Ad Code

Responsive Advertisement

ကျွန်တော်တို့ ကိုယ့်နှာခေါင်းနှင့်ကိုယ့်ပဲ အသက်ရှူပါရစေတော့ ...........လူကြီးမင်းများခင်ဗျား…။



ကျွန်တော်တို့ ကိုယ့်နှာခေါင်းနှင့်ကိုယ့်ပဲ အသက်ရှူပါရစေတော့ ...........လူကြီးမင်းများခင်ဗျား…။
=-=-=-=-=-

ထိုင်းနိုင်ငံ၊ ရနောင်းနှင့် မဟာချိုင်မှာ ကြီးမားတဲ့ ငါးဈေးကွက်ကြီးကို ပိုင်ဆိုင်ထားတယ်။ ထိုင်းနိုင်ငံ အနေဖြင့် ရေထွက်ပစ္စည်း တင်ပို့မှုက ကမ္ဘာမှာ တတိယ အဆင့်အထိ ချိတ်ထားတယ်။ ။ မြန်မာနိုင်ငံရဲ့ ရေသယံဇာတ အဓိက ထွက်ရှိတဲ့ မြိတ်ကျွန်းစုကနေ ရနောင်းတံတားတွေဆီကို နေ့စဉ်မပြတ် တင်ပို့ပေးနေတယ်။ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်လာပြီဖြစ်တဲ့ ဒီလို တင်ပို့မှုတွေကနေ ထိုင်းနိုင်ငံက အရှေ့တောင်အာရှမှာ အဓိက ငါးဈေးကွက်ကြီးကို ပိုင်ဆိုင်ထားလိုက်တယ်။

ကျွန်တော်တို့ နိုင်ငံက ထိုင်းနိုင်ငံရဲ့ အဓိက လိုအပ်ချက်ဖြစ်တဲ့ ငါးပုစွန် ကုန်ကြမ်းတွေကို တင်ပို့ပေးတယ်။ အဲဒီ ငါးပုစွန် ကုန်ကြမ်းတွေကို ထုပ်ပိုး သယ်ယူဖို့အတွက်၊ စက်ရုံကြီးတွေ လည်ပတ်ဖို့အတွက် လိုအပ်တဲ့ လုပ်အားတွေကိုလည်း သွားရောက် လုပ်ကိုင်ပေးရတယ်။

