Ad Code

Responsive Advertisement

"ဒဂုံစင်တာတွင် အမျိုးသမီးငယ်တစ်ဦးကို ကတ်ကြေးဖြင့် ထိုးမှု ဖြစ်ပွား "


"ဒဂုံစင်တာတွင် အမျိုးသမီးငယ်တစ်ဦးကို ကတ်ကြေးဖြင့် ထိုးမှု ဖြစ်ပွား "

စမ်းချောင်းမြို့နယ် ဒဂုံစင်တာ(၁) ဒုတိယထပ်တွင် ဖွင့်လှစ်ထားသည့် ONYX အလှပစ္စည်းအရောင်းဆိုင်တွင် ဆိုင်ဝန်ထမ်းအမျိုးသမီးကို အမျိုးသားတစ်ဦးမှ ကတ်ကြေးဖြင့်ထိုးခဲ့သည့် အတွက် ညာဘက်မျက်လုံးပျက်စီးခဲ့ပြီး ဒဏ်ရာများစွာ ရရှိခဲ့ကြောင်း စမ်းချောင်းမြို့မရဲစခန်းမှ ရဲမှူးဝင်းမြင့်ဦး က ပြောသည်။

ယနေ့(ဧပြီ၆ရက်) နံနက် ၉နာရီခန့်တွင် အသက်၂၀ ခန့်ရှိ ONYX 
အလှပစ္စည်းအရောင်း ဆိုင်ဝန်ထမ်းအမျိုးသမီးသည် 
ဆိုင်ဖွင့်ရန်ပြင်ဆင်နေစဉ် အသက်၂၃နှစ်အရွယ်ရှိ နေဒွေးဆိုသူ ရောက် ရှိလာကာ အမျိုးသမီးငယ်ကို အပေါ်မှမိုးကာ မျက်နှာကို ကတ်ကြေးဖြင့် အချက်ပေါင်းများစွာ ထိုးခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါရဲအရာရှိက ပြောသည်။
"ကောင်မလေးနဲ့သူနဲ့ရည်းစားတွေလို့ပြောတယ်။ ကောင်မလေးကသူ့ကို
မတွဲချင်တော့ဘူး အဆက်ဖြတ်မယ်လို့ ဖုန်းဆက်ပြောတယ် ။ဒီလိုပြောလို့မနေ့ကလဲ ကောင်မလေးကိုပါးရိုက်သေးတယ်။ ဒီနေ့တော့
ဆိုင်ကို လိုက်လာပြီးကတ်ကြေးနဲ့ထိုးတာ။ ညာဘက်မျက်လုံးတစ်ဖက်တော့ ပျက်စီးသွားတယ်။ ရန်ကုန်ဆေးရုံ ကြီးကို ပို့ပေးထားပါတယ်" ဟု 
စမ်းချောင်းမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

အခင်းဖြစ်ပွားချိန်တွင် ဆိုင်ခန်းများစတင် ဖွင့်လှစ်နေချိန်ဖြစ်ပြီး ကတ်ကြေးဖြင့် အထိုးမခံရမီက အမျိုးသမီးငယ်က ပတ်ဝန်းကျင်ရှိ လုံခြုံရေးများကို အကူအညီတောင်းသော်လည်း မည်သူတစ်ဦးတစ်ယောက်မှ 
ကူညီခဲ့ခြင်း မရှိကြောင်း မျက်မြင်တွေ့သူ အမျိုးသားတစ်ဦးက ပြောသည်။

"ကောင်မလေးအပြင်ထွက်ပြီး အကူအညီတောင်းသေးတယ်။ လုံခြုံရေးဝန်ထမ်းတွေရှိပေမယ့် ဘယ်သူမှဝင်မဆွဲဘူး။ ဆိုင်တွေဖွင့်ကာစ ဆိုတော့ အောက်ထပ်က ၀င်ပေါက်တစ်ခါးတွေ ပိတ်ထားလို့ ပြေးမရတာ။
ကောင်မလေးကို အပေါ်ကတက်ခွပြီး စိတ်ကြိုက်ထိုးနေတာ။ 
ရဲတွေလာတော့မှ လုံခြုံရေးတွေက ရိုက်မယ်နှက်မယ်လုပ်တော့ ရဲတွေက
မလုပ်ခိုင်းဘဲ ခေါ်သွားတာ"ဟု အဆိုပါအမျိုးသားက ပြောသည်။

ကတ်ကြေးဖြင့်အထိုးခံရသည့်အတွက် အမျိုးသမီးမှာ ညာဘက်
မျက်လုံးပေါက်ထွက်ခဲ့ပြီး ဘယ်မျက်လုံးအောက် ဦးခေါင်း ၊ မေးစေ့နှင့် 
လက်တို့တွင် ကတ်ကြေး ဒဏ်ရာများ ရရှိခဲ့ပြီးရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် (အတွင်းလူနာ)မစိုးရိမ်ရအဖြစ် တက်ရောက်ကုသနေကြောင်း ရဲမှူးဝင်းမြင့်ဦး 
ကပြောသည်။

"ပြစ်မှုကျူးလွန်သူကိုဖမ်းမိထားပါတယ်။ သူတို့နှစ်ယောက်က လှည်းတန်း ထန်းတပင်နောက်လမ်းမှာနေတယ်။ ကောင်လေးဇာတိက တောင်ကြီးကပါ။ 
ရန်ကုန်မှာ အဆောင်နေတယ်။ ဘာကြောင့်ခုလိုလုပ်ရလဲ ဆိုတာ ကိုတော့ ဆက်ပြီးစစ်နေတယ်"ဟု အဆိုပါရဲအရာရှိက ပြောသည်။

ပြစ်မှုကျူးလွန်သူ နေဒွေးကို စမ်းချောင်းမြို့မ ရဲစခန်းမှ ပြစ်မှုပုဒ်မ၃၂၆/ ၃၀၇ /၄၅၂ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သတင်းရရှိသည်။

ဓာတ်ပုံ-စမ်းချောင်းရဲစခန်း
Ref: 7 Days News Journal 

Post a Comment

0 Comments

Close Menu