Ad Code

Responsive Advertisement

မိဘကျေးဇူးအကျေဆပ်နည်း


✿ မိဘကျေးဇူးအကျေဆပ်နည်း ✿
═══════════════════
(စာကနဲနဲရှည်ပေမယ့် share လုပ်ထားပြီး အားတဲ့အချိန် နဲနဲ နဲနဲ ဖတ်ကြည့်ပါ)
--------------------------------------------------------------------------------------
Q: အရှင်ဘုရား .......
မိဘကျေးဇူးကို ဘယ်လိုနည်းနဲ့မှ ကျေအောင်မဆပ်နိုင်ဘူးဆိုတာ မှန်ပါသလား၊ မြတ်စွာဘုရားတောင်မှ မိခင်ကျေးဇူးကို နို့တစ်လုံးဖိုးပဲ ဆပ်နိုင်ခဲ့တယ်လို့လည်း ပြောကြလို့ပါ၊ မိဘကျေးဇူး ကျေအောင်ဆပ်တဲ့နည်းရှိရင် မိန့်ကြားပေးတော်မူပါဘုရား။
(မောင်အောင်ဇော်၊ ရန်ကုန်မြို့။)
A: ဒကာအောင်ဇော်ရေ ........
“မြတ်စွာဘုရားရှင်တောင် မိခင်ကျေးဇူးကို နို့တစ်လုံးဖိုးပဲ ကျေအောင်ဆပ်နိုင်ခဲ့တယ်” ဆိုတဲ့ အစဉ်အဆက်စကား လုံးဝ မမှန်ကန်ကြောင်း” “နို့နှစ်လုံးဖိုးကျေပါတယ်” ဆောင်းပါးမှာ ဦးဇင်း အကျယ်တ၀င့် ရေးခဲ့ပြီးပြီမို့ ဒီနေရာမှာ ထပ်မပြောလိုတော့ပါဘူး။
 လိုရင်းကတော့ ..... ဘ၀တစ်ပါးပြောင်းသွားပြီးဖြစ်တဲ့ မယ်တော်(သန္တုဿိတနတ်သား)ကို ဘ၀သံသရာဝဋ်ဒုက္ခက လွတ်မြောက်အောင် ကယ်တင်နိုင်ခဲ့တဲ့အတွက် မြတ်စွာဘုရားရှင်မှာ “အမေ့နို့ဖိုး” တစ်စက်မှ အကြွေးမကျန်တော့ပါဘူး။ မိခင်ကျေးဇူးကို “နို့နှစ်လုံးဖိုး ကျေအောင်” မြတ်စွာဘုရားဆပ်နိုင်ခဲ့ပါတယ်။

မိခင်ကျေးဇူးတွင်လားဆိုတော့ မဟုတ်ပါဘူး။
ဖခင်ကျေးဇူးကိုလည်း “အဖေ့ချွေးဖိုး” တစ်စက်မှ အကြွေး မကျန်အောင် ဆပ်နိုင်ခဲ့တာပါပဲ။ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးကို လူဝတ်ကြောင်ဘ၀နဲ့ ရဟန္တာဖြစ်ပြီး ကျွတ်တမ်းဝင်အောင် လမ်းညွှန်ပေးနိုင်ခဲ့တဲ့အတွက် ဖခင်ကျေးဇူးကို “လက်ရုံးနှစ်ဖက်ဖိုးလုံးကျေအောင်” မြတ်စွာဘုရား ဆပ်နိုင်ခဲ့ပါတယ်။
အမေ့နို့ဖိုးရော၊ အဖေ့လက်ရုံးဖိုးပါ ကျေအောင်ဆပ်နိုင်ခဲ့တဲ့ မြတ်စွာဘုရားရှင်ဟာ မိဘကျေးဇူး အထူးသိ၊ အထူးဆပ်လိုတဲ့ သူတော်ကောင်းတိုင်းအတွက် အတုယူစရာ နမူနာစံပြ ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်ပါပဲ။