“ထိုင်းနိုင်ငံက မြန်မာနိုင်ငံရဲ့ ရေထွက်ကုန်တွေကို ရယူတဲ့ ပုံစံက ငါးမျိုးလောက်အထိ ရှိပါတယ်။ (၁) ကုမ္ပဏီတွေကို အမည်ခံခိုင်းပြီး ငါးဖမ်းလှေတွေ ပို့ထားတယ်၊ (၂) မြန်မာနိုင်ငံသားတွေကို အမည်ခံခိုင်းပြီး ငါးဖမ်းလှေတွေ ပို့ထားတယ်၊ (၃)မြန်မာနိုင်ငံက အာဏာပိုင်တွေနှင့် ပေါင်းပြီး လုပ်ကိုင်တယ်၊ (၄) တရားမ၀င် ငါးခိုးဖမ်းတယ်၊ (၅) ငါးဖမ်းလှေ တချို့နှင့် ငါးလာရောင်းတဲ့ ဒေသခံတွေကို ငွေကြေးထောက်ပံ့တယ်” လို့ ထိုင်းနိုင်ငံ၊ ရနောင်းမြို့သို့ ပုံမှန် ငါးသွားရောင်းနေသူ လုပ်ငန်းရှင် တစ်ဦးက ရှင်းပြခဲ့တယ်။ ရနောင်းမှာ မြန်မာနိုင်ငံက အမည်ခံ ငါးဖမ်းလှေတွေ ငါးလာရောင်းရင် ကုမ္ပဏီပိုင်ရှင်အမည် ပြောလိုက်ရင်ဖြင့် အခွန်ဆောင်စရာ မလိုခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ လှေတွေက မြန်မာအမည်ခံထားတဲ့ ထိုင်းလှေတွေ ဖြစ်တဲ့အပြင် ထိုင်းအစိုးရ အနေဖြင့်လည်း ရေထွက်ပစ္စည်း အသည်းအသန် လိုနေတာကြောင့် ဒီလို အခွင့်အရေးတွေ ပေးခဲ့တယ်။ ထိုင်းနိုင်ငံ အနေဖြင့် တရားမ၀င် ငါးဖမ်းလုပ်ငန်းတွေ၊ အလုပ်သမား အခွင့်အရေးတွေ ချိုးဖောက်မှုကြောင့် အီးယူရဲ့ ပိတ်ဆို့ အရေးယူမှုတွေ ခံခဲ့ရပြီး ဖုံးထားသမျှ ကျော်မကောင်း ကြားမကောင်းတဲ့အထိ ဖြစ်သွားခဲ့တယ်။ ထိုင်းနိုင်ငံရဲ့ ရေထွက်ကုန်တွေကို ၀ယ်ယူစားသုံးခြင်း မပြုကြဖို့ နိုင်ငံတချို့က သပိတ်မှောက်ခဲ့တယ်။ အခု ထိုင်းနိုင်ငံက မူဝါဒတွေ ပြောင်းလဲနေရပြီ။ ရေလုပ်ငန်းတွေနှင့် ပတ်သက်ပြီး အရေးယူမှုတွေ ဆောင်ရွက်ပြနေရပြီ။ ဒါမှလည်း သူတို့ အီးယူက ပိတ်ဆို့မှုတွေ လျှော့ချပေးလာမှာ ဖြစ်တယ်။ ကဲဒါဆို အခု မြန်မာနိုင်ငံက အမည်ခံ ထိုင်းလှေတွေ ကိစ္စ ဘယ်လိုလုပ်မလဲဆိုတော့ ထိုင်းနိုင်ငံက ရနောင်းမြို့မှာ ငါးလာရောင်းနေတဲ့ လှေတွေကို အခွန်ကောက်ခံဖို့ ဧပြီ ၁ ရက်မှာ စာထုတ်လိုက်တယ်။ နိုင်ငံခြားက ငါး၊ ပုစွန် လာရောင်းတဲ့ လှေတွေအပေါ်မှာ အခွန် ငါးရာခိုင်နှုန်း ကောက်ခံတော့မယ့်ဆိုတဲ့ အကြောင်းပါ။ အရင်ပြောနေကျဖြစ်တဲ့ ရနောင်းက ဘယ်သူဌေးအုပ်စု၊ ဘယ်သူ့လှေဆိုပြီး ပေါ့ပေါ့ပြောလိုက်ရင်တော့ အဲဒီလှေကို ထိုင်းက သိမ်းသွားမယ်။ တကယ်လို့ မြန်မာနိုင်ငံက အမည်ခံထားတဲ့အတွက် မြန်မာအမည်ကို ပြောပြရင် အခွန်ဆောင်ရမယ်။ ဒါကို ထိုင်းက လုပ်ငန်းရှင်တွေက ဘယ်လိုလုပ်ကြမလဲ။ သူတို့ လှေတွေ ပြန်သိမ်းမှာလား။ ပြန်သိမ်းရင်လည်း ဒီမှာက အမည်ပေါက်နေပြီး သားတွေလေ။ မြန်မာက အမည်ခံတွေကလည်း အရောင်းအ၀ယ် လုပ်ပြမလား။ အရောင်းအ၀ယ်ခွန်ကို ဘယ်သူဆောင်မလဲ။ ထိုင်းကရော သူတို့ လှေတွေကို အဆုံးခံမလား။ မာဖီးယား ဂိုဏ်းခေါင်းဆောင် အယ်ကာပုန်းကို အခွန်ကိစ္စနှင့် ဖမ်းလိုက်သလို ဇာတ်လမ်းမျိုးတွေ အများကြီး ကြားလာရမှာ မြင်ယောင်လာပါတယ်။ “ရနောင်းမှာ တံတား ၃၇ စင်း ရှိပါတယ်။ ထိုင်းနိုင်ငံ အနေဖြင့် အဲဒီ တံတားတွေမှာ တစ်နေ့ကို မြန်မာနိုင်ငံက လိုင်းနီ (ငါးဖမ်းလှေ-လိုင်းဖြူ တရားဝင် ငါးသယ်လှေများကို မဆိုလိုပါ) အစင်းရေ ၈၀ လောက် အထိ ငါးလာရောက်ရောင်းချနေတာကို မှတ်တမ်းတင်ထားတယ်လို့ ပြောပါတယ်။ သူတို့က တရားဝင် စာရွက်စာတမ်းတွေ တောင်းခဲ့တယ်။ GRT 100 အထက်ရှိတဲ့ လှေတွေတောင် ၀င်နေတယ်လို့ ပြောပါတယ်။ ဒါကလည်း သူတို့ သိပြီးသားပါ။ အခုမှ တရားဝင် လုပ်ပြရမယ် ဆိုတော့ ကြေငြာချက် ထုတ်တာပါ” လို့ ရနောင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးကို တက်ရောက်ခဲ့သည့် လုပ်ငန်းရှင် တစ်ဦးက ပြောပြခဲ့တယ်။

