Ad Code

Responsive Advertisement

မြန်မာ-တရုတ်ဆက်ဆံရေးကို ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကြီးများဖြင့်‌ သုံးသပ်ခြင်း

စာရေးသူသည် နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ၃၇ နှစ်ကျော် တာဝန်ထမ်းဆောင်ပြီးနောက် ညွှန်ကြားရေးမှူးအဆင့်ဖြင့် မကြာမီက အငြိမ်းစားယူခဲ့ပါသည်။ အငြိမ်းစားမယူမီ နှစ်နှစ် ကျော်ခန့်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန လက်အောက်၌ ဖွဲ့စည်းထားသည့်‌ Think Tank (မြန်မာလို မဟာဗျူဟာမြောက်လေ့လာသုံးသပ်သူ/အဖွဲ့ဟုခေါ်ရပါမည်)ဖြစ်သည့်‌ “မြန်မာနိုင်ငံမဟာဗျူဟာ နှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့” (Myanmar Institute of Strategic and International Studies) တွင် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တွဲဘက်သည့်‌ တွဲဘက်အတွင်းရေးမှူး(၂)အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ အငြိမ်းစားယူပြီးနောက် ယင်းအဖွဲ့တွင် အဖွဲ့ဥက္ကဌ အငြိမ်းစားသံအမတ်ကြီး ဦးညွန့်မောင်ရှိန်က အဖွဲ့ဝင်အဖြစ် ဆက်လက်ပါဝင်စေသဖြင့်‌ အဖွဲ့ဝင်အဖြစ်ဆောင်ရွက်နေပါသည်။
နှစ်ဦးနှစ်ဘက်ပြဿနာများကို ဖြေရှင်းရန်အတွက် အသုံးပြုသော သံတမန်လမ်းကြောင်းများ (Tracks of Diplomacy)ရှိရာတွင်၊ နိုင်ငံ/အစိုးရအချင်းချင်းအဆင့်‌၌ အသုံးပြုသော သံတမန်လမ်းကြောင်းကို လမ်းကြောင်းတစ်သံတမန်နည်းလမ်း (Track One Diplomacy) ဟု လည်းကောင်း၊ “မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့” ကဲ့သို့ Think Tank များအသုံးပြုသော သံတမန်လမ်းကြောင်းကို လမ်းကြောင်းနှစ်သံတမန်နည်းလမ်း (Track Two Diplomacy) ဟုလည်းကောင်း ခေါ်‌ဝ်ါကြောင်း၊ လမ်းကြောင်းနှစ်ခုစလုံး၌ အားသာချက်နှင့်‌ အားနည်းချက်များရှိကြောင်း၊ လမ်းကြောင်းနှစ်သည် လမ်းကြောင်းတစ်ကို အားဖြည့်‌ပံ့ပိုးပေး (Complement)ပြီး၊ လမ်းကြောင်းတစ်တွင် အကြောင်းတစ်စုံတစ်ရာကြောင့်‌ ပြောမရ/ပြောမ ဖြစ်သည့်‌ကိစ္စများရှိပါက လမ်းကြောင်းနှစ်တွင် ပွင့်ပွင့်‌လင်းလင်း (Candidly) တစ်ဘက်ကိုပြော ကြားနိုင်ကြောင်း အကျဉ်းချုပ်ရှင်းပြလိုပါသည်။
ငြိမ်းချမ်းသောအချိန်ကာလတွင် နိုင်ငံ၏အချုပ်အခြာအာဏာနှင့်‌ နယ်မြေတည်တံ့ခိုင်မြဲမှုကို ထိန်းသိမ်းကာကွယ်သော ပထမခံစစ် (First Line of Defence) အဖြစ် နိုင်ငံ၏အမျိုသား အကျိုးစီးပွားကို ကာကွယ်၊ မြှင့်‌တင် (Protect and Promote)သည့်‌ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ၃၇ နှစ်ကျော်တာဝန်ထမ်းဆောင်ခဲ့စဉ် နှင့် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့တွင် ပါဝင်ဆောင်ရွက်လျက်ရှိရာတွင် သိရှိရ၊ လေ့လာရ၊ မှတ်သားရသည့် အသိ၊ အတွေ့အကြုံများ အရ မြန်မာနိုင်ငံအတွက် အိမ်နီးချင်းနိုင်ငံများနှင့်‌ ဆက်ဆံရေးကောင်းမွန်ရန်သည် အရေးအကြီး ဆုံးဖြစ်သည်ကို စာရေးသူ ကောင်းစွာသိရှိပါသည်။ အဆိုပါ အသိ၊
အတွေ့အကြုံများအရ မြန်မာ-တရုတ်ဆက်ဆံရေးနှင့်‌ပတ်သက်၍ မြန်မာတစ်ဦးအနေဖြင့်‌ မြန်မာရှုထောင့်‌မှ စာရေးသူ ပွင့်‌ပွင့် လင်းလင်း သုံးသပ်မှတ်ချက်ပြုလိုသည်များရှိပါသည်။ (တရုတ်သုတေသီများလည်း မြန်မာ- တရုတ် ဆက်ဆံရေးနှင့်‌ ပတ်သက်၍ တရုတ်ရှုထောင့်‌မှ ယင်းသို့သုံးသပ်သည်များ အများအပြားရှိပါသည်။)
နိုင်ငံခြားရေးဝန်ကြီးဒေါ်အောင်ဆန်းစုကြည်နှင့်‌ တရုတ်နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi  တို့ ၅-၄-၂၀၁၆ ရက်နေ့က တွေ့ဆုံပြီးနောက် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် Mr. Wang Yi က စကားပြန်မှတစ်ဆင့်‌ “တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေဖို့ စေတနာရှိရှိဖော်ဆောင်နေတာတွေရှိပါတယ်။ ဒါက တရုတ်အစိုးရနဲ့ ပြည်သူတွေရဲ့ရင်ထဲက သဘောထားဖြစ်ပါတယ်၊ အခုမြန်မာနိုင်ငံမှာဆောင်ရွက်နေတဲ့ အကြီးစားစီမံကိန်းတွေဟာ များသောအားဖြင့်‌ တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်နေတာဖြစ်ပါတယ်။ အဲဒီပူးပေါင်းဆောင်ရွက်မှုဟာ တရုတ်-မြန်မာချစ်ကြည်ရေးကို ပြသနေတာလည်းဖြစ်ပါတယ်။