 မိဘကျေးဇူးကို ကျေအောင်ဆပ်နိုင်ခဲ့တဲ့ မြတ်စွာဘုရားရှင်က
“ငါကတော့ ဘုရားမို့လို့ မိဘကျေးဇူးကို ကျေအောင်ဆပ်နိုင်တာ၊ သင်တို့ကတော့ သာမန်လူတွေမို့ မိဘကျေးဇူးကို ဘယ်တော့မှ ကျေအောင်ဆပ်နိုင်မှာ မဟုတ်ဘူးလို့” လုံးဝမိန့်တော်မမူခဲ့ပါဘူး။
“ငါဘုရား မိဘကျေးဇူးကို အကျေဆပ်နိုင်သလို သင်ချစ်သား ချစ်သမီးတို့လည်း မိဘကျေးဇူးကို အကျေဆပ်နိုင်ပါတယ်လို့” ပဲ မိန့်တော်မူခဲ့ပါတယ်။
 မိဘကျေးဇူးဆပ်ခြင်းနဲ့ ပတ်သက်တဲ့ ဘုရားအဆုံးအမကိုပြောကြပြီဆိုရင် “မိဘကျေးဇူးကို ဘယ်လိုမှ ကျေအောင် မဆပ်နိုင်ဘူး လို့ မြတ်စွာဘုရားဟောထားတယ်” လို့ လူအများ ပြောလေ့ရှိကြပါတယ်။ အမှန်က “ကျေအောင်မဆပ်နိုင်ဘူးလို့”ဟောထားတာ မဟုတ်ပါဘူး။ “ကျေအောင်ဆပ်ဖို့ မလွယ်ဘူး” လို့ ဟောထားတာပါ။ “လွယ်လွယ်ဆပ်ရုံနဲ့ ကျေးဇူးမကျေနိုင်ဘူး”လို့ ဟောထားတာပါ။ “သာမန်ဆပ်ရုံနဲ့ ကျေးဇူးမကျေနိုင်ဘူး၊ အထူးဆပ်မှ ကျေးဇူးကျေနိုင်တယ်” လို့ ဆိုလိုပါတယ်။(န သုပ္ပဋိကာရံ ၀ဒါမိ)
မြတ်စွာဘုရားရှင်ရဲ့ ဟောကြားချက်မူရင်းကို နားထောင်ကြည့်ပါဦး။
 “ချစ်သား ချစ်သမီးတို့ .......၊ ပုဂ္ဂိုလ်နှစ်ယောက်ရဲ့ ကျေးဇူးကို အလွယ်တကူ ဆပ်ရုံနဲ့ မကျေနိုင်ဘူး၊ ကျေအောင်ဆပ်ဖို့ မလွယ်ဘူးလို့ ငါဘုရားပြောချင်ပါတယ်။ ပုဂ္ဂိုလ်နှစ်ယောက်ဆိုတာ မွေးမိခင်နဲ့ မွေးဖခင်၊ မိဘအရင်းအချာကို ပြောတာပါ။”
“ချစ်သား ချစ်သမီးတို့၊ အနှစ်တစ်ရာသက်တမ်းမှာ အနှစ်တစ်ရာ အသက်ရှည်တဲ့ သားသမီးက အမေကို လက်ယာပခုံးမှာတင်၊ အဖေကို လက်ဝဲပခုံးမှာ တင်ပြီး ရာသက်ပန်ပြုစုလုပ်ကျွေးတယ် ဆိုကြပါစို့၊ ပခုံးထက်က မိဘနှစ်ပါးကို မွှေးပျံ့သင်းကြိုင်အောင် နံ့သာမျိုးစုံနဲ့လည်း ပွတ်တိုက် လိမ်းကျံပေးတယ်၊ အညောင်းအညာပြေအောင် လက်တွေခြေတွေကိုလည်း ဆုပ်နယ်ပေး၊ နှိပ်ပေးတယ်၊
အေးတဲ့အခါ ရေနွေး၊ ပူတဲ့အခါ ရေအေးနဲ့လည်း ရေချိုးသန့်စင်ပေးတယ်၊ ကိုယ်လက် ပေါ့ပါးချမ်းသာအောင် လက်တွေ၊ ခြေတွေကိုလည်း ဆွဲဆန့်ပေးတယ်၊ ပုခုံးထက်မှာပဲ ကျင်ကြီးကျင်ငယ် စွန့်စေတယ်၊ အဲဒီလောက် ပြုစုလုပ်ကျွေးပေမယ့် မိဘကျေးဇူးကို တုံ့ပြန်ပြီးသား၊ အကျေဆပ်ပြီးသား မဖြစ်သေးပါဘူး။”