ထိုင်းမှာ ၀ါလတ် (တရွတ်ဆွဲ) ငါးဖမ်းလှေ အစင်းရေ ၇၀၀ လောက် ငါးဖမ်းလုပ်ငန်း မလုပ်နိုင်ဘဲ ရပ်နားထားရတယ်လို့ သိရတယ်။ အခု ငါးဖမ်းလှေတွေကို တရားဝင် ဆောင်ရွက်ခိုင်းနေတဲ့အပြင် ခြေရာခံစက်များ၊ ဖမ်းမယ့် ငါးဖမ်းကွက်တွေမှာ လျှောက်ထားတဲ့အတိုင်း ဖမ်းဖို့ လုပ်ဆောင်ခိုင်းနေပြီ။ ဒါတောင် အခု ထိုင်းက ငါးဈေးကွက်တွေမှာ ငါးပုစွန်တွေက ပေါပေါလောလော တွေ့နေရတယ်။ သူတို့ ငါးမဖမ်းနိုင်ပေမယ့် ငါး၊ ပုစွန် လာပို့ပေးနေတဲ့ သူတွေထဲမှာ မြန်မာက အမည်ခံတွေက ထိပ်ဆုံးမှာ ရှိနေတယ်။ ထိုင်းနိုင်ငံကို အီးယူက ဒီလို အရေးယူမှုတွေ လုပ်နေချိန်မှာ အခွင့်အရေးကို လက်လွတ်မခံဖို့ အရမ်းကို အရေးကြီးပါတယ်။

