Ad Code

Responsive Advertisement

လူမှုကွန်ရက်စာမျက်နှာ၌ပျံ့နှံ့ခဲ့သော အင်းစိန်ဆေးရုံ သန့်ရှင်းရေးနှင့် လုံခြုံရေးပြဿနာ ဝန်ထမ်းတိုးချဲ့ဆောင်ရွက်မည်


ရန်ကုန် ဧပြီ ၂၂

ရန်ကုန်တိုင်းဒေသကြီး အင်းစိန် ခုတင်(၅ဝဝ)ဆံ့ဆေးရုံ ပထမထပ်၌ အမျိုးသားခွဲစိတ်ကုသဆောင်အနီးရှိ သန့်စင် ခန်းနှင့်တွဲလျက်ရှိသော အနံ့ဆိုးစွန့်ပစ်အမှိုက်ပုံးများအား တာဝန်ကျသန့်ရှင်းရေးဝန်ထမ်းများက အချိန်နှင့်တစ်ပြေးညီ မစွန့်ပစ်ခဲ့သောကြောင့် လူမှုကွန်ရက် အွန်လိုင်းစာမျက်နှာ များတွင် ဓာတ်ပုံနှင့်တကွ ပျံ့နှံ့မှုများ ဧပြီ ၂ဝ ရက်က ဖြစ်ပေါ်ခဲ့သည်။

ယခုအခါ အလုံးစုံ ရှင်းလင်းဆောင်ရွက်ခဲ့သည့်အပြင် ရေရှည်သန့်ရှင်းရေးနှင့် လုံခြုံရေးစီမံချက်များ ချမှတ်ပြီး ဖြစ်ရာ အဆိုပါစီမံချက်ကို မကြာမီဆောင်ရွက်သွားမည် ဖြစ်ကြောင်း အင်းစိန် ခုတင်(၅ဝဝ)ဆံ့ဆေးရုံမှ ဆေးရုံ အုပ်ကြီး ဒေါက်တာအေးအောင်က ပြောကြားသည်။

''ဒီဆေးရုံကြီးက နေ့စဉ်နဲ့အမျှ ဆေးရုံတက်ရောက် ကုသသူ ပုံမှန်ကာလမှာ ဦးရေ ၅ဝဝ ဝန်းကျင်ခန့်ရှိပြီး ရာသီ အကူးအပြောင်းဆို လူကြီး၊ လူငယ် ၆ဝဝ ကျော်လောက် ရှိပါတယ်။ ဆေးရုံက ရှိရင်းကုသဆောင်တွေမှာက တစ်ဆောင်ကို လူနာ ၅ဝ ကုသမှုခံယူနေပြီး လူနာစောင့် အပြင် ပါလာတဲ့မိသားစုဝင်တွေနဲ့ဆို လူနာတစ်ဦးစာကို ငါးဦးလောက်ထိ ဖြစ်နေပါတယ်။ ကုသဆောင်တစ်ခုကို လူနာအပါအဝင် ဦးရေ ၂ဝဝ ဝန်းကျင်လောက်သာ နေနိုင်အောင် လျာထားပေမယ့် ဒီထက်မကတဲ့လူဦးရေတွေဖြစ် ပေါ်နေတာပါ။

သန့်စင်ခန်းကလည်း သုံးလုံးပဲရှိတာဖြစ်ပြီး လုံလောက်မှု မရှိတာတွေကိုတွေ့ရပါတယ်။ အမှိုက်ပုံးတွေဆိုလည်း အမြဲပြည့်နေပါတယ်။ သန့်ရှင်းရေးဝန်ထမ်းကလည်း တစ်ဆောင်ကို နေ့ နှစ်ဦး၊ ည နှစ်ဦးပေါင်းမှ လေးဦးပဲ ရှိတာပါ ။တစ်ဆောင်ကို အမှိုက်ပုံးအကြီး နှစ်ပုံး၊ အသေး ခြောက်ပုံးထားပေးထားပါတယ်။ အမှိုက်တွေကို နေ့ပိုင်းတာဝန်ကျသန့်ရှင်းရေးသမားက လုပ်ရမှာ။ တစ်ရက် နှစ်ရက်လောက်မပစ်မိတော့ အခုလို အမှိုက်တွေကပုံပြီး အနံ့ဆိုးတွေပါထွက်လာတာပါ။ အခုလည်း သန့်ရှင်းရေး ဝန်ထမ်းတွေကို အရေးယူနိုင်ရေးအတွက် စစ်ဆေးနေ ပါပြီ''ဟု ပြောသည်။