 “ချစ်သား ချစ်သမီးတို့ .......၊ စကားကုန် ပြောရမယ်ဆိုရင် မိဘနှစ်ပါးကို နှစ်သက်ဖွယ်ရတနာတွေ အများကြီးရှိတဲ့ တစ်မြေပြင်လုံးကို စိုးမိုးအုပ်ချုပ် အကြီးအကဲလုပ်နိုင်တဲ့ စကြ၀တေးမင်းရာထူးမှာထားပြီး ကျေးဇူးဆပ်ဦးတော့
မိဘကျေးဇူးကို ကျေအောင်ဆပ်ရာ မရောက်သေးဘူး။”
 “ချစ်သား ချစ်သမီးတို့ ......၊ ဒီလောက်ကျေးဇူးဆပ်ရဲ့သားနဲ့ ဘာလို့ကျေးဇူးမကျေနိုင်တာလဲ ဆိုရင် မိဘတွေဟာ သာသမီးတွေအပေါ် သိပ်ကို ကျေးဇူးများကြလို့၊ သားသမီးတွေကို ကြီးပြင်းရွယ်ရောက် လူလားမြောက်အောင် ဂရုတစိုက် စောင့်ရှောက်ကြလို့၊ နို့ချို တိုက်ကျွေးမွေးမြူကြလို့၊ ဒီလောကကြီးရဲ့ အာရုံကောင်းဆိုး အမျိုးမျိုးကို သိမြင်အောင် သေချာပြသကြလို့ပါပဲ”
 “ချစ်သား ချစ်သမီးတို့ ......၊ မိဘကျေးဇူး အကျေဆပ်နိုင်တဲ့ နည်းလမ်းတွေကို ငါဘုရားညွှန်ပြပါရစေ၊
 သဒ္ဓါတရားမရှိတဲ့ မိဘကို သဒ္ဓါတရားနဲ့ ပြည့်စုံအောင်၊
 သီလမရှိတဲ့ မိဘကို သီလပြည့်စုံအောင်၊
 မပေးရက် မလှူရက် နှမြောဝန်တိုတဲ့ မိဘကို စွန့်ကြဲပေးကမ်းလှူဒါန်းခြင်းနဲ့ ပြည့်စုံအောင်၊
 ပညာဉာဏ်မရှိတဲ့ မိဘကို ပညာဉာဏ်နဲ့ ပြည့်စုံအောင် ကောင်းစွာနာယူဆောက်တည်စေမယ်၊လေးလေးနက်နက် သက်ဝင်စေမယ်၊ ခိုင်ခိုင်ခံ့ခံ့ တည်တံ့မြဲမြံစေမယ်ဆိုရင် မိဘကျေးဇူးကို တုံ့ပြန်ပြီးသား၊ အကျေဆပ်ပြီးသား ဖြစ်သွားပါတယ်။”
ဒါဟာ ဘုရားဟောမူရင်းပါပဲ။ “မိဘကျေးဇူးကို ဘယ်လိုနည်းနဲ့မှ ကျေအောင်မဆပ်နိုင်ဘူး”လို့ ဟောမထားပါဘူး။ ကျေးဇူးမကျေတဲ့ဆပ်နည်းကိုလည်း အထင်အရှားဖေါ်ထုတ်ထားသလို ကျေးဇူးကျေတဲ့ ဆပ်နည်းကိုလည်း အတိအကျ ညွှန်ပြထားပါတယ်။
► မိဘကျေဇူးဆပ်တဲ့နေရာမှာ" လောကနည်းနဲ့ ဆပ်ခြင်း၊ ဓမ္မနည်းနဲ့ ဆပ်ခြင်း"လို့ ဆပ်နည်းနှစ်မျိုးရှိပါတယ်။
 မိဘအတွက် အစားအသောက်၊ အ၀တ်အထည်၊ နေအိမ်တိုက်တာ၊ ကားရထား စတဲ့ လူမှုအသုံးအဆောင်ပစ္စည်းတွေ ပြည့်စုံအောင် စီမံဖန်တီးပေးတာကို လောကနည်းနဲ့ကျေးဇူးဆပ်တယ်လို့ ခေါ်ပါတယ်။