ယခင် အစိုးရ လက်ထက်က မူဝါဒတွေ ညံ့ဖျင်းမှု၊ ပညာရှင်များ၏ ထောက်ပြမှုတွေကို အရေးမလုပ်ဘဲ ငါ့ဖို့နှင့် ခရိုနီ တစ်စုအတွက်သာ လုပ်ခဲ့တဲ့ အမူအကျင့်တွေကြောင့် မြန်မာ့ ရေသယံဇာတများလည်း ပြုန်းတီးခဲ့ရပြီးပါပြီ။ ကုန်းပေါ်က အာဏာပိုင်တွေက တစ်မျိုး၊ ရေထဲက အာဏာပိုင်တွေက တစ်မျိုး တိုင်းပြည်အတွက် မကြည့်ဘဲ မိမိတို့ အာဏာရှိစဉ်မှာ ကိုယ့်အတွက်သာ သဲကြီးမဲကြီး ကိုယ်ကျိုးရှာဖွေခဲ့သူများကြောင့် တိုင်းပြည်မှာ အခွန်အခများစွာ နစ်နာခဲ့သလို ထိုင်းနိုင်ငံအတွက် အကျိုးရှိခဲ့တဲ့ ခေတ်လည်း အခုအစိုးရ လက်ထက် (ပြည်သူ့အစိုးရ) မှာ လွတ်မြောက်ပါပြီလို့ ခံယူမိပါတယ်။ ကုန်းပေါ်က ငါးဦးစီးကလည်း ငါးဖမ်းလှေတွေမှာ VMS (Vessel Monitoring System) တပ်ပြီးလွှတ်မယ်၊ ပင်လယ်ထဲက ရေတပ်ကလည်း မှန်မှန်ကန်ကန် တိုင်းပြည်မျက်နှာကြည့်ပြီး လုပ်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ရေထွက်ပစ္စည်း တင်ပို့မှုက ကမ္ဘာ့အဆင့် ရောက်လာပါလိမ့်မယ်။ ရေထွက်ကုန် အသည်းအသန် လိုနေတဲ့ နိုင်ငံတွေက မြန်မာနိုင်ငံကိုလာပြီး အောက်ကျို့ခံရပါလိမ့်မယ်။ ရေထွက်ကုန် ရောင်းရငွေ မပါဘဲ အခွန်အခတွေနှင့်ပင် မြိတ်ကျွန်းစုကို ဖွံ့ဖြိုးအောင် ဆောင်ရွက်လို့ရမယ်။ ထိုင်းနိုင်ငံကို ရောက်နေတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားတွေ ကိုယ့်နိုင်ငံမှာ ပြန်လာပြီး အလုပ်လုပ်နိုင်ဖို့ အခွင့်အလမ်းတွေ ပေါ်လာပါလိမ့်မယ်။ ဒါတွေအားလုံး တစုတစည်းတည်း လုပ်ဖို့အတွက်ကလည်း ကျွန်တော်တို့နိုင်ငံမှာ ရှိပြီးသားပါ။ အဲဒါက ဘာလည်းဆိုတော့ အရှေ့တောင် အာရှမှာ တစ်ခုတည်းသာရှိပြီး အကြီးဆုံးသော အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးကြီး ဖြစ်ပါတယ်။


