Ad Code

Responsive Advertisement

ဘ၀တိုင်း ဆုံချင်လျှင်


✿ ဘ၀တိုင်း ဆုံချင်လျှင် ✿
═══════════════
✿ အခါတပါး၌ မြတ်စွာဘုရားသည် ဘဂ္ဂတိုင်း သုသုမာရဂိရိမြို့တွင် သီတင်းသုံးတော်မူစဉ် နကုလပိတာ နကုလမာတာ အမည်ရှိသော သူကြွယ် ဇနီးမောင်နှံအိမ်သို့ ကြွတော်မူသည်၊ သူကြွယ် ဇနီးမောင်နှံတို့သည် မြတ်စွာဘုရားအား ရိုသေစွာရှိခိုးလျက် သင့်လျော်သောနေရာ၌ ထိုင်နေကြပြီးလျှင် နကုလပိတာ သူကြွယ်က ဤသို့လျှောက်သည်-
မြတ်စွာဘုရား တပည့်တော်သည် အသက်ငယ်ရွယ်စဉ်ကပင် ငယ်ရွယ်သူဖြစ်သော နကုလမာတာနှင့် လက်ထပ်ခဲ့ပါသည်၊ လက်ထပ်သည့်အချိန်ကစ၍ ယနေ့အထိ နကုလမာတာကို ကျော်လွန်ပြီး အခြားသော မိန်းမများထံ စိတ်ရောက်ဖူးသည်ဟု တခါမျှ မရှိခဲ့ဘူးပါ၊ ကိုယ်ထိလက်ရောက် ကျူးလွန်မှုကား ဆိုဖွယ်ရာပင် မရှိတော့ပါ၊ မြတ်စွာဘုရား တပည့်တော်တို့သည် ယခုဘ၀၌လည်း အချင်းချင်းတွေ့ဆုံပြီး နောင်ဘ၀သံသရာ၌လည်း အချင်းချင်းတွေ့ဆုံရန် အလိုရှိကြပါသည်ဘုရား။
✿ နကုလမာတာကလည်း လျှောက်ပြန်သည်-
မြတ်စွာဘုရား တပည့်တော်မ ငယ်ရွယ်စဉ်ကပင် နကုလပိတာနှင့် လက်ထပ်ခဲ့ပါသည်၊ ထိုအခါမှစ၍ တပည့်တော်မသည် နကုလပိတာကို ကျော်လွန်ပြီး ယောက်ျားတပါးထံ စိတ်ရောက်ဖူးသည်ဟု မရှိခဲ့ဘူးပါ၊ ကိုယ်ထိလက်ရောက် ကျူးလွန်မှုကား ဆိုဖွယ်ရာပင် မရှိတော့ပါ၊ မြတ်စွာဘုရား တပည့်တော်တို့သည် ယခုဘ၀၌လည်း အချင်းချင်းတွေ့ဆုံပြီး နောင်ဘ၀သံသရာ၌လည်း အချင်းချင်း တွေ့ဆုံရန် အလိုရှိကြပါသည်ဘုရား။
✿ ထိုအခါ မြတ်စွာဘုရားက ဤသို့ မိန့်တော်မူလေသည်-
သူကြွယ်တို့ ဇနီးမောင်နှံနှစ်ယောက်တို့သည် အကယ်၍ ယခုဘ၀၌ အချင်းချင်းတွေ့ဆုံပြီး နောင်ဘ၀သံသရာ မှာလည်း အချင်းချင်းတွေ့ဆုံချင်ကြလျှင် နှစ်ယောက်လုံးသည်-
၁-တူမျှသော သဒ္ဓါ ရှိကြရမည်။
၂-တူမျှသော အကျင့်သီလ ရှိကြရမည်။
၃-တူမျှသော စွန့်ကြဲမှု စာဂ ရှိကြရမည်။
၎-တူမျှသော အသိဉာဏ်ပညာ ရှိကြရမည်။
✿ ယင်းသို့ တူမျှသော သဒ္ဓါ, တူမျှသာ သီလ, တူမျှသော စာဂ, တူမျှသော ပညာရှိလျှင် ထိုဇနီးမောင်နှံ နှစ်ယောက်တို့သည် ယခုဘ၀လည်း အချင်းချင်းတွေ့ဆုံပြီး နောင်ဘ၀သံသရာမှာလည်း အချင်းချင်း တွေ့ဆုံကြရကုန်၏။
✿ ဇနီးမောင်နှံ နှစ်ယောက်တို့သည် သဒ္ဓါတရား ရှိကြ၏၊ အလှူခံပုဂ္ဂိုလ်၏ အလိုကို သိကြ၏၊ ကိုယ်နှုတ်ကို စောင့်စည်းကြ၏၊ ထိုဇနီးမောင်နှံတို့သည် အချင်းချင်း ချစ်ဖွယ်စကားကို ပြောဆိုကြကုန်လျက် တရားသဖြင့် အသက်မွေးကြ၏။
✿ အကျင့်သီလ တူမျှကြကုန်သော ဇနီးမောင်နှံ နှစ်ယောက်တို့အား စီးပွားဥစ္စာ တိုးပွားလျက် ချမ်းသာစွာ နေထိုင်ရ၏၊ ရန်သူများ မကောင်းမကြံနိုင်ပေ။
✿ တူမျှသော သီလအကျင့်ရှိသော ဇနီးမောင်နှံ နှစ်ဦးတို့သည် ယခုဘ၀တွင် တရားကိုကျင့်၍ နောင်အခါ နတ်ပြည် လောက၌ နှစ်သက်မွေ့လျော်ကာ မတောင့်မတ လိုရာရလျက် ၀မ်းမြောက်ကြရကုန်၏။
( စတုက္က အင်္ဂုတ္တိုရ်၊ ဒု-ပဏ္ဏာသက၊ ပုညာဘိသန္ဓ၀ဂ်၊ ၅-ပဌမ သမဇီဝိသုတ် )
credit to - မင်္ဂလာသတင်းစဉ်
မေတ္တာဖြင့် စုစည်းဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ
(www.infinitydhamma.com)
နှလုံးသားထဲက ဗုဒ္ဓအဆုံးအမများ

Post a Comment

0 Comments

Close Menu