မိဘရဲ့ စားဝတ်နေရေး ကျန်းမာရေးအတွက် ကိုယ်တတ်စွမ်းသမျှ ရုပ်ဝတ္ထုပစ္စည်းတွေနဲ့ ကျေးဇူးဆပ်တာမို့ “ရုပ်ပိုင်းဆိုင်ရာကျေးဇူးဆပ်နည်း”လို့လည်း ဆိုနိုင်ပါတယ်။
“မိဘကျေးဇူး ဆပ်လို့ မကျေနိုင်ဘူး” ဆိုတာ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကိုပဲ ဖြည့်ဆည်းပေးတဲ့ လောကနည်းကျေးဇူးဆပ်ခြင်းကို ရည်ရွယ်ပြီးပြောတာပါ။
လောကနည်းနဲ့ ကျေးဇူးမကျေဘူးဆိုပေမယ့် အဲဒီနည်းနဲ့လည်း ဆပ်တော့ဆပ်နေရာမှာပါပဲ။ သီတင်းကျွတ်ကျမှ မိဘကို ကန့်တော့တာမျိုး၊ နှစ်သစ်ကူးကျမှ မိဘကို လက်ဆောင်ပစ္စည်းပေးတာ မျိုးလောက်နဲ့ ကျေနပ်မနေဘဲ နေ့စဉ်၊ လစဉ် ဆိုသလို မိဘကို အရိပ်တကြည့်ကြည့်နဲ့ ပြုစုစောင့်ရှောက်သင့်ပါတယ်။
 မိဘက ကိုယ့်ကို ထမင်းဘယ်နှနပ် ကျွေးခဲ့ဖူးသလဲ၊
 ကိုယ်ကရော မိဘကို ထမင်း ဘယ်နှနပ် ပြန်ကျွေးခဲ့ပြီးပြီလဲ၊
 မိဘက ကိုယ့်ကို အင်္ကျီ၊ လုံချည် ဘယ်နှထည် ဆင်ခဲ့ဖူးသလဲ၊
 ကိုယ်ကရော မိဘကို အင်္ကျီ၊ လုံချည် ဘယ်နှထည် ၀ယ်ပေးပြီးပြီလဲ၊ “ပြန်တွေးကြည့်ရင် ရှက်စရာ” ဆိုတဲ့ စကားမျိုး ဘယ်တော့မှ ပြောစရာမလိုအောင် အစွမ်းကုန်ဖြည့်ဆည်းပေးလိုက်စမ်းပါ။
► မိဘသေခါမှ “ကျေးဇူးမဆပ် လိုက်ရလေခြင်း” လို့ အရှက်မရှိ အော်ငိုမနေပါနဲ့။
♦ ပေးမှ၊ လှူမှ မိဘကို ကျေးဇူးဆပ်တာ မဟုတ်ပါဘူး။
မိဘရဲ့ ဝေယျာဝစ္စ ကိစ္စကြီးငယ်ကို လက်ရုံးအားနဲ့ ဆောင်ရွက်ပေးတာဟာလည်း ကျေးဇူးဆပ်တာပါပဲ။ မိဘရဲ့ အင်္ကျီ၊ လုံချည် လျှော်ဖွပ်ပေးတာတို့၊ မိဘကို အညောင်းအညာပြေအောင် နှိပ်နယ်ပေးတာတို့၊ မိဘမကျန်းမာရင် ကိုယ်တိုင်ကိုယ်ကျ ဂရုတစိုက် ပြုစုတာတို့ ပြုလုပ်ပေးသင့်ပါတယ်။
♦ စိတ်ထားမတတ်တဲ့ မိဘ စိတ်ထားတတ်အောင်၊ ကုသိုလ်နည်းပါးတဲ့ မိဘ ကုသိုလ်တိုးပွားအောင် ကူညီပံ့ပိုးပေးတာကို ဓမ္မနည်းနဲ့ ကျေးဇူးဆပ်တယ်လို့ ခေါ်ပါတယ်။
မိဘရဲ့ စိတ်ဓာတ်မြင့်မားရေးအတွက် စိတ်အာဟာရတွေနဲ့ကျေးဇူးဆပ်တာမို့ “စိတ်ပိုင်းဆိုင်ရာကျေးဇူးဆပ်နည်း”လို့လည်း ဆိုနိုင်ပါတယ်။