တရုတ်ကုမ္ပဏီတွေအနေနဲ့လည်း အခု ဆောင်ရွက်နေတဲ့ စီမံကိန်းများကို ဒေသခံပြည်သူလူထုကို အကျိုးအမြတ်ခံစားနေရရန် ကြိုးပမ်း ဆောင်ရွက်နေပါတယ်” ဟုပြောကြားသည်ဟု VOA (မြန်မာပိုင်း) ၏ ၆-၄-၂၀၁၆ ရက်နေ့သတင်း တွင်ဖတ်ရှုရပါသည်။
ငြိမ်းချမ်းစွာအတူ ယှဉ်တွဲ နေထိုင်ရေးမူကြီးများ
မြန်မာနိုင်ငံနှင့်‌ နယ်နိမိတ်ထိဆက်လျက်ရှိသည့်‌ အိမ်နီးချင်းငါးနိုင်ငံအနက် နိုင်ငံကြီး နှစ်နိုင်ငံဖြစ်သည့်‌ တရုတ်နှင့် အိန္ဒိယ နှင့်‌ မြန်မာတို့ ပူးတွဲဖေါ်ဆောင်ခဲ့သော ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီးငါးမူ (Five Principles of Peaceful Co-existence) ကို နိုင်ငံတကာဆက်ဆံရေး၌ နိုင်ငံအချင်းချင်းဆက်ဆံရေးဆိုင်ရာ အရေးကြီးသောအခြေခံမူများ (Sacrosanct Principles) အဖြစ်လည်း နိုင်ငံတကာအသိုက်အဝန်းက လက်ခံထားပြီဖြစ်ပါသည်။ အဆိုပါမူများသည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ
- အချုပ်အခြာအာဏာနှင့်‌နယ်မြေတည်တံ့ခိုင်မြဲမှုကိုအပြန်အလှန်လေးစားရေး၊
- မကျူးကျော်ရေး၊
- ပြည်တွင်းရေးတွင်ဝင်ရောက်မစွက်ဖက်ရေး၊
- တန်းတူရည်တူရှိရေးနှင့်‌ နှစ်ဘက်အကျိုးရှိသည့်‌ ပူးပေါင်းဆောင်ရွက်မှုပြုလုပ်ရေး၊
- ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး တို့ဖြစ်ပါသည်။ အဆိုပါမူများကို ပူးတွဲဖော်ဆောင်ခဲ့သည့်‌ မြန်မာ-တရုတ်နှစ်နိုင်ငံ၏ဆက်ဆံရေးတွင် အပြောသာမဟုတ်လက်တွေ့ပါ (Both Words and Deeds) နှစ်ဘက်စလုံး လိုက်နာကျင့်‌ သုံးကြရပါမည်။ စာရေးသူ၏ မြန်မာ-တရုတ်ဆက်ဆံရေးဆိုင်ရာ သုံးသပ်ချက်များသည် ဤမူကြီး ငါးမူအပေါ်အခြေခံပါသည်။
အချုပ်အခြာအာဏာနှင့်‌ နယ်မြေတည်တံ့ခိုင်မြဲမှုကိုအပြန်အလှန်လေးစားရေးနှင့်‌ နှစ်နိုင်ငံ တန်းတူရည်တူရှိရေး
နှစ်နိုင်ငံဆက်ဆံရေးတွင် တစ်နိုင်ငံ၏ အချုပ်အခြာအာဏာ (Sovereignty) နှင့်‌ နယ်မြေတည်တံ့ခိုင်မြဲမှု (Territorial Integrity)ကို ကျန်နိုင်ငံက လေးစားရေးမူသည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီးငါးမူ၏ ပထမဆုံးနှင့်‌ အခြေခံအကျဆုံးမူဖြစ်ပါသည်။ အချုပ်အခြာ အာဏာအရာတွင် အပြန်အလှန်လေးစားသည်သာမက အချုပ်အခြာအာဏာ နှင့် နှစ်နိုင်ငံတန်းတူ ရည်တူရှိမှု (Sovereign Equality) တို့ကိုပါ အပြန်အလှန် အသိအမှတ်ပြုကာ လိုက်နာကျင့်‌ကြံရမည်ဖြစ်ပါသည်။ နိုင်ငံခေါင်းဆောင် (Statesman)များ အနေဖြင့်‌ ကိုယ့်‌နိုင်ငံအား အခြားနိုင်ငံများက တန်းတူရည်တူ လေးစား၊ အသိအမှတ်ပြု၊ ဆက်ဆံခံရစေရန် ကိုယ့်‌နိုင်ငံ၏ ဂုဏ်သိက္ခာကို အဘက်ဘက်မှထိန်းသိမ်းရန် အရည်အချင်းရှိရ၊ တာဝန်ရှိရ၊ ဆောင်ရွက်ရမည်ဖြစ်ပြီး၊ ကိုယ့်နိုင်ငံကိုအခြားနိုင်ငံက တန်းတူရည်တူရှိသည်ဟု အသိအမှတ်ပြုခြင်းမခံရစေသည့်‌ကိစ္စများ၊ လက်အောက်ခံသဖွယ် နှိမ့်ချဆက်ဆံခံရစေသည့်‌ကိစ္စများကို သတိ၊ ဉာဏ်ပညာ၊ အြေ‌မ်ာအမြင်တို့ဖြင့်‌ သတိထားရှောင်ကြဉ်ရန်/ဟန့်တားရန် တာဝန်ရှိပါသည်။ တစ်နိုင်ငံနှင့် တစ်နိုင်ငံဆက်ဆံရာတွင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကိုတန်ဘိုးထားပါသည်/ပိုမိုမြှင့်‌တင်လိုပါသည်ဟု ပါးစပ်ကပြောသော်လည်း လက်တွေ့တွင် တန်းတူရည်တူဆက်ဆံခြင်းမပြုဘဲ လက်အောက်ခံပြည်နယ်တစ်ခုအဆင့်‌ ထားရှိဆက်ဆံခံနေရပါလျင် ယင်းကဲ့သို့ နှစ်နိုင်ငံဆက်ဆံရေးသည် မည်သို့ ဆက်ဆံရေးဖြစ်သည်ကို မေးခွန်းထုတ်ရမည်/ ပြုပြင်စေရမည်ဖြစ်ပါသည်။ အတိတ်ကာလ၏ မကြာသေးမီအချိန်အထိ မြန်မာနိုင်ငံအပေါ် တရုတ်ဗဟိုအစိုးရနှင့်‌ ယူနန်ပြည်နယ်အာဏာပိုင်တို့၏ သဘောထားနှင့်‌ လက်တွေ့အမူအကျင့်‌များကို သုံးသပ်ကာ ပစ္စုပ္ပန်တွင်ပြုပြင်ပြီး၊ ယနေ့မှစ၍ မြန်မာ-တရုတ်ဆက်ဆံရေးတွင် အချုပ်အခြာအာဏာကို လေးစားသည်ဆိုရုံသာမက တန်းတူရည်တူရှိမှုကိုပါ အသိအမှတ်ပြု၊ လက်တွေ့လည်း ကျင့်‌သုံးခံရရန်ကိစ္စသည် မြန်မာနိုင်ငံ၏ ပစ္စုပ္ပန်နှင့်င့်‌အနာဂတ် အမျိုးသား အကျိုးစီးပွားအတွက် အခြေခံအကျဆုံးနှင့်‌ ပထမအရေးအကြီးဆုံး လိုအပ်ချက်ဖြစ်နေသည်ဟု စာရေးသူသုံးသပ်ပါသည်။  ချစ်ခင်ပါသည်၊ စေတနာထားပါသည်ဆိုသော လှပသည့်‌စကားလုံးများတွင် အချုပ်အခြာအာဏာနှင့်‌ တန်းတူရည်တူရှိမှုကို  အသိအမှတ်ပြု လေးစား၊ လက်တွေ့ကျင့်‌သုံးသည့်‌ အနှစ်သာရ နှင့်‌လက်တွေ့လုပ်ရပ် အပြည့်‌အဝပါရှိ/ယှဉ်တွဲနေရမည်ဟု စာရေးသူသုံးသပ်ပါသည်။