ထပ်မံ၍ ၄င်းက'' ဒီပြဿနာတွေကို ဖြေရှင်းဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ရပ်မိရပ်ဖတွေ၊ တိုင်းဒေသကြီး ကျန်းမာရေးဝန်ထမ်းတွေဟာ ဧပြီ ၂ဝ ရက်က လာရောက်ကြည့်ရှု လေ့လာခဲ့ ကြပါတယ်။ လက်ရှိ သန့်ရှင်းရေးဝန်ထမ်းအင်အားတွေထပ်တိုးဖို့နဲ့ ရှိရင်း ဆေးရုံလုံခြုံရေးဝန်ထမ်းတွေကိုပါ သန့်ရှင်းရေးဝန်ထမ်း အဖြစ် ပြောင်းလဲတာဝန်ပေးဖို့ ဆောင်ရွက်ထားပါတယ်။ဆေးရုံက လုံခြုံရေးဝန်ထမ်းတွေကိုတော့  လုံခြုံရေးကုမ္ပဏီမှ ဝန်ထမ်းတွေအဖြစ် ပြောင်းလဲခန့်အပ်သွားဖို့အတွက် လျာထားပါတယ်။ ဒါမှလည်း လိုအပ်နေတဲ့ ဆေးရုံ သန့်ရှင်းရေးနဲ့ လုံခြုံရေးကို ကောင်းစွာထိန်းသိမ်းနိုင်မှာပါ။

လူနာနဲ့လူနာစောင့်တွေက ပုံမှန်လျာထားချက်ထက် များပြားသလို ဆေးရုံတက်လူနာကလည်း တစ်ဆောင်ကို ၅ဝ တောင်မလောက်လို့ ကြားခုတင်ထိုးပြီး ကုသနေတာ တွေကလည်းရှိနေပါသေးတယ် ။ လူနာနဲ လူနာစောင့် အင်အားကများတော့ သန့်ရှင်းရေးနဲ့ ဆေးရုံလုံခြုံရေး အပိုင်းတွေက တာဝန်ကြီးလေးတာပါပဲ'' ဟု ပြောသည်။

အဆိုပါဆေးရုံ၌ အမျိုးသား/အမျိုးသမီး လူနာ ခွဲစိတ်ဆောင် နှစ်ဆောင်၊ ဖျားနာဆောင် နှစ်ဆောင်၊ ကလေးကုသဆောင် နှစ်ဆောင်၊ အရိုးရောဂါကုသဆောင် တစ်ဆောင်၊ သားဖွားမီးယပ် ကုသဆောင် နှစ်ဆောင်နှင့် မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း ကုသဆောင် တစ်ဆောင် တို့ ဖြင့်  စုစုပေါင်း ကုသဆောင် ၁ဝ ခု ရှိကြောင်းသိရသည်။ သန့်ရှင်းရေးဝန်ထမ်းအင်အားမှာလည်း တစ်ဆောင် လျှင်နေ့/ည လေးဦးသာ ရှိသောကြောင့်  ဝန်ထမ်းအင်အား လောက်ငမှုမရှိကြောင်း၊ တစ်ဆောင်လျှင်သန့်စင်ခန်း သုံးလုံးသာရှိ၍ မလောက်ငကြောင်း ဆေးရုံအုပ်ကြီး ရုံးမှ သိရသည်။ယခုအခါထပ်မံ၍ သန့်စင်ခန်းများ တိုးချဲ့ ဆောက်လုပ်ရန် လျာထားပြီး လက်ရှိ ဆောက်လက်စ တိုးချဲ့ဆေးရုံသစ်ကြီးပြီးစီးသွားလျှင် ရှိရင်းလူနာများ ချောင်လည်စွာဖြင့် ဆေးကုသခံမှုယူနိုင်ကြမည်ဖြစ်သည်။

သတင်းနှင့် ဓာတ်ပုံ (စိုးဝင်း-MLA)
The Mirror Daily
https://www.facebook.com/TheMirrorDaily
http://www.thithtoolwin.com/

Post a Comment

0 Comments

Close Menu