ကိုယ့်ရဲ့ ကူညီပံ့ပိုးပေးမှုကြောင့် မိဘရဲ့ စိတ်ဓာတ်မြင့်မားမှုနဲ့ ကုသိုလ်တိုးပွားမှုက ဘ၀လွတ်မြောက်မှုအဆင့်ထိ တက်လှမ်းနိုင်သွားပြီဆိုရင် အဲဒီလို တက်လှမ်းနိုင်အောင် ဓမ္မနည်းနဲ့ ကျေးဇူးဆပ်တဲ့ သားသမီးအနေနဲ့ မိဘကျေးဇူးကို အကျေဆပ်ပြီးသား ဖြစ်သွားတော့တာပါပဲ။
“သဒ္ဓါတရားမရှိတဲ့ မိဘကို သဒ္ဓါတရားနဲ့ ပြည့်စုံအောင် ဖန်တီးပေးရမယ်”တဲ့။ နတ်တွေ၊ ဘိုးတော်တွေကို အထင်ကြီး ကိုးကွယ်နေတဲ့ မိဘကို ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးသာ ကိုးကွယ်ရာ အစစ်ဖြစ်ကြောင်း၊ “သေရင်ပြီးပြီ”လို့ ယူဆနေတဲ့ မိဘကို သေရင်မပြီးသေးဘဲ ကိုယ်ပြုထားတဲ့ ကောင်းကံ၊ မကောင်းကံအားလျော်စွာ ဘ၀သစ်ထပ်ဖြစ်ရဦီးမယ့်အကြောင်း၊ ကံကို မယုံတဲ့ မိဘကို သရက်စေ့ထဲမှာ သရက်ပင်ပေါက်ပြီး သရက်သီးတွေ အများကြီးသီးပေးနိုင်တဲ့ ဓာတ်သတ္တိကိန်းဝပ်နေသလို ပြုပြောကြံသမျှ လုပ်ရပ်ထဲ၊ စိတ်ဓာတ်ထဲမှာလည်း ကောင်းကျိုး၊ သို့မဟုတ် ဆိုးကျိုးပေးနိုင်တဲ့ ဓာတ်သတ္တိတွေကိန်းဝပ်နေကြောင်း သဘောပေါက်အောင် ရှင်းပြပေးရမှာပေါ့။
► “သီလမရှိတဲ့ မိဘကို သီလနဲ့ပြည့်စုံအောင်ဖန်တီးပေးရမယ်”တဲ့။ ဒါနကုသိုလ်ကြီးတွေ ဒီလောက်လုပ်ထားမှတော့ သီလမလုံတဲ့ အကုသိုလ်လေးက အကျိုးပေးမှာ မဟုတ်ပါဘူးလို့ ယူဆနေတဲ့မိဘကို ဒါနရှိပြီး သီလမရှိရင် ပစ္စည်းဥစ္စာ ချမ်းသာပေမယ့် အနာရောဂါများတတ်ကြောင်း၊ သေခါနီး ကောင်းရာသုဂတိရောက်ရေးကိစ္စကို သီလကသာ အဆုံးအဖြတ်ပေးကြောင်း နားလည်အောင် ပြောပြပေးရမယ်။ ငါးပါးသီလ စောင့်ထိန်းဖြစ်အောင်၊ ဥပုသ်သီလကျင့်သုံးဖြစ်အောင်လည်း ကူညီဆောင်ရွက်ပေးရမယ်။
► “နှမြောတွန့်တိုတဲ့ မိဘကို အလှူဒါနနဲ့ ပြည့်စုံအောင် ဖန်တီးပေးရမယ်”တဲ့။ “ပေးရင်ကုန်တာပဲ” လို့ ယူဆနေတဲ့ မိဘကို မျိုးစပါးကြဲလိုက်ရင် လက်ထဲမှာ လောလောဆယ် စပါးတွေ ကုန်သွားပေမယ့် စပါးပေါ်ချိန်မှာ ကုန်သွားတဲ့မျိုးစပါးထက် အဆပေါင်းများစွာ သာလွန်တဲ့စပါးတွေ ပြန်ရနိုင်တာမို့ ကုန်တယ်မခေါ်ကြောင်း၊ မေတ္တာစေတနာနဲ့ပေးတဲ့ အပေးမှန်သမျှ ကိုယ်မမျှော်လင့်ပေမယ့် ကိုယ်ရဖို့ချည်းသာဖြစ်ကြောင်း ဒါနနဲ့ မျိုးစေ့နဲ့တူပုံကို လက်ခံလာအောင် ရှင်းပြပေးရပါမယ်။ အလှူဒါနအဆက်မပြတ်ပြုနိုင်အောင်လည်း ကိုယ်တတ်စွမ်းသမျှ အမြဲထောက်ပံ့ပေးရပါမယ်။