ယခင် အစိုးရ အဆက်ဆက်တို့ရဲ့ ညံ့ဖျင်းတဲ့ မူဝါဒတွေ၊ ညံ့ဖျင်းတဲ့ တွေးခေါ်မှုတွေ၊ အာဏာရှင်စနစ်ရဲ့ ဆိုးကျိုးတွေ၊ အမည်ခံထားတဲ့ ငါးဖမ်းလှေပိုင်ရှင် ခရိုနီများရဲ့ အများညီလျှင် “ဤ” ကို “ကျွဲ” ဖတ်ခဲ့သည့် အစဉ်အလာများကြောင့် ၁၆ နှစ်ကျော် ကြာသည်အထိ စောင့်စားနေခဲ့ရသော ငါးဈေးကြီး ဖြစ်ပါတယ်။ မြန်မာ့ရေထွက်ကုန်တွေ၊ မြန်မာ့ရွှေ့ပြောင်း လုပ်သားတွေနှင့် စည်ကားနေတဲ့ ရနောင်း၊ မဟာချိုင် ငါးဈေးကွက်ကြီးကို မြန်မာနိုင်ငံကနေ ဆယ်စုနှစ် တစ်ခုကျော်ကြာ စိတ်မကောင်းကြီးစွာနှင့် ကြည့်နေခဲ့ရတဲ့ အပြည်ပြည်ဆိုင်ရာ ငါးဈေးကြီးဟာ အခုဆိုရင် အစိုးရသစ်ရဲ့ မူဝါဒတွေ၊ ထိုင်းနိုင်ငံကို အီးယူရဲ့ ပိတ်ဆို့မှုတွေ ခံနေရတဲ့ အချိန်မှာ ပြန်လည် အသက်ဝင်လာပါလိမ့်မယ်။ ကိုယ့်နိုင်ငံက ရေသယံဇာတတွေ၊ ကိုယ့်နိုင်ငံက အလုပ်သမားတွေနှင့် အကြီးဆုံး ငါးဈေးကွက်ကြီးကို ထိုင်းနိုင်ငံကနေ ပြန်ရောက်အောင်လုပ်ဖို့ လက်ရှိ အစိုးရမှာ တာဝန်ရှိပါတယ်။ ရွှေ့ပြောင်း လုပ်သားတွေရဲ့ မိသားစုဝင်တွေကလည်း မိသားစု ထမင်းတစ်ဝိုင်းတည်း မိမိနိုင်ငံမှာ အတူစားနိုင်ဖို့ အခွင့်အရေး ကိုလက်ရှိအစိုးရမှ အမြန်ဆုံး ဆောင်ရွက်ပေးနိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။ ငါးဈေးကွက်ကြီး မြန်မာနိုင်ငံကို ရောက်ရှိလာတာဟာ အရင်က ကိုယ့်နှာခေါင်းကို သူများအတွက် အသက်ပေးရှူ ထားရာကနေ အခု “ကိုယ့်နှာခေါင်းနျင့်ကိုယ် အသက်ပြန်ရှူ” ရဖို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လုပ်ငန်းရှင်များ အနေဖြင့် ထိုင်းနိုင်ငံတွင် ငါးသွားရောက် ရောင်းချနေရသည့် အနေအထားများမှာ နောက်ပိုင်းတွင် ကျပ်တည်းလာနိုင်ကြောင်း လုပ်ငန်းရှင် တစ်ဦးရဲ့ တင်ပြမှုအပေါ် ယခင် မွေး/ရေ ဒုဝန်ကြီးမှ ငါးဈေးကွက်ကို မြန်မာနိုင်ငံသို့ရောက်အောင် ပြုလုပ်သင့်ကြောင်း နိုင်ငံတကာမှ ၀ယ်လက်များက ငါး၊ ပုစွန်များကို မြိတ်မြို့တွင် လာရောက်ဝယ်ယူရသည့် အနေအထားဖြစ်အောင် ဆောင်ရွက်သင့်ပြီဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့တယ်။ ထိုင်း၊ တရုတ်၊ စင်ကာပူ၊ ဂျပန်၊ သြစတြေးလျနှင့် အီးယူနိုင်ငံများမှလည်း မြန်မာနိုင်ငံမှ ငါး ပုစွန် လာရောက်ဝယ်ယူဖို့ အဆင်သင့် ရှိနေပေမယ့် ငါးဈေးကွက်ကြီးက လက်ရှိ ထိုင်းမှာ ဖြစ်နေတာ တွေ့ရတယ်။

