Ad Code

Responsive Advertisement

ထိုင်းနိုင်ငံမှ နေရပ်ပြန် မြန်မာနိုင်ငံသားများ အလုပ်သမားကတ်အပြင် သံရုံးထောက်ခံစာပါ ယူရန်လိုအပ်


ထိုင်းနိုင်ငံမှ နေရပ်ပြန် မြန်မာနိုင်ငံသားများ အလုပ်သမားကတ်အပြင် သံရုံးထောက်ခံစာပါ ယူရန်လိုအပ်
===============================================

မယ်ဆိုင်၊ ဧပြီ(၇) ။ ။ ထိုင်းနိုင်ငံတွင်းမှ နေရပ်ပြန်မည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် အလုပ်သမားကတ် အပြင် သံရုံးထောက်ခံစာပြုလုပ်၍ ပြန်လာရမည်ကို နားမလည်သောကြောင့် ထိုင်းနိုင်ငံအတွင်း စစ်ဆေးရေးဂိတ်များတွင် မကြာခဏ ဖမ်းဆီးခံရကြောင်း သိရသည်။

“ကျွန်တော်က အလုပ်သမားကတ်နဲ့ နေရပ်ကို ပြန်လာတယ်။ ဒါပေမဲ့ လမ်းက စစ်ဆေးရေးဂိတ်တွေမှာ ထိုင်းရဲတွေက ဖမ်းတယ်။ ကျွန်တော့်ကို ပြန်လာမယ်ဆိုရင် သံရုံးထောက်ခံစာ မပါလို့တဲ့။ ကျွန်တော်လည်း သံရုံးထောက်ခံစာယူပြီး ပြန်လာရမယ်ဆိုတာကိုမသိဘူး။ ဘယ်သူမှလည်း မပြောဘူးဗျ” ဟု ရွှေ့ပြောင်းအလုပ်သမားမြန်မာနိုင်ငံသား ကိုရဲမင်းအောင်က ပြောသည်။

ထိုင်းနိုင်ငံအတွင်းရှိ အချို့အလုပ်ရှင်များက မိမိ အလုပ်သမားများကို သံရုံးထောက်ခံစာယူပြီး ပြန်ရမည်ကို အသိမပေးခြင်းကြောင့် တချို့အလုပ်သမားများဖမ်းဆီးခံရကြောင်း ၎င်းထံမှ သိရသည်။

“တချို့က ဒီ အလုပ်လုပ်ခွင့် ပန်းရောင်ကတ်တွေကို ကိုင်ဆောင်ထားပြီဆိုတာနဲ့ လွတ်လွတ်လပ်လပ် သွားလို့ရပြီလို့ ထင်ကြတယ်။ အမှန်က မိမိနေရပ်ကို ပြန်လာမယ်ဆိုရင် အဲဒီ ပန်းရောင်ကတ်နဲ့ ကိုယ်အလုပ်လုပ်တဲ့ နေရာအနီးအနားမှာရှိတဲ့ သက်ဆိုင်ရာဌာနတွေ၊ ပြီးတော့ သံရုံး ထောက်ခံစာတွေ ယူပြီးမှသာ ပြန်လာ လို့ရမှာပါ။ အဲလိုမှမလုပ်ရင် စစ်ဆေးရေးဂိတ်တွေမှာ ဖမ်းခံရပြီး ထိုင်းနိုင်ငံတည်ဆဲဥပဒေအရ အရေးယူခံရမှာပါ။” ဟု ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများကူညီစောင့်ရှောက်ရေးကော်မတီ(CNCMC)လုပ်ငန်းအကောင်ထည်ဖော်ရေးကော်မတီမှ အတွင်းရေးမှူး ဦးစည်သူမောင်က ပြောသည်။

ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်ခွင့် ပေးထားသော ပန်းရောင်ကတ်ပြားများ ထုတ်ပေးသည့် အချိန်တွင် အလုပ်သမားလူမှုဖူလုံရေးနှင့် အလုပ်သမားဦးစီးဌာနမှ အလုပ်သမားကတ်နှင့် ပတ်သက်သည့် သတ်မှတ်ထားသော စည်းမျဉ်း စည်းကမ်းများအား စကားပြန်များနှင့် အသိပညာပေးသင့်သော်လည်း ယင်းကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းမရှိသည့်အတွက် အလုပ်သမားများအနေဖြင့် နားလည်မှု လွဲနေခြင်းဖြစ်သည်ဟု ၎င်းက ထောက်ပြသည်။

မတ်လ နောက်ဆုံးပတ်နှင့် ဧပြီလဆန်းပိုင်းအတွင်း ဆက်တိုက် ဖမ်းဆီးခံရသော ရွှေ့ပြောင်းအလုပ်သမားမြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံ တာဝန်ရှိသူများထံ ပြန်လည် လွှဲပြောင်းလာတိုင်း ထောက်ခံစာယူရန် သိရှိနားလည်ခြင်းမရှိ၍ သံရုံးထောက်ခံစာ ယူမလာသဖြင့် ဖမ်းဆီးခံရသူများကြောင်း သိရသည်။

ရွှေ့ပြောင်း မြန်မာအလုပ်သမားများ နေရပ်ပြန်ချိန်တွင် အများဆုံး ဖမ်းဆီးခံရသည့်နေရာများမှာ တာချီလိတ်-မယ်ဆိုင်လမ်းကြောင်းတွင် ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့နယ်အတွင်းရှိ မယ်ကျန့် စစ်ဆေးရေးဂိတ်နှင့် မြ၀တီ-မဲဆောက် လမ်းကြောင်းတွင် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်များဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ရွှေ့ပြောင်း မြန်မာအလုပ်သမား ( ၁.၆)သန်းကျော်အား၂၀၁၃ ခုနှစ် သြဂုတ် လအထိ အထောက်အထားများ ထုတ်ပေးပြီးဖြစ်ကြောင်း သိရပြီး ထိုင်းနိုင်ငံ တွင် မြန်မာရွှေ့ပြောင်း အလုပ်သမား(၃)သန်းကျော်ခန့်ရှိကြောင်း ရွှေ့ပြောင်းအလုပ်သမားများ
ဆိုင်ရာ စစ်တမ်းများအရ သိရသည်။

သတင်း။ ။ #ကိုဇက်
#TachileikNewsAgency

Post a Comment

0 Comments

Close Menu