Ad Code

Responsive Advertisement

ရေစက်ချခြင်းအကြောင်း သိကောင်းစရာ



ရေစက်ချခြင်းအကြောင်း သိကောင်းစရာ
======================
-
ကုသိုလ်ကောင်းမှု အလှူဒါနပြုကြသောအခါ ဆုတောင်းခြင်း ,အမျှဝေခြင်းတို့နှင့်တကွ ရေစက်ချခြင်းကို ပြုလုပ်လေ့ရှိကြ၏။
ရေဖလား , ရေကရားစသည်၌ ရေထည့်၍ အောက်ခံခွက် တစ်ခုပေါ်မှာ ရေတစ်စက် တစ်စက်ချရင်း ဘုန်းကြီးက ရှေ့ က ချပေးသော “ဘန္တေ၊ အရှင်ဘုရား။ မယံ၊တပည့်တော်တို့ သည် ”စသော အလှူစာတမ်းကို လိုက်၍ဆိုခြင်းကိုပင် “ရေစက်ချ ”ဟုခေါ်ကြသည်။
-
“အလှူရေစက် လက်နှင့်မကွာ ”ဆိုသော စကားအရ အလှူဒါန၏ လက္ခဏာသရုပ် ရေဖြင့် အတူပြု၍ ဖော်ထုတ်ခြင်းမှာ လွန်စွာ အဓိပ္ပါယ်ရှိပါသည်။
-
“ရေသည် သန့်ရှင်းကြည်လင်သကဲ့သို့ အလှူဒါနသည် လောဘ,ဒေါသ,မောဟ-စသောကိလေသာ အညစ်အကြေးတို့မှ
သန့်ရှင်းကြည်လင်၏ ”ဟူ၍လည်းကောင်း….
“ရေသည် အေးမြသကဲ့သို့ အလှူဒါနသည် ရန်သူမျိုး ငါးပါးတို့မှ လွတ်ကင်း၍ ကြောက်ရွံ့ ပူပန်ရခြင်း မရှိတော့သဖြင့် အေးမြ၏ ”ဟူ၍လည်းကောင်း
“ရေသည် လောင်းချလိုက်သည်နှင့် တပြိုက်နက် ပြန်၍ ကောက်ယူရရှိနိုင်ခြင်း မရှိတော့ သကဲ့သို့ အလှူဒါနသည်လည်း အလှူခံပုဂ္ဂိုလ်၏ လက်တွင်းသို့ အပ်နှင်းလိုက်သည်နှင့် တပြိုက်နက် ပြန်၍ ရယူနိုင်ရန် မျှော်လင့်ခြင်း မရှိတော့ ”ဟူ၍လည်းကောင်း
ရေသည် အလှူဒါန၏ သန့်ရှင်းခြင်း ကြည်လင်ခြင်း, အေးမြခြင်း သဘောလက္ခဏာနှင့် အာလယပြတ် စွန့်လွတ်မှု လက္ခဏာသဘောကို ကောင်းစွာ ထင်မြင် သဘောပေါက်စေနိုင်ပါသည်။
-
ထို့ကြောင့် အလှူဒါန ပြုရာတွင် “ရေစက်ချခြင်း” ကို ကောင်းစွာသဘောပေါက်၍ ပြုလုပ်သင့်ကြပါသည်။
-
ယင်းသို့ ပြုလုပ်ရာ၌ ဘုန်းကြီးက ပြုလုပ်ပေးခြင်းမှာ အလှူရှင်က ကိုယ်တိုင် မဆိုတတ် မလုပ်တတ်၍ ကိုယ်စားပြုလုပ်ပေးခြင်း ဖြစ်ပါသည်။
-
အမှန်တကယ်က မိမိ၏ အလှူဒါနအတွက် ရေစက်ချ ဆုတောင်းခြင်း, အမျှဝေးခြင်းတို့ကို မိမိကိုယ်တိုင် ပြုလုပ်ခြင်းက ပို၍ လမ်းမှန်ကျသော
ကြောင့် ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေဖြင့် ကိုယ်တိုင် ကိုယ်ကျ ရေစက်ချတတ်,ဆုတောင်းတတ်, အမျှဝေတတ်အောင် လေ့လာထားသင့်ပါကြောင်းနဲ့ရေစက်ချခြင်း/မချခြင်း သာဓကများ
ရေစက်ချခဲ့သည့်သာဓကများ
-
၁။ ဝေဿန္တရာမင်းကြီး =(ပစ္စယဆင်ဖြူတော်၊ သားသမီး နှင့် ဇနီးမယားတို့ အား လှူဒါန်းရာ၌ ရေစက်ချသည်။
-
၂။ ဝေပုလ္လပုဏ္ဏားကြီး =ထမင်းရေချောင်းစီး အလှူကြီးပေးစဉ်က ရေစက်ချခဲ့သည်။
၃။ ဗိမ္ဗိသာရမင်းကြီး =ဝေဠုဝန်ကျောင်း ဆောက်လုပ်လှူဒါန်းပြီးနောက် ရေစက်ချခဲ့သည်။
-
၎။ အနာထပိဏ်သူဌေးကြီး =ဇေတ၀န်ကျောင်းတော်ကြီးကို ဆောက်လုပ်လှူဒါန်စဉ်က ရေစက်ချခဲ့သည်။
-
၅။ ဓနဉ္စယကောရဗျမင်း = ဂရုဓမ္မဇာတ်တွင် ရေစက်ချခဲ့သည်။

ရေစက်မချခဲ့သည့်သာဓကများ
-
၁။ ၀ိသာခါသူဌေးမ =ပုဗ္ဗာရုံကျောင်းတော်ကြီး ဆောက်လုပ်လှူဒါန်းခဲ့သည် ရေစက်မချခဲ့။
-
၂။ ပေဿနဒီကောသလမင်းကြီး =အဿဒိသဒါန အလှူကြီးလှူခဲ့စဉ်က ရေစက်မချခဲ့။
-
၃။ သိဝရာဇ်မင်း =မျက်လုံးဖေါက်လှူခဲ့သည် ရေစက်မချခဲ့။
-
၎။ နေမိမင်း = နေမိဇာတ်တော်မှာ လေ့လာကြပါကုန်လော။
-
အားလုံးပဲ ကိုယ်ကျမ္မာ စိတ်ချမ်းသာစွာဖြင့် သီလဆောက်တည်၊
ဒါနပြုလုပ်ပြီး ဘာဝနာတရားပွားများ အားထုတ်၍ မဂ်ဖိုလ်နိဗ္ဗ္ဗာန်ကို
တိုတောင်းသော ဘ၀တွေနဲ ရနိုင်/ရောက်နိုင်ကြပါစေသတည်း။
===========
U Zaw Moe

Tin Maung
True Man Facebook မှ ကူးယူဖော်ပြသည်။

Post a Comment

0 Comments

Close Menu