► “ပညာဉာဏ်မရှိတဲ့ မိဘကို ပညာဉာဏ်နဲ့ ပြည့်စုံအောင် ဖန်တီးပေးရမယ်တဲ့”။ ကြုံတွေ့လာသမျှ အဖြစ်အပျက်တွေအပေါ် အဆိုးမြင်စိတ်နဲ့ပဲ အဖျက်သဘောတုံ့ပြန်တတ်တဲ့ မိဘကို အကောင်းမြင်စိတ်နဲ့ အပြုသဘောတုံ့ပြန်တတ်အောင်၊ စိတ်ထားမမှန်တဲ့ မိဘကို စိတ်ထားမှန်အောင် စိတ်ရှည်လက်ရှည် ဖျောင်းဖျနားချပေးရပါမယ်။ ၀ိပဿနာအလုပ် အားမထုတ်ချင်တဲ့ မိဘကို ပစ္စုပ္ပန် စိတ်အေးချမ်းဖို့အတွက်ရော၊ သံသရာ ဘ၀လွတ်မြောက်ဖို့အတွက်ပါ ၀ိပဿနာဟာ မလုပ်မဖြစ် အရေးကြီးကြောင်း ပြောပြပေးရမယ်။ အိမ်မှာ တရားအားထုတ်ဖြစ်အောင်၊ လိုအပ်ရင် ရိပ်သာသွားဖြစ်အောင်လည်း အစွမ်းကုန် ကူညီဆောင်ရွက်ပေးရပါမယ်။
သဒ္ဓါ၊ သီလ၊ စာဂ၊ ပညာ လို့ ခေါင်းတပ်ပြီး ဟောထားပေမယ့် လိုရင်းကတော့ မိဘကို ကုသိုလ်တရား တိုးပွားသထက် တိုးပွားအောင်၊ တရားထူးတရားမြတ် ရရှိသထက် ရရှိအောင် စွမ်းဆောင်ကူညီပြီး ကျေးဇူးဆပ်ဖို့ပါပဲ။ ကိုယ့်ရဲ့စွမ်းဆောင်ကူညီမှုကြောင့် မိဘမှာ အောက်ထစ်ဆုံး တစ်မဂ်တစ်ဖိုလ် ကျွတ်တမ်းခိုခွင့်ရတယ်ဆိုရင်ကိုပဲ မိဘကျေးဇူး အကြွင်းမဲ့ ကျေသွားပါပြီ။ အောက်ဆုံး တစ်မဂ်တစ်ဖိုလ်ရပြီးရင် ကျန်တဲ့ အထက်သုံးမဂ်သုံးဖိုလ်က သေချာပေါက် ရတော့မှာပါ။မိဘကို မဂ်ဖိုလ်နိဗ္ဗာန်ရအောင် စွမ်းဆောင်နိုင်ရင်လည်း မိဘကျေးဇူး အကြွင်းမဲ့ကျေပါတယ်။ ကိုယ်ကိုယ်တိုင် မဂ်ဖိုလ်နိဗ္ဗာန်ရအောင် စွမ်းဆောင်နိုင်ရင်လည်း မိဘကျေးဇူး အကြွင်းမဲ့ ကျေပါတယ်။ အသင်္ခတနိဗ္ဗာန်ကို ထာဝရ စံဝင်သွားကြတဲ့ ရဟန္တာယောက်ျား၊ ရဟန္တာမိန်းမတွေအားလုံး မိဘအပေါ်မှာရော၊
တခြားပုဂ္ဂိုလ်တွေအပေါ်မှာရော ဘာကျေးဇူးကြွေး၊ ဘာအကုသိုလ်ကြွေးမှ မကျန်တော့ပါဘူး။မဂ်ဖိုလ်ရဖို့ အနီးကပ်ဆုံးအလုပ်က ၀ိပဿနာအလုပ်ဖြစ်တဲ့