ထိုင်းနိုင်ငံက ရေထွက်ကုန် တင်ပို့မှုကနေ တစ်နှစ်ကို ဒေါ်လာ သန်း ၇၁၀၀ အထိ ရရှိနေပြီး ဗီယက်နမ်က တစ်နှစ်ကို ဒေါ်လာ သန်း ၆၉၀၀ ကနေ ၇၀၀၀ လောက်အထိ ရရှိနေတာ တွေ့ရပါတယ်။ ကမ္ဘာပေါ်မှာ ရေသယံဇာတ ပိုင်ဆိုင်မှု အဆင့် ၁၀ ရှိပြီး ကမ္ဘာ့အသန့်ရှင်းဆုံး ကမ်းရိုးတန်း ၁၀ ခုမှာ ပါဝင်တဲ့ မြန်မာနိုင်ငံ အနေနှင့် ကုန်ကြမ်းအဆင့် တင်ပို့မှုသာ ရှိပြီး ငါးဈေးကွက်ကြီးကိုလည်း ထိုင်းနိုင်ငံကို လွှဲပြောင်း ပေးထားရတာကတော့ ကြည့်လို့ လုံးဝမကောင်းတဲ့ မြင်ကွင်းပါ။ ထိုင်းနိုင်ငံရဲ့ အဓိက ငါးဈေးကွက်ကြီးဖြစ်တဲ့ ရနောင်းနှင့် မဟာချိုင်ကို မြိတ်ကျွန်းစု အတွင်းကနေ ရေလမ်းခရီးနှင့် အဓိက တိုက်ရိုက်သွားတာပါ။ အဲဒီ ရနောင်းနှင့် မဟာချိုင်ကတစ်ဆင့် ကုန်ချောထုတ်လုပ်ပြီး နိုင်ငံတကာကို ပြန်တင်ပို့ကြတာပါ။ အမေရိကန်ဒေါ်လာ သန်း ၇၁၀၀ မှာ မြန်မာနိုင်ငံက အခွန်အခ ဘယ်လောက် ရခဲ့ပြီး ငါးအမျိုးအစား၊ ငါးကုန်တက်ကို ဘယ်လောက် မှတ်တမ်းတင်နိုင်ခဲ့တာလဲ။ ထိုင်းဆိပ်ကမ်း အာဏာပိုင်က ဒုညွှန်ချုပ်ကတော့ ရနောင်းဆိပ်ကမ်းကို ၀င်တဲ့ ကုန်စည်တွေထဲမှာ မြိတ်ကျွန်းစု လာတဲ့ ကုန်တွေက အရမ်းကို ပမာဏ များလွန်းတယ်လို့ ပြောကြားသွားခဲ့ ပြီးပါပြီ။

အခု အစိုးရ လက်ထက်မှာ မြိတ်ကျွန်းစု အတွင်းက လွှတ်တော် အမတ်တွေ တင်ပြသင့်ပါတယ်။ ရက် ၁၀၀ အတွင်း ဆောင်ရွက်ကြမယ့် စီမံကိန်း ကြီးတွေ ထဲမှာ ထိုင်းက ငါးဈေး ကွက်ကြီး မြန်မာနိုင်ငံ ကို ပြန်ရောက် လာဖို့ အစီအစဉ် ထည့်သွင်းသင့်ပါတယ်။ နိုင်ငံတကာက ၀ယ်လက်များက မြိတ်မြို့ မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးကြီးမှာ ငါးပု စွန်တွေ လေ လံလာ ဆွဲဖို့ အခွန်အခတွေကို မြန်မာနိုင်ငံ က ပြန်လည်ရရှိဖို့ လှေ ၀င်လှေ ထွက်တွေ၊ နိုင်ငံတကာက ၀ယ်လက်တွေနှင့် အထူးစည်ကားလာမယ့် ဆိပ်ကမ်းတစ်ခုအဖြစ် မြိတ်မြို့ကို ပုံဖော်ပေး ဖို့ ဆောင်ရွက်ပေးကြ ပါလို့ မေတ္တာရပ်ခံအပ်ပါတယ်။ ဒေသခံပြည်သူများကလည်း စောင့်မျှော်နေကြပါတယ်။====

ကျွန်တော်တို့ ကိုယ့်နှာခေါင်းနှင့်ကိုယ် အသက်ရှူပါရစေတော့။.....................

ဧပြီလ ၁၈ ရက်နေ့ ထုတ် Weelky Eleven ဂျာနယ်မှဆောင်းပါးအား အနည်းငယ်ပြင်ဆင်ပြီးဖော်ပြထားခြင်းဖြစ်ပါသည်။

Writer: ဇော်မိုးဦး (မြိတ်)
Myat Htut - Myeik Facebook မှ ပြန်လည်ကူးယူဖ်ာပြသည်။

Post a Comment

0 Comments

Close Menu