မြန်မာနိုင်ငံမဟာဗျုဟာ နှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့သည် အခြားနိုင်ငံများမှ အလားတူအဖွဲ့များနှင့်‌ မြန်မာနိုင်ငံ နှင့်‌ သက်ဆိုင်ရာနိုင်ငံ၏ နှစ်နိုင်ငံဆက်ဆံရေးနှင့်‌ ဒေသဆိုင်ရာ ကိစ္စများနှင့်‌ ပတ်သက်၍ သဘောထားအမြင်ဖလှယ်ခြင်းများ ပြုလုပ်ပါသည်။ အလျဉ်းသင့်‌၍ ဖော်ပြရပါလျှင်၊ တရုတ်နိုင်ငံအင်အားကြီးမားလာ (Rising China) သည့်‌ကိစ္စ၊ တရုတ်နှင့်‌ဒေသတွင်းနိုင်ငံများ (မြန်မာအပါအဝင်) ၏ ဆက်ဆံရေးများ၊ တောင်တရုတ်ပင်လယ်အငြင်းပွားမှုများနှင့်‌ ပတ်သက်၍ ရှန်ဟိုင်းမှမဟာဗျူဟာလေ့လာရေးအဖွဲ့ တစ်ဖွဲ့နှင့်‌ သဘောထားအမြင်ဖလှယ်စဉ်က ယင်းအဖွဲ့မှပညာရှင်တစ်ဦးက၊ “တရုတ်နိုင်ငံသည် အရွယ်အစားနှင့်‌အင်အားကြီးသော နဂါး သတ္တဝာကဲ့သို့ဖြစ်ကြောင်း၊ အရွယ်အစားနှင့်‌အင်အားကြီးသောသတ္တဝာများ အနည်းငယ်မျှ ရွှေ့လျားလှုပ်ရှားလျှင်ပင် ပတ်ဝန်းကျင်ကို အနည်းနှင့်‌အများ ထိခိုက်တတ်ကြောင်း၊ ယင်းကိုနားလည်စေလိုကြောင်း” ဟု ပြောပါသည်။ စာရေးသူက၊ “နဂါးသည်တောရိုင်းတိရစ္ဆာန် (creature of the jungle) ဖြစ်ကြောင်း၊ တောအတွင်းတွင် တောတွင်းဥပဒေ(Law of the Jungle) စိုးမိုးကြောင်း၊ မြန်မာ၊ တရုတ်နှင့် အိန္ဒယတို့ ပူးတွဲဖေါ်ဆောင်ခဲ့သည့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး ငါးမူအား နိုင်ငံအချင်းချင်းဆက်ဆံရေးဆိုင်ရာ အရေးကြီးသောအြေ‌ခခံမူများ (Sacrosanct Principles) အဖြစ် ယဉ်ကျေးသော နိုင်ငံတကာအသိုက်အဝန်း (civilized international community) က လက်ခံထားပြီဖြစ်ရာ ဖော်ဆောင်သူ မိမိတို့ သုံးနိုင်ငံသည် အဆိုပါမူကြီးများကို တိတိကျကျလိုက်နာကျင့်‌သုံးရန် မူလတာဝန်အရှိဆုံးဖြစ်ကြောင်း၊
မြန်မာ၊ တရုတ် နှင့် ဒေသတွင်း နိုင်ငံအားလုံးသည် ယဉ်ကျေးသိမ်မွေ့သောနိုင်ငံ(civilized nation)များဖြစ်ရာ အဆိုပါမူကြီးများ၊ ကုလသမဂ္ဂပဋိဉာဉ်စာချုပ်နှင့်‌ အပြည်ပြည်ဆိုင်ရာဥပဒေ၏ အခြေခံမူများ (Principles of United Nations and International Law)ကို တိတိကျကျလိုက်နာကျင့်‌သုံးဆက်ဆံကြရမည်” ဟု တုန့်ပြန်ပြောကြားခဲ့ပါသည်။
မကျူးကျော်ရေးနှင့် ပြည်တွင်းရေးတွင် ဝင်ရောက်မစွက်ဖက်ရေး ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီးငါးမူကို လိုက်နာကျင့်‌သုံးမည်ဟု နှစ်နိုင်ငံ ပဋိညာဉ်ပြုထားကြပါလျက်၊ နှစ်နိုင်ငံခေါင်းဆောင်များ အပြန်အလှန်လည်ပတ်၊ ခင်မင်ရင်းနှီးလှပါသည်ဆိုနေလျက်ပင် တရုတ်သည် အတိတ်တစ်ချိန်က ကွန်မြူနစ်ပါတီအချင်းချင်း ဆက်ဆံရေးဟု ဆိုကာ မြန်မာနိုင်ငံအား  လက်အောက်ခံကွန်မြူနစ် နိုင်ငံဖြစ်စေရန် ကြိုးပမ်းခဲ့ပါသည်။
ကုန်းနယ်နိမိတ်ထိဆက်နေသည့်‌ နိုင်ငံများ၏ နယ်ခြားမျဉ်း၏ နှစ်ဘက်လုံးတွင် လူမျိုးတူများ အစဉ်အဆက်နေထိုင်တတ်ကြရာ ၎င်းတို့သည် တစ်ဘက်နှင့်‌တစ်ဘက် ကူးလူးဆက်ဆံကြပါသည်။
နယ်စပ်ဖြတ်ကျော်မှုခင်းများလည်း ကျူးလွန်တတ်ကြပါသည်။ တရားမဝင်နယ်စပ်ဖြတ်ကျော်ရွှေ့ပြောင်း ဝင်ရောက်နေထိုင်တတ်ပါသည်။ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်ကာ သစ်၊ ကျောက်မျက်ရတ နာ၊ ရွှေနှင့်‌ သယံဇာတခိုးယူခြင်း၊ မူးယစ်ဆေးဝားနှင့်‌လက်နက်ကုန်ကူးခြင်း၊ လူကုန်ကူးခြင်းများပြုလုပ်ကြပါသည်။ မြန်မာ-တရုတ်နယ်ခြားကိုဖြတ်ကျော်လာပြီး ယင်းကိစ္စများ အားလုံးဖြစ်ပေါ်လျက်ရှိရာ မြန်မာနိုင်ငံအတွက် များစွာနစ်နာဆုံးရှုံးလျက်ရှိပါသည်။ (ဤကိစ္စများတွင် မြန်မာဘက်မှ အာဏာပိုင်အဆင့်‌ဆင့်‌မှ သာမန်ပြည်သူအဆင့်‌အထိ အားနည်းချက်များရှိနေပါသည်။) မြန်မာဘက်တွင် သစ်ခိုးသည့်‌တရုတ်များကို ဥပဒေနှင့်‌အညီ အရေးယူပြစ်ဒါဏ်ပေးသည့်‌အခါတွင် အချုပ်အခြာအာဏာကို လေးစားသည်ဆိုပါလျက် တရုတ်အစိုးရက မြန်မာအစိုးရ ကိုဖိအားပေးပြီး အရေးယူထားရာမှလွှတ်ပေးစေပါသည်။ နှစ်နိုင်ငံနယ်ခြား မြန်မာဘက်ရှိလူမျိုးတူများကို တရုတ်ဘက်ရှိ လူမျိုးတူများက စစ်ရေးဆိုင်ရာအပါအဝင် အထောက်အပံ့များပေးသည် ဟု သတင်းများအရသိရှိရပါသည်။  
မကြာသေးမီက အမေရိကန်ပြည်ထောင်စုအခြေစိုက် Stimson သုတေသနဌာနမှ တရုတ်သုတေသီ Yun Sun အား VOAမှ ဦးကျော်ဇံသာက တွေ့ဆုံမေးမြန်းစဉ် တရုတ်က ဘာကြောင့်‌ UWSA နှင့်‌ ကိုးကန့်တို့ကို အားပေးအားမြှောက်လုပ်ရသလဲ၊ ဒါဟာမြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးကို အဟန့်အတားဖြစ်မနေဘူးလားဟုမေးသည်ကို Yun Sun က တုန့်ပြန်ရာတွင်၊ ဒီ သူပုန်တွေ ဟာတရုတ်နဲ့ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးတဲ့ဆက်ဆံရေး၊ စီးပွားရေးဆက်နွယ်မှု၊ နိုင်ငံရေးအရ ဆွေးနွေး ဆက်ဆံမှုတွေရှိနေကြောင်း၊ … တရုတနိုင်ငံမှာ မြန်မာအစိုးရက ငါတို့နဲ့ ပူးပေါင်းဆောင်ရွက်တာ မလိုလားဘူးဆိုရင်တော့ ငါတို့အနေနဲ့ မြန်မာနဲ့ဆက်ဆံရေး အလျှော့အတင်းလုပ်နိုင်အောင် ဒီသူပုန်တွေကိုကိုင်ထားရမယ်ဆိုတဲ့၊ မြန်မာကိုထိန်းကွပ်ရာမှာ ဒီအင်အားစုတွေဟာ တကယ်ထိရောက်တဲ့ ကရိယာတွေလို့ ယုံကြည်သူတွေရှိနေကြောင်း၊ … မြန်မာကိုနှစ် ၂၀ ကျော် ကူညီထောက်ခံကာ လုံခြုံရေးကောင်စီတွင်ချမှတ်မည့်‌ဆုံးဖြတ်ချက်ကို ဗီတိုသုံးပယ်ချခဲ့ကြောင်း၊ ဒါပေမဲ့ တရုတ်စီမံကိန်းတွေကိုရပ်ဆိုင်းပြီး အမေရိကန်ဘက်လှည့်‌သွားသဖြင့်‌ မြန်မာအတွက်ဒီ ထက်ပိုမလုပ်ပေးနိုင် ဟုယူဆကြသူများရှိနေကြောင်း၊ ယင်းအကြောင်းများကြောင့်‌  နယ်စပ်တိုင်းရင်းသားတချို့ကိုအ သုံးချပြီး မြန်မာနိုင်ငံအပေါ်ထိန်းညှိသင့်တယ်လို့ တရုတ်အချိ့ကယူဆကြောင်း၊ ၎င်းတို့ရဲ့အယူ အဆကို နားလည်နိုင်လိမ့်မည်ဟုယူဆသည်ဟု ပြောကြားသည်ဟု VOA သတင်းတွင်ဖတ်ရှုရပါ သည်။ Yun Sun ပြောကြားချက်များအရ တရုတ်နိုင်ငံတွင် ဖြစ်ပေါ်နေသည့် မြန်မာနိုင်ငံဆိုင်ရာ သဘောထားအမြင်များကိုသိရှိရပါသည်။ ယင်းသဘောထားအမြင်များကိုထင်ဟပ်သည့်‌ ဖြစ်ရပ် များ မြေပြင်တွင်ဖြစ်ပေါ်လျက်ရှိပါသည်။  သို့ဖြစ်ရာ၊ ယခုပစ္စုပ္ပန်တွင် တရုတ်၊ အထူးသဖြင့်‌ ယူနန် ပြည်နယ်၊ သည်မြန်မာနိုင်ငံအား အနုနည်းဖြင့်‌ ကျုးကျော်၊ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်၊ မြန်မာအားခြိမ်းခြောက်အကြပ်ကိုင်(Threat & Blackmail)လျက်ရှိသည်ဟု စာရေးသူခံစားရပါသည်။
နှစ်ဘက်အကျိုးရှိသည့်‌ပူးပေါင်းဆောင်ရွက်မှုပြုလုပ်ရေး
နှစ်ဘက်အကျိုးရှိမည့်‌ ပူးပေါင်းဆောင်ရွက်မှု (Win-Win Cooperation) ပြုလုပ် မည်ဟုကမ်းလှမ်းချက်သည် ငွေကြေးအရင်းအမြစ်/နည်းပညာ/လူသားအရင်းအမြစ်များ မရှိ သော/အားနည်းသော နိုင်ငံများအတွက် မက်မောဖွယ်ရာဖြစ်ပါသည်။  နှစ်ဘက်အကျိုးရှိမည်ဟု ဆိုသည့်‌ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုပြုလုပ်ရာတွင် လက်ခံသည့်‌နိုင်ငံနှင့်‌ ရင်နှီးမြှုပ်နှံသည့်‌ နိုင်ငံ/ကုမ္ပဏီ နှစ်ဘက်လုံး အကျိုးအမြတ် (Win-Win) မျှမျှတတ ဖြစ်ထွန်းရမည်ဖြစ်ပါသည်။ ယင်းသို့ပူးပေါင်းဆောင်ရွက်မှု/နိုင်ငံခြားမှလာရောက်ရင်းနှီးမြှုပ်နှံမှုသည် လက်ခံသည့်‌နိုင်ငံ၏ ဖွံ့ ဖြိုးတိုးတက်မှုကို ထိထိရောက်ရောက်အထောက်အကူဖြစ်စေရမည် ဖြစ်ပါသည်။ လွန်ခဲ့သည့်‌ ဆယ်စုနှစ်များအတွင်း တရုတ်နိုင်ငံခေါင်းဆောင်များ၏ ၎င်းတို့နိုင်ငံနှင့်‌လူမျိုးအပေါ်စေတနာရှိ ခြင်း၊ နိုင်ငံနှင့်‌လူမျိုးဂုဏ်တင့်‌စေလိုခြင်း၊ ၄င်းတို့ကိုယ်တိုင်လည်းပညာ(Education)၊ ဗဟုသုတ (Knowledge)၊ အတွေ့အကြုံ (Experience)၊ အမြှော်အမြင်(Vision)များရှိခြင်းတို့ဖြင့် ပြည်ပသို့ တင်ပို့ရောင်းချနိုင်မည့်‌ ကုန်ပစ္စည်းများထုတ်လုပ်သည့်‌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ခွင့်‌ပြုလက်ခံခဲ့ရာ အလုပ်အကိုင်များဖန်တီးပေးနိုင်၊ နည်းပညာများရရှိ၊ ပြည်ပပို့ကုန်ဝင်ငွေများရရှိ၊ နိုင်ငံ၏ လူမှု-စီးပွားအခြေအနေများစွာ တိုးတက်ပြီး ကမ္ဘာပေါ်တွင် ဒုတိယစီးပွားရေးအင်အားအကြီးဆုံးနိုင်ငံ ဖြစ်လာပါသည်။  
တရုတ်နိုင်ငံတွင်ရင်းနှီးမြှုပ်နှံကြသည့်‌နိုင်ငံ/ကုမ္ပဏီများလည်း အကျိုးအမြတ် ကောင်းစွာရရှိကြပါသည်။ ယင်းသည် နှစ်ဘက်အမှန်တကယ်အကျိုးရှိခြင်း (Truly Win-Win) ဖြစ်ပါသည်။
စီးပွားရေးအင်အားကြီးမားတောင့်‌တင်းလာသည့်‌ တရုတ်နိုင်ငံနှင့်‌တရုတ်ကုမ္ပဏီများက အခြားနိုင်ငံများတွင် နှစ်ဘက်အကျိုးရှိမည့်‌ ပူးပေါင်းဆောင်ရွက်မှု (Win-Win Cooperation) ဟု ကမ်းလှမ်းရင်းနှီးမြှုပ်နှံမှုများသည်မူ သက်ဆိုင်ရာအိမ်ရှင်နိုင်ငံအတွက် အထက်တွင်ဖော်ပြသည့်‌ တရုတ်နိုင်ငံအကျိုးကျေးဇူးရရှိသည့်‌ ရင်းနှီးမြှုပ်နှံမှုမျိုးများမဟုတ်ဘဲ၊ တရုတ်နိုင်ငံလိုအပ်သည့်‌ ကုန်ကြမ်းများ၊ ရေနံနှင့်‌ဓာတ်ငွေ့နှင့်‌သယံဇာတများထုတ်ယူသည့်‌ ရင်းနှီးမြှုပ်နှံမှုများ အများစုဖြစ် ပါသည်။ ယင်းရင်းနှီးမြှုပ်နှံမှုများတွင် လက်ခံသည့်‌နိုင်ငံအာဏာပိုင်များအားလာဘ်ပေးကာ တရုတ်ဘက်အသာရသည့်‌ သဘောတူစာချုပ်ချုပ်ဆိုရယူခြင်း၊ ထုတ်ယူမည့်‌ ကုန်ကြမ်း၊ ရေနံ/ ဓာတ်ငွေ့၊ သယံဇာတအတွက် ဈေးနှိမ့်သတ်မှတ်စေခြင်း၊ လုပ်ငန်းဆောင်ရွက်မည့်နေရာဒေသတွင် အဓမြေ္မ မသိမ်းစေခြင်း/ဒေသခံများကိုရွှေ့ပြောင်းစေခြင်း၊ သစ်တော၊ မြစ်ချောင်းအင်းအိုင်နှင့်‌ သဘာဝပတ်ဝန်းကျင်ပျက်စီးစေခြင်း၊ အိမ်ရှင်နိုင်ငံက တရုတ်ဘဏ်များမှ ငွေချေးရလျင် အတိုးနှုန်း များပြားခြင်း၊ တရုတ်အလုပ်သမားများကိုခေါ်သွင်းလာပြီး လုပ်ငန်းပြီးဆုံးသော်လည်း ဆက်လက် နေထိုင်ခြင်းစသည်တို့ကြောင့်‌ အကျိုးအမြတ်နှင့်‌မည်သို့မျှပင်မကာမိသည့်‌ အိမ်ရှင်နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုကို ရေရှည်ထိခိုက်အဟန့်အတားပင်ဖြစ်စေသည့်‌ လူမှု-စီးပွားပြဿနာများကြုံတွေ့ရသော နိုင်ငံများရှိပါသည်။
Mr. Wang Yi ရည်ညွှန်းသည့်‌ မြန်မာနိုင်ငံမှာဆောင်ရွက်နေတဲ့ အကြီးစားစီမံကိန်းများ သည် တရုတ်နိုင်ငံလိုအပ်သည့်‌ ကုန်ကြမ်းများ၊ ရေနံနှင့်‌ဓာတ်ငွေ့နှင့်‌သယံဇာတများထုတ်ယူသည့်‌ စီမံကိန်းများဖြစ်ကာ စီမံကိန်းဆောင်ရွက်ရာဒေသခံလယ်သမားများ၏ လယ်မြေများကို လျော်ကြေး မပေး/လျော်ကြေးအနည်းငယ်ဖြင့်‌ အဓမ္မအသိမ်းခံရခြင်း၊ ၎င်းတို့၏ အသက်မွေးဝမ်းကျောင်း အလုပ်များဆုံးရှုံးကာ ယင်းမှတစ်ဆင့်‌မိသားစုများလူမှု-စီးပွားဘဝဆိုင်ရာဆုံးရှုံးမှုများဖြစ်ပေါ်ခြင်း၊ နိုင်ငံအတွက်အဖိုးမဖြတ်နိုင်သည့်‌ စိုကပျိုးမြေ/သစ်တော/မြစ်ချောင်းအင်းအိုင်ဆုံးရှုံးခြင်း၊ သဘာဝပတ်ဝန်းကျင်ပျက်စီးခြင်း စသည့်‌ဆုံးရှုံးမှုများ ဦးစွာဖြစ်ပေါ်ပါသည်။ သဘောတူထားသည့်‌ ပစ္စည်းကိုထုတ်ယူရာတွင်လည်းကောင်း၊သန့်စင်ရာတွင်လည်းကောင်း  နောက်ထပ်သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်းနှင့်‌ ယင်းမှတဆင့်‌ စိုက်ပျိုးမြေ/သစ်တော/မြစ်ချောင်းအင်းအိုင်ဆုံးရှုံးခြင်း ထပ်မံဖြစ် ပေါ်ပါသည်။
စီမံကိန်းများတွင် သဘောတူထားသည့်‌ ပစ္စည်းအပြင်၊ သစ်တောရှင်းရာမှထွက် လာသည့်‌ သစ်နှင့်‌သစ်တောထွက်ပစ္စည်းများနှင့်‌ တူးဖော်ရာတွင်ထွက်လာသည့်‌ သဘောတူညီချက် တွင်မပါသော သယံဇာတများကိုလည်းယူကြပါသည်။ စီမံကိန်းတစ်ခုတွင် တူးဖော်ရာ၌ထွက်သညြေ့်‌ မကြီးကိုပင်သယ်ယူသွားကြပါသည်။ ယင်းမြေများတွင် သဘောတူညီချက်၌မပါသည့် မည်သည့်‌ အဖိုးတန်သယံဇာတများပါသွားသည်ကိုပင်မသိနိုင်ပါ။ Mr. Wang Yi က တရုတ်ကမ္ပဏီတွေအ နေနဲ့လည်း အခုဆောင်ရွက်နေတဲ့စီမံကိန်းများသည် ဒေသခံပြည်သူလူထုကို အကျိုးအမြတ်ခံစား နေရရန်
ကြိုးပမ်းဆောင်ရွက်နေပါတယ်ဟုပြောရာ၊ မည်သည့်‌ စီမံကိန်းသည် ဒေသခံပြည်သူလူထု အား မည်သည့်‌အကျိုးအမြတ်ကို မည်မျှခံစားရစေပါသနည်း? အကျိုးအမြတ်ဆိုသည်များသည် ဖော်ပြထားသည့်‌
ဦးစွာဆုံးရှုံမှုများအတွက်ပင် ထိုက်တန်ပါသလား? “မျက်မွေးတစ်ဆုံးထက်ပို၍ မျက်စေ့တစ်ဆုံးကြည့်” ပါက ဆုံးရှုံးမှုများအားလုံး၏ ရေရှည်ဆိုးကျိုးများအတွက် မည်သို့ ကုစားမည်နည်း၊ ကုစား၍ရနိုင်ပါမည်လား?
မြန်မာနိုင်ငံက ခွင့်‌ပြုလက်ခံခဲ့သည့်‌ တရုတ်၏ပူးပေါင်း ဆောင်ရွက်မှု/ရင်းနှီးမြှုပ်နှံမှုများသည် တရုတ်နိုင်ငံခေါင်းဆောင်များက တရုတ်နိုင်ငံအတွက် ခေါင်း ဆောင်ကောင်းများပီသစွာ တရုတ်နိုင်ငံနှင့်‌လူမျိုးအပေါ်ထားရှိသည့်‌စေတနာနှင့်‌ ၎င်းတို့၏ ပညာ၊ ဗဟုသုတ၊ အတွေ့အကြုံ၊ ရေရှည်အြေ‌မ်ာအမြင်အခြေခံတို့ဖြင့် တရုတ်နိုင်ငံအတွက် ခွင့်‌ပြုလက်ခံ ခဲ့သော အလုပ်အကိုင်များဖန်တီးပေးနိုင်၊ နည်းပညာများရရှိပြီး ပြည်ပသို့တင်ပို့ရောင်းချနိုင်မည့်‌ ကုန်ပစ္စည်းများထုတ်လုပ်ကာ နိုင်ငံ၏လူမှု-စီးပွားအခြေအနေ သိသာထိရောက်စွာ တိုးတက်စေ သည့်‌ ပူးပေါင်းဆောင်ရွက်မှု/ရင်းနှီးမြှုပ်နှံမှုမျိုးများဖြစ်ပါရဲ့လား?
နှစ်ဘက်မျှမျှတတ အကျိုးရှိ သည့်‌ ပူးပေါင်းဆောင်ရွက်မှု/ရင်းနှီးမြှုပ်နှံမှုများဟု သတ်မှတ်နိုင်ပါရဲ့လား? စသည့်‌သုံးသပ်မှုများ ပြုလုပ်ရမည်ဖြစ်ပါသည်။
၁၉၈၈ ခုနှစ်မှ ၂၀၁၅ ခုနှစ်ကုန်အထိ မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှု သည် အမေရိကန်ဒေါ်လာ ၁၅.၂၇၄ ဘီလီယံရှိကာ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံသည့်‌ နိုင်ငံများအနက် အများဆုံးဖြစ်ပြီး မြန်မာနိုင်ငံတွင်ပြည်ပရင်းနှီးမြှုပ်နှံမှုစုစုပေါင်း၏ ၅၀%ခန့် ရှိပါသည်။ သို့ဖြစ်ရာ၊ ယင်းမျှများပြားသည့်‌ ရင်းနှီးမြှုပ်နှံမှုသည် မြန်မာနိုင်ငံ၏ လူမှု-စီးပွား ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူဖြစ်-မဖြစ်၊ အထောက်အကူဖြစ်သည်ဆိုလျှင် မည်မျှဖြစ်စေ သည်၊ အထက်တွင်ဖော်ပြသည့်‌ပျက်စီးဆုံးရှုံးမှုများနှင့်‌ကာမိ-မကာမိ၊ စုစုပေါင်းအမြတ်-အရှုံးတို့ကို လည်း သုံးသပ်ရပါမည်။
Yun Sun အား VOAမှ ဦးကျော်ဇံသာက တွေ့ဆုံမေးမြန်းစဉ် မြန်မာနိုင်ငံ၌ သယံဇာတများ ပြောင်တလင်းခါအောင် တရုတ်ဘက်ကအမြတ်ထုတ်သွားသည်ဟု  သဘောထားအမြင် ဖြစ်ပေါ်နေသည့်ကိစ္စကိုမေးရာ၊  Yun Sun ကမငြင်းပယ်ပါ။ နိုင်ငံတကာ၏ အရေးယူမှုကိုခံနေရ သည့်‌ စစ်အစိုးရလက်ထက်တွင် တရုတ်သည် လုံခြုံရေးကောင်စီ၌ မြန်မာနိုင်ငံအရေးယူခံရမည့်‌ ကိစ္စကို ဗီတိုသုံးပယ်ချခဲ့ကြောင်း၊ မြန်မာနိုင်ငံမိတ်ဆွေကင်းမဲ့နေချိန်တွင်ကူညီခဲ့ကြောင်း၊ မြန်မာမှာ ရွေးစရာမရှိခဲ့ကြောင်း၊ ဒါ့ကြောင့်‌ မြန်မာနိုင်ငံတွင်စီးပွားရေးလုပ်ငန်းများလုပ်ခြင်းသည် မျှတသည် ဟု တရုတ်များကသဘောထား အမြင်ရှိကြသည်ဟုပြောပါသည်။ ဦးကျော်ဇံသာဆိုလိုသည့်‌ မြန်မာ နိုင်ငံ၌ သယံဇာတများ ပြောင်တလင်းခါအောင် တရုတ်ဘက်ကအမြတ်ထုတ်သွားသည်မှာ တရား မျှတသည်ဟု Yun Sun ကဆိုလိုခြင်းဖြစ်သည်ဟု စာရေးသူအဓိပ္ပါယ်ကောက်ယူပါသည်။
မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို မြန်မာပြည်သူတစ်ရပ်လုံးက ကန့်ကွက်ခြင်းသည် မြန်မာနိုင်ငံ၏ အရေးပါလှသောအသက်သွေးကြောမကြီးဖြစ်သည့်‌ ဧရာဝတီမြစ်ကြီးပျက်စီးဆုံးရှုံး နိုင်၍လည်းကောင်း၊ တန်ဖိုးမဖြတ်နိုင်သည့်‌ သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမည်ဖြစ်၍လည်းကောင်း၊ ဒေသခံပြည်သူများ၏ လူမှု-စီးပွားဘဝများထိခိုက်ဆုံးရှုံးမည်ဖြစ်၍လည်းကောင်း၊ ငလျင်၊ ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်အဖြစ် နှင်းဖုံးတောင်များမှနှင်းများအရည်ပျော်ကျကာ မြစ်ရေရုတ်တရက်တိုးခြင်းစသည့် သဘာဝဘေးအန္တရာယ်ကျရောက်နိုင်ပြီး ရေကာတာများပျက်စီးကာ ဧရာဝတီမြစ်တစ်လျှောက်လုံး ဘေးအန္တရာယ်ကြုံတွေ့နိုင်သည့်‌ ခိုင်လုံ/ခိုင်မာသည့်‌စိုးရိမ်ပူပန်မှုများကြောင့်‌ဖြစ်ပါသည်။ တရုတ်နိုင်ငံနှင့်‌ ပူးပေါင်းဆောင်ရွက်သည့်‌ စီမံကိန်းဖြစ်၍ ကန့်ကွက်ခြင်း မဟုတ်ပါ။ မြစ်ဆုံစီမံကိန်းသည် အခြားနိုင်ငံများ နှင့်‌ ပူးပေါင်းဆောင်ရွက်မည်ဖြစ်လျှင်လည်း မြန်မာ ပြည်သူတစ်ရပ်လုံးက ဖော်ပြပါစိုးရိမ်ပူပန်မှုများကြောင့်‌ပင် ကန့်ကွက်မည်သာဖြစ်ပါသည်။ လောင်စာစွမ်းအင်အထူးလိုအပ်သော တရုတ်နိုင်ငံအတွက် ရေနံ/ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းများနှင့်‌ နိကယ်လ် သတ္တုစီမံကိန်းများကို မကန့်ကွက်ပါ။ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းနှင့်‌ပတ်သက်၍ ဖော်ပြပါစိုးရိမ်ပူပန်သည့်‌ကိစ္စများဖြစ်ပေါ်လာလျှင် ဒုက္ခရောက်မည့်သူမှာ မြန်မာနိုင်ငံနှင့်‌ ပြည်သူများဖြစ်ပါသည်။ ကျရောက်မည့်‌ဘေးဒုက္ခသည် သေးးငယ်မည်မဟုတ်၊ ကုစားရန် ငွေ၊ အချိန်၊ လူအင်အားများစွာလိုအပ်မည်၊ မြန်မာနိုင်ငံမည်သို့မျှတတ်နိုင်မည်မဟုတ်၊ နိုင်ငံတကာကိုအကူ
အညီတောင်းရမည်ဖြစ်ပါသည်။ တရုတ်သည် ယင်းဘေးဒုက္ခများ ကြုံတွေ့ခံစားရမည်မဟုတ်၊ ကြုံတွေ့ခံစားရမည်ကိုပူပန်နေစရာလည်းမလို၊ ငွေအရင်းအနှီးသာမြှုပ်နှံထားပြီး စီမံကိန်းမှ ထွက် သည့်‌လျှပ်စစ်ဓာတ်အား ၉၀%ကို ယူနန်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ရယူနေပြီး၊  ဘေးဒုက္ခ များကြုံတွေ့ရလျှင်မူ မြန်မာနိုင်ငံနှင့်‌ပြည်သူသာခံပေရော့။ မြန်မာနိုင်ငံနှင့်‌ပြည်သူလူထု၏ တရား နည်းလမ်းကျသောစိုးရိမ်ပူပန်မှုကို ဥေ‌ပက္ခာပြုလျက် မြစ်ဆုံစီမံကိန်းကို အကောင်အထည်ဖော် စေလိုသည့်ကိစ္စသည် “ဘယ်သူသေသေ၊ ငတေမာပြီးရော” သဘောထားဟု စာရေးသူသုံးသပ်ပါ သည်။ Mr. Wang Yi ပြောသည့်‌ “တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ စေ တနာရှိရှိဖော်ဆောင်နေတာတွေရှိပါတယ်၊ ဒါကတရုတ်အစိုးရနဲ့ပြည်သူတွေရဲ့ရင်ထဲကသဘော ထားဖြစ်ပါတယ်” ကိုမည်သို့နားလည်လက်ခံရပါမည်နည်း?
မြစ်ဆုံရေအားလျပ်စစ်စီမံကိန်းနှင့်‌ပတ်သက်၍ စာရေးသူ၏ စိုးရိမ်ပူပန်မှုတစ်ခုလည်းရှိပါသည်။ ယင်းစီမံကိန်းကို အကောင်အထည်ဖော်ဖြစ်လျှင် ယင်း‌ဒေသတွင် ထည်ကြီးမားလှသော ရေပြင်ကျယ်ကြီးရှိနေပါမည်။ရာသီဥတုပြောင်းလဲခြင်းကြောင့်‌ နောင်ဆယ်စုနှစ်အနည်းငယ်အတွင်းဖြစ်ပေါ်လာတော့မည့်‌ ရေအကြပ်အတည်းကြုံလျှင် ပြည်ပရှိတရုတ်ရင်းနှီးမြှုပ်နှံမှု/တရုတ်၏ အကျိုးစီးပွားကိုကာကွယ်ရန်အတွက်ဟု အကြောင်းပြချက်ဖြင့်‌ စစ်အင်အားဖြင့်‌ဝင်ရောက်သိမ်း ပိုက်ပြီး တရုတ်ဘက်သို့ရေလွှဲပို့လျှင် မြန်မာဘာတတ်နိုင်မည်နည်း? “ကမ္ဘာမီးလောင်လျှင်သား တောင်ချနင်းမည်” ဟုဆိုရိုးစကားရှိပါသည်။ ယင်းသို့ဖြစ်လာလျှင် မည်သူကမျှမြန်မာကိုကူနိုင်မည်/ကယ်နိုင်မည်မဟုတ်ပါ။ ယင်းသို့စိုးရိမ်ပူပန်ရသည့်‌ အကြောင်းရှိပါသည်။ စာရေးသူသည် ၂၀၁၅ခုနှစ်အတွင်းက ကူမင်းမြို့၌ ပြုလုပ်သည့်‌ “ပိုးလမ်းကြောင်းစီးပွားရေးရပ်ဝန်းနှင့်‌ ၂၁ ရာစု ပင်လယ်ပိုးလမ်းကြောင်း” (Silk Road Economic Belt and 21st-century Maritime Silk Road)ဆိုင်ရာဆွေးနွေးပွဲ၌  နှစ်ဘက်အကျိုးရှိသည့်‌ ပူးပေါင်းဆောင်ရွက်မှု (Win-Win Cooperation) ဆိုသည်နှင့်‌ပတ်သက်၍ စာရေးသူ၏သဘောထားအမြင်ကို စာတမ်းတင်ပြရန် ဖတ်ရှုလေ့လာရာတွင်၊ တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအောက်၌ ဖွဲ့စည်းထားသည့်‌ Chinese Academy of International Trade and Economic Cooperation မှ သုတေသီ Mei Xinyu ဆိုသူက၊ အထူးကိစ္စပေါ်ပေါက်သည့်‌အခါတွင် ပြည်ပရှိ တရုတ်ကုမ္ပဏီများပိုင် အရင်းအနှီးများကို ကာကွယ်ရန်အတွက် အင်အားမသုံးဟု မပြောနိုင်ကြောင်း (not to rule out the use of force) ပြောဆိုသည်ကို တွေ့ရှိထားခြင်းသည် ယင်းသို့စိုးရိမ်ပူပန်ခြင်းအကြောင်းရင်းဖြစ်ပါသည်။ မကြာမီကသတင်းများတွင် မြန်မာ-တရုတ် ရေနံနှင့်‌ဓာတ်ငွေ့ပိုက်လိုင်းများတစ်လျှောက်မြေကို တရုတ်ကုမ္ပဏီအား စာချုပ်ကာလအတွက် လွှဲပြောင်းပေးထားသည်ဟုလည်း တွေ့ရှိလိုက်ရပါသေးသည်။ ယင်းသို့လွှဲပေးသည်မှန်လျင် ယင်းသို့ပေးသည့်‌ကာလအတွင်း အဆိုပါ မြေပေါ်၌ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာမရှိရာရောက်မည်ဖြစ်ကာ  Mei Xinyu ဆိုလိုသည့်‌ “အထူးကိစ္စ” ပေါ်ပေါက်သည့်‌အခါတွင် တရုတ်နိုင်ငံက တရုတ်ကုမ္ပဏီပိုင်အရင်းအနှီးများကို ကာကွယ်ခွင့်‌ရှိစေမည့် စီရင်ပိုင်ခွင့်‌(Jurisdiction)နှင့် တရားဝင်မှု(Legitimacy)ရရှိနေပြီဖြစ်ပါ မည်။  ဤကိစ္စမှန်နေပါလျှင် ချက်ခြင်းပြင်ဆင်(Correct)သင့်‌ပါသည်။
ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး
အိမ်နီးချင်းကောင်းဆက်ဆံရေး(Good Neighbourly Relations) ကိုတန်ဖိုးထားသည်၊  အိမ်နီးချင်းများဖွံ့ဖြိုးတိုးတက်သာယာဝပြောစေလိုသည်ဟု ပြောဆိုသော်လည်း လက်တွေ့တွင် ခြံချင်းကပ်လျက်အိမ်နီးချင်းသည် ကျွန်တော်၏အိမ်ခြံဝင်း/အိမ်ထဲသို့ ရှေ့တံခါးမကြီးမှ ဖြစ်စေ၊ ခြံစည်းရိုးကိုဖောက်၍ဖြစ်စေ ဝင်ရောက်၍ အဖိုးတန်ပစ္စည်းများကို အကြပ်ကိုင်ဈေးနှိမ်ဝယ်ယူ၊ ပစ္စည်းအချို့ကို ငွေပေးဝယ်ယူခြင်းပင်မပြုဘဲ ပိုင်ရှင်မသိအောင်အိပ်ထဲထည့်‌သွား၊ အိမ်နီးချင်း၏ သားဆိုးများက ကျွန်တော့ခြံထဲဝင်၍ ပစ္စည်းခိုးသည်ကိုမိသဖြင့်‌ရဲတိုင်သည့်‌အခါတွင် ခြိမ်းခြောက်ကာ အမှုရုပ်သိမ်းခိုင်း၊ ကျွန်တော့မိသားစု/ညီအစ်ကိုမောင်နှမများ အချင်းချင်းမသင့်မြတ်စေရန် သွေးခွဲ/မြှောက်ပင့်‌/ရန်တိုက်ပေး၊ ကျွန်တော်၏အဖိုးတန်ပစ္စည်းများကို ၎င်း၏ကြိုက်ဈေးဖြင့်‌ မရောင်းလျှင် တိုက်ရိုက်ဖြစ်စေ/သွယ်ဝိုက်၍ဖြစ်စေ ခြိမ်းခြောက်စေသည်များ ပြုလုပ်နေသည့်‌ ခြံခြင်းကပ်အိမ်နီးချင်းသည် ကျွန်တော်နှင့်‌မိသားစု/ညီအစ်ကိုမောင်နှမများအား မည်သို့စိတ်အေးချမ်းသာရှိ/ချစ်ခင်သင့်မြတ်စေပါမည်နည်း? ကျွန်တော်ဤသို့ခံစားရပါသည်။
တရုတ်ဘက်က၊ မြန်မာပြည်သူလူထုအနေဖြင့်‌ တရုတ်ဆန့်ကျင်သည့်‌သဘောထား အမြင်ဖြစ်ပေါ်နေခြင်းသည် ယခင်မြန်မာစစ်အစိုးရကို တရုတ်အစိုးရက အားပေးထောက်ခံခဲ့ခြင်း၊ မြန်မာနိုင်ငံတွင် တရုတ်စီမံကိန်းများဆောင်ရွက်နေသည့်‌ ကုမ္ပဏီများသည် ဒေသခံလူထုအကျိုး (Corporate Social Responsibility) ဆောင်ရွက်ရန်ပျက်ကွက်ခြင်း၊ မြန်မာ-တရုတ် ပြည်သူ အချင်းချင်းထိတွေ့ဆက်သွယ်မှု(People-to-People Contact)အားနည်းခြင်း၊ ရန်ကုန်မြို့ရှိ  တရုတ်သံအမတ်နှင့်‌သံရုံး၏ အများပြည်သူဆက်ဆံစည်းရုံးရေး(Public Relations) ဆိုင်ရာ ဆောင် ရွက်မှုအားနည်းခြင်းတို့ကြောင့်‌သာဟု အကြောင်းရင်းများ (Root Causes) အနည်းငယ်မျှကိုသာ ရိုးသားစွာဝန်ခံဟန်ဖြင့်‌ဖြစ်စေ၊ ပိုမိုနက်ရှိုင်းသည့်‌အကြောင်းရင်းများဖြစ်သည့်‌ အထက်တွင်စာရေး သူသုံးသပ်ထေားသာ မြန်မာနိုင်ငံနစ်နာဆုံးရှုံးမှုများဖြစ်စေသည့်‌ တရုတ်၏ မူဝါဒနှင့်‌သဘောထား ရပ်တည်ချက်များကိုမပြောင်းလဲဘဲ ဆက်လက်အမြတ်ထုတ်လိုခြင်းနှင့်‌ ယင်းနစ်နာဆုံးရှုံးမှုများကို မကုစားလိုခြင်းတို့ကို မြန်မာတို့မသိ/သဘောမပေါက် “ငတုံးများ” ဟုယူဆကာ ဖုံးကွယ်၍ဖြစ်စေ၊ ဆက်လက်ပြောဆို၊ ရပ်တည်၊ ဆောင်ရွက်နေပါလျှင်၊ မြန်မာကလည်းလက်ခံနေပါလျှင် မြန်မာ-တရုတ်ဆက်ဆံရေးသည် မည်သို့မျှမထူးဘဲ မြန်မာနိုင်ငံနှင့်‌ပြည်သူများ ဆက်လက်နစ်နာဆုံးရှုံး နေမည်ဟု စာရေးသူသုံးသပ်ပါသည်။
နှစ်နိုင်ငံခြားရေးဝန်ကြီးများတွေ့ဆုံရာတွင် နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်‌ရန် သဘောတူညီခဲ့ကြပါသည်။ Mr. Wang Yi က သမိုင်းစာမျက်နှာသစ်ဖွင့်‌လိုက်တဲ့ မြန်မာနိုင်ငံနဲ့ နီးနီးကပ်ကပ် ဆက်လက်ဆက်ဆံသွားဖို့၊ အိမ်နီးချင်းကောင်းအဖြစ်ရပ်တည်သွားဖို့၊ နိုင်ငံတကာအသိုင်းအဝိုင်းကို သတင်းစကားပါးနိုင်အောင် ရောက်လာတာဟုပြောဆိုကြောင်း VOA သတင်းတွင်ဖော်ပြပါသည်။ မြန်မာ-တရုတ်ဆက်ဆံရေးသည် အမှန်တကယ်စာမျက်နှာသစ်သို့ ကူးပြောင်း ရောက်ရှိကာ နှစ်နိုင်ငံ နှင့် အိန္ဒိယနိုင်ငံတို့ပူးတွဲဖော်ဆောင်ခဲ့ကြသည့်‌ ငြိမ်းချမ်းစွာ အတူယဉ်တွဲနေထိုင်ရေးမူကြီးများကို ရည်ရွယ်ရင်းအကြောင်းရင်းများနှင့်‌အညီရော “ပေထက်တင်ထားသည့်‌ အက္ခရာ” များနှင့်‌အညီပါ (In Spirit and Letter) တိတိကျကျ အပြောရော လက်တွေ့ပါ (Both Words and Deeds in Good Faith) လေးစားကျင့်‌သုံးသည့်‌ နှစ်နိုင်ငံဆက်ဆံရေး ယခု ပစ္စုပ္ပန်စတင်၍ဖြစ်ပေါ်လာကာ အဓွန့်ရှည်တည်တံ့ပါစေရန် စာရေးသူဆန္ဒပြုဆုတောင်းလိုက် ပါသည်။
- See more at: http://mizzimaburmese.com/article/13328#sthash.rYsbDdUp.dpuf

Post a Comment

0 Comments

Close Menu