အတွက် မိဘကို ၀ိပဿနာအလုပ်အားထုတ်ဖြစ်အောင် ဖန်တီးပေးခြင်း၊ ၀ိပဿနာစာအုပ်၊ ၀ိပဿနာတိပ်ခွေများ လှူဒါန်းခြင်း၊ ၀ိပဿနာရဲ့ အခြံအရံအထောက်အပံဖြစ်တဲ့ ကုသိုလ်ကောင်းမှုတွေ ပြုလုပ်နိုင်အောင် ကူညီပေးခြင်း၊ ဘာကုသိုလ်ပဲပြုပြု နိဗ္ဗာန်ကို ဦးတည်ပြီးပဲ ပြုဖို့တိုက်တွန်းပေးခြင်း၊ ကိုယ့်ကြောင့် မိဘရဲ့ ၀ိပဿနာအားထုတ်မှု အနှောင့်အယှက် မဖြစ်အောင် အရာရာသတိပြုနေထိုင်ခြင်းတို့ဖြင့်သာ မိဘကျေးဇူးကို အကျေဆပ်နိုင်ပါလိမ့်မယ်။
► ဒါပေမဲ့ သူတစ်ပါးကို မဂ်ဖိုလ်နိဗ္ဗာန်ရအောင် လုပ်ပေးဖို့က သိပ်မသေချာတဲ့အတွက် မိဘကျေးဇူးကို ဒီ တစ်ဘ၀တည်းနဲ့ အကျေဆပ်ခြင်လွန်းသပဆိုရင် ကိုယ်ကိုယ်တိုင် ဒီဘ၀မှာပဲ အနည်းဆုံး တစ်မဂ်တစ်ဖိုလ်ရအောင် ၀ိပဿနာအလုပ် အားထုတ်တာ အကောင်းဆုံးပါပဲ ဒကာအောင်ဇော်ရေ .........။
► တကယ်တော့လည်း ရှည်လျားလွန်းလှတဲ့ အစမထင် သံသရာမှာ
သူက မိဘဖြစ်လိုက်၊ ကိုယ်က မိဘဖြစ်လိုက်နဲ့ အပြန်ပြန် အလှန်လှန် ကျင်လည်နေကြရတာမို့ ဘယ်သူ့ကျေးဇူးကိုတော့ဖြင့် ဘယ်သူကကျေအောင်ဆပ်ပြီးပြီဆိုတာ ပုထုဇဉ်လောကမှာ လုံးဝမရှိနိုင်ပါဘူး။ ဒီဘ၀ ကိုယ့်မိဘက အတိတ်ဘ၀ တစ်ခုခုမှာ ကိုယ့်သားသမီး ဖြစ်ခဲ့နိုင်သလို အနာဂတ်ဘ၀ တစ်ခုခုမှာလည်း ကိုယ့်သားသမီး အဖြစ်နဲ့ ကိုယ့်ရဲ့ မိဘကျေးဇူးကို ခံယူသူဖြစ်လာနိုင်တာပဲ မဟုတ်လား။ ဒီလိုဆိုရင် ကိုယ့်မိဘအပေါ် ကိုယ့်ဘက်က ကျေးဇူးကြွေးကျန်သလို ကိုယ့်မိဘဘက်ကလည်း ကိုယ့်အပေါ် ကျေးဇူးကြွေးကျန်နေနိုင်တာပဲပေါ့။
► ဒါကြောင့် ကျေးဇူးကျေတာ မကျေတာကို အဓိကမထားဘဲ “ကျေးဇူးဆပ်နေဖို့အဓိက”လို့ နှလုံးသွင်းပြီး လောကနည်းနဲ့ရော၊ ဓမ္မနည်းနဲ့ပါ မိဘကို အမြဲကျေးဇူးဆပ်နေဖို့ပဲ အရေးကြီးပါတယ်။
မိဘကို ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ အဆင့်အတန်းမြင့်အောင် ကျေးဇူးဆပ်နေတဲ့ သားကောင်းသမီးကောင်းရဲ့ ထံမှောက်ကို ကံကောင်းခြင်းလက်ဆောင်တွေ အရပ်ဆယ်မျက်နှာကနေ “၀င်လာမစဲ တသဲသဲ” ဆိုသလို အလုံးအရင်းနဲ့ ၀င်လာမှာကတော့ သေချာပေါက်ပါပဲ .........။
မိဘကျေးဇူးအကျေဆပ်နိုင်ကြပါစေ။
အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
(အလင်းတန်းဂျာနယ်၊ အောက်တိုဘာ(၁၃)၊ ၂၀၀၃။)
Credit to 
နှလုံးသားထဲက ဗုဒ္ဓအဆုံးအမများ

Post a Comment

0 Comments

Close Menu