Ad Code

Responsive Advertisement

သင်္ကြန်အကျနေ့ အမျိုးသားတစ်ဦး အသတ်ခံရ



တောင်ဥက္ကလာပ မြို့နယ် အမှတ် ၁၃ ရပ်ကွက် ကောလိယ လမ်းထိပ် ရွှင်ပျော်ပျော် လက်ဖက်ရည်ဆိုင် အနီးတွင် ဧပြီလ ၁၃ ရက် (သင်္ကြန် အကျနေ့) ညနေပိုင်းက အသက် ၄၃ နှစ် အရွယ် အမျိုးသား တစ်ဦး အသတ်ခံ ခဲ့ရကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ ထံမှ သိရှိရသည်။

ဧပြီ ၁၃ ရက်နေ့ ညပိုင်းက ယင်းလမ်းပေါ်တွင် မူးပြီး လူတကာကို လိုက်ရစ်နေသော အသက် ၂၂ နှစ် အရွယ် ကိုနိုင်မင်းထွန်းကို ယင်းရပ်ကွက် တွင်နေထိုင်သူ တစ်ဦးဖြစ်သည့် ဦးထိန်လင်ဦး (ခ) ဗိုလ်ထိန်က နေအိမ်သို့ပြန်ခိုင်း ခဲ့ကြောင်း၊ ကိုနိုင်မင်းထွန်းက နေအိမ်သို့ ပြန်သွား ပြီးနောက် ထပ်မံရောက်ရှိလာ ကာ စတစ်ကာများကို ဖြတ်သောဓားဖြင့် ဘယ်ဘက် ရင်အုံကို ထိုး ခဲ့ခြင်းဖြစ်ကြောင်း သေဆုံးသူ၏ ဇနီးဖြစ်သူ ဒေါ်စန္ဒာညွန့်ညွန့်ဦး က ပြောဆို သည်။

"သူ(ဓားနဲ့ထိုးတဲ့သူ)က တွေ့သမျှ လူကို ရစ်နေလို့ ကျွန်မယောက်ျားက သူ့ကို အိမ်ပြန်ခိုင်းတာ၊ ကျွန်မလည်း ဘာပြဿနာမှ မရှိတော့ဘူး ထင်လို့ အကြွေး သွားတောင်းနေတုန်း သူက အိမ်တစ်ခါပြန်ပြီး ဓားယူပြန်လာတာ။ မကျေနပ်ဘူး ဆိုပြီး ဟိုကလည်း လက်သီးနဲ့ထိုးဖို့ လက်အမြှောက် သူက ဓားနဲ့ အထိုး မှာဖြစ်သွားတာ၊ ကျွန်မယောက်ျားက မင်းငါ့ကိုထိုးတယ် မင်းတွေ့မယ် ဆိုပြီး ပြောရင်း ပုံရက်သားလဲကျသွားတာ "ဟု၎င်းကပြောကြားသည်။

ဓားဖြင့်အထိုးခံရသူမှာ အမှတ် ၁၃ ရပ်ကွက် ယဿဝတီ ၁၈ လမ်းတွင် နေထိုင်သည့် အသက် ၄၃ နှစ်အရွယ် ဦးထိန်လင်ဦး(ခ) ဗိုလ်ထိန်ဆိုသူဖြစ်ပြီး ဘယ်ဘက်ရင် အုံတွင် ထိုးသွင်း ဒဏ်ရာ ရရှိသဖြင့် ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ကြောင်း တောင်ဥက္ကလာပမြို့မ ရဲစခန်းမှ စုံစမ်းသိရှိရသည်။

ဓားဖြင့်ထိုးသူမှာ ယင်းရပ်ကွက် ကောလိယ ၃၂ လမ်းတွင် နေထိုင်သော အသက် ၂၂ နှစ်အရွယ် ကိုနိုင်မင်းထွန်းဆိုသူဖြစ်ပြီး ၄င်းကို (ပ) ၂၂၄/ ၁၆၊ ပုဒ်မ ၃၀၂ဖြင့် အမှုဖွင့် ထားကြောင်း ယင်းရဲစခန်း ထံမှ သိရှိရသည်။

အသတ်ခံရသူမှာ ဓားဖြင့်ထိုးသူနှင့် ရန်ငြိုးရန်စ မရှိကြောင်း၊ အသတ်ခံရသူမှာ ရပ်ကွက် နေသူများကို ကူညီတတ်သူဖြစ်ပြီး နှစ်စဉ် လမ်းတွင်နေသူများကို ဘုရားဖူး အခမဲ့ပို့ ပေးသူဖြစ်ကြောင်း သေဆုံးသူ၏ ဆွေမျိုးများထံမှ သိရှိရသည်။

The Voice Weekly

Originally published at - https://www.facebook.com/thