖြစ်ချင်တယ်။ဒါကျနော့်ရဲ့ ဆန္ဒပါ။
ပြီးခဲ့တဲ့ ငါးနှစ်တာကာလမှာ ကျနော်လွှတ်တော်ဘက်မှာရှိခဲ့သော်ငြားလည်းဘဲ လွှတ်တော်က အပြန်အလှန်ထိန်းကျောင်းမှုမှာရော၊အစိုးရဲ့ တာဝန်ခံမှုကို စောင့်ကြည့်တဲ့ နေရာမှာရော အားနည်းခဲ့ပါတယ်။အဆုံးမှာတော့ လွှတ်တော်က ရုပ်ပြဟန်ပြသဘောမျိုးနဲ့ဘဲ အဲဒီ ၅ နှစ်ကို ဖြတ်သန်းခဲ့ရတယ်။အဲတော့ လွှတ်တော်ရဲ့ အခန်းကဏ္ဍအားနည်းလေလေ ဒီမိုကရေစီ အင်အား ချည့်နည့်လေလေဘဲ။ လွှတ်တော်အင်အားချည့်နဲ့လာလေလေ ဟိုဘက်က အုပ်ချုပ်မှုက အားကောင်း ပြီးတော့ အာဏာရှင်ပုံစံမျိုး ပိုပြီးတော့ ပေါက်လာလေဘဲ။
အဲတော့ အပြန်အလှန် ထိန်းကျောင်း မှုစနစ်အရရော၊တာဝန်ခံမှုစနစ်အရရော အုပ်ချုပ်ရေးအဖွဲ့အစည်းတွေဟာ လွှတ်တော်ကို တာဝန်ခံရမယ်။လွှတ်တော်ကနေပြီးတော့ သက်ဆိုင်ရာမဲဆန္ဒရှင်တွေကို တာဝန်ခံမယ်ဆိုတော့ ကျနော်က လွှတ်တော်ရဲ့အခန်းကဏ္ဍကို တက်စေချင်တာက ကျနော်ခံယူချက်ပါ။အဲဒါကြောင့် လွှတ်တော်ဒုဥက္ကဋ္ဌ တအားဖြစ် ချင်ခဲ့တာပါ။
ကျနော်ဘာဆက်လုပ်မလဲဆိုတော့ ဖြတ်သန်းခဲ့တဲ့ ၅ နှစ်ကာလမှာ အပြန်အလှန်ထိန်း ကျောင်းမယ့် အပိုင်းတွေ၊အစိုးရရဲ့ စီမံကိန်းတွေ တင်ပြ တောင်းဆိုတာကို စောင့်ကြည့်မယ့် အပိုင်းတွေ၊ကျနော်တို့ လွှတ်တော်က အတည်ပြုထားတာကို ဘတ်ဂျက်အတိုင်း အလုပ်လုပ်လား၊မလုပ်ဘူးလား ဆိုတာ ပြီးခဲ့တဲ့ အခြေအနေတုန်းက မထိန်းကျောင်း နိုင်ခဲ့ပါဘူး။ ဒီတော့ ဒီတခေါက် လွှတ်တော်ရဲ့ အခန်းကဏ္ဍ အားကောင်းလာ အောင် အပြန်အလှန်ထိန်းကျောင်းမှု အားကောင်းအောင် လုပ်သွားပါ့မယ်။
MD - ခုနက ဆရာပြောတဲ့အထဲမှာ ပြီးခဲ့တဲ့လွှတ်တော်တုန်းက ဟန်ပြလွှတ်တော်သာ ဖြစ်ခဲ့တယ်လို့ ဆိုတာကို သာဓက နဲ့ရှင်းပြပါလား။
ANO - ဟန်ပြလွှတ်တော်ဖြစ်ခဲ့တယ်ဆိုတာကတော့ အဆိုတွေ၊ဥပဒေတွေ၊မေးခွန်းတွေ အကောင်အထည်ဖော်ဖို့ လွှတ်တော်မှာအတည်ပြုခဲ့တယ်။တကယ်တမ်း အလုပ်လုပ် တာလားဆိုတော့ ဆုံးဖြတ်အတည်ပြုခဲ့တဲ့ အတိုင်းအလုပ်မလုပ်ခဲ့တာများခဲ့ပါတယ်။
အလုပ်မလုပ်တာကို အကောင်အထည်ဖော်မှု ရေးရာကော်မတီအနေနဲ့ ပြီးခဲ့တဲ့ ၅ နှစ်က ကျနော်တို့ တော်တော်လေး ဝေဖန်ဆွေးနွေးခဲ့ပါတယ်။အားနည်းတဲ့အပိုင်းတွေကို ထောက်ပြတယ်။ ကျနော်တို့ လွှတ်တော်က ဝေဖန်ထောက်ပြဆွေးနွေးခဲ့သော်လည်း အစိုးရက ဗိုလ်နေမြဲ၊ကျားနေမြဲ ဒုံရင်း ဒုံရင်းဘဲပြန်ဖြစ်နေတယ်။အဲဒါတွေက ခုနက ကျနော် ပြော ခဲ့သလို ဟန်ပြလွှတ်တော်လဲ ဖြစ်နေတာပေါ့။
တချို့ စီမံကိန်းတွေဆိုလည်း ဒီအတိုင်းဘဲ ကျနော်တို့ လွှတ်တော်က မသိဘဲနဲ့ စီမံကိန်းတွေလုပ်သွားတာ အများကြီးဘဲ။တချို့တွေဆို ကုမ္မဏီတွေကို တင်ဒါခေါ်ပြီးတော့မှ လွှတ်တော်ကိုလာတင်ပြတာ အဲလိုတွေအများကြီးဘဲ။ဥပမာ အတ္ထရံရေ ပေးဝေရေးစီမံ ကိန်းတို့၊သစ်ပုံဆိပ် အိမ်ယာကိစ္စတို့၊ရာမည ၊ ကျားတံတား ဆိပ်ကမ်းကိစ္စတို့ ၊လွှတ်တော် ဘေးနားမှာ လုပ်မယ့် ဟိုတယ်ကိစ္စတို့ အဲဒါတွေက ကျနော်တို့ လွှတ်တော်ကို ကြို တင် တင်ပြပြီးမှာ လုပ်ခဲ့တာမဟုတ်ဘူးလေ။
အမှန်တကယ်ဆို အများပြည်သူနဲ့ သက်ဆိုင်တာ တွေဆိုရင် အစိုးရက လွှတ်တော်ထံ တင်ပြပြီးမှ အလုပ်လုပ်ရမှာဖြစ်ပါတယ်။သူတိုက ပြင်ပ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ လုပ်ပြီးမှာ လွှတ်တော်ထံလာရောက်ပြီး အတည်ပြုချက်ယူတယ် ဆိုတာ လွှတ်တော်ကို တံဆိပ်တုံးထုဖို့နဲ့အကာကွယ်ယူဖို့လောက်ဘဲ လုပ်ခဲ့တယ်။ဒါဆို လွှတ်တော်က ဘာထူးသေးလဲ။ဟန်ပြလွှတ်တော်ပါဘဲ။
MD - လွှတ်တော် ဒုဥက္ကဋ္ဌရဲ့ တာဝန်တွေကဘာတွေလဲ။
ANO - ယေဘုယျ ပြောရမယ်ဆိုရင်တော့ လွှတ်တော် ဥက္ကဋ္ဌရဲ့ တာဝန်က လွှတ်တော်တခုလုံးကို တာဝန်ခံဖို့ပါဘဲ။ လွှတ်တော် အစည်းအဝေးခေါ်ရင် သူက ဦးဆောင်ညှိနှိုင်းပေးရပါတယ်။ ငြင်းခုန်မှုတွေ ဒီမိုကရေစီအရင်သဘောထားကွဲလွဲမှုတွေကို သူက ဦးဆောင် ညှိနှိုင်းပေးရတဲ့ ပုံစံမျိုးနဲ့ သွားတယ်။တကယ်လို့ သူမရှိခဲ့ရင် ဒုဥက္ကဋ္ဌ က သူ့ရဲ့ တာဝန်ကို ယူပေးရပါတယ်။
နောက်တခုက လွှတ်တော်အစည်းအဝေး မဟုတ်တဲ့အချိန်တွေမှာ လွှတ်တော်ရဲ့ လုပ်ငန်းဆောင်တာတို့၊အစိုးရနဲ့ဆက်သွယ်တာ တို့၊လူထုရဲ့ တင်ပြတောင်းဆိုတာတို့၊ထင်မြင် သုံးသပ်ချက်တွေ၊လူထုရဲ့ ပြသနာတင်ပြတာတွေကို လွှတ်တော်က အမြဲတစေလုပ်ရပါတယ်။ အဲဒီအခါကျရင် လွှတ်တော် ဥက္ကဋ္ဌ ရော၊ဒုဥက္ကဋ္ဌရော တာဝန်ခွဲဝေပြီး လုပ်ရပါတယ်။
နောက်ပြီးတော့ ကျနော်တို့ လွှတ်တော်မှာ ရေးရာကော်မတီတွေရှိတယ်။ဒီရေးရာကော်မတီ တွေလုပ်ငန်းပုံမှန်လည်ပတ်ဖို့အတွက် ကျနော်တို့က အားဖြည့်ကူညီပေးရပါတယ်။စီစဉ် ချမှတ် ပေးရတဲ့သဘောလည်းရှိပါတယ်။
အဲဒီအပြင် ဥက္ကဋ္ဌ နဲ့ ကျနော်ကြားမှာတော့ NGO တွေ၊ လူမှုအရပ်ဖက်အဖွဲ့အစည်းတွေ ၊မီဒီယာတွေနဲ့ထိတွေ့ဆက်ဆံ ဖို့ အတွက် ကျနော်ကို တာဝန်ပေးထားတာလည်းရှိပါတယ်။
MD - နောက်ထပ်ဘာများ ဖြည့်စွက်ပြောကြားချင်တာများရှိပါလဲ။
ANO - ဖြစ်ချင်တဲ့ ရည်ရွယ်ချက်ရှိပေမယ့် မမျှော်လင့်ဘဲ လွှတ်တော် ဒုဥက္ကဋ္ဌ ဖြစ်ခဲ့တာ ကျနော် ကိုရွေးချယ်တင်မြှောက်ပေးလိုက်တဲ့ ကိုယ်စားလှယ်တွေက လွှတ်တော်မှာ တော်တော် လေးစုံလင်ပါတယ်။ကျနော်က လွှတ်တော်မှာ တဦး၊တယောက်၊တဖွဲ့ တည်းကမဟုတ်ဘဲ အဖွဲ့အစုံက ကျနော့်ကို ယုံကြည်ချက်တစ်ခုနဲ့ တင်မြှောက်ခဲ့တယ်လို့ ခံယူပါတယ်။အဲဒီ ခံယူ ချက်အရ လွှတ်တော်ကို ပိုပြီးတော့ ကောင်းအောင်၊လူထုရဲ့ အခက်အခဲ ပြသနာတွေကို လည်း ပိုပြီးတော့ ကောင်းအောင်၊နောက်တခုက ဒီအစိုးရနဲ့ အများပြည်သူ အကျိုးအတွက် လိုအပ်အရင် ပူးပေါင်းဆောင်ရွက်တာတွေ ၊လိုအပ်သလို အပြန်အလှန်ထိန်းကျောင်းတာတွေကို လုပ်သွားမယ်လို့ ကတိပေးချင်ပါတယ်။
MD - အခုလို ဖြေကြားပေးတဲ့ မွန်ပြည်နယ် လွှတ်တော် ဒုဥက္ကဋ္ဌကို ကျေးဇူးတင်ပါတယ်။
ANO - ကျနော်လည်း ကျေးဇူးတင်ပါတယ်။
ANO - ကျနော်လည်း ကျေးဇူးတင်ပါတယ်။
Mawlamyine Daily
0 Comments
You are welcome to share your ideas with us in comments! (မှတ်ချက်များပေးရာတွင် သင်၏အကြံဉာဏ်များကို ကျွနိုပ်တို့နှင့် မျှဝေရန် ကြိုဆိုပါသည်။)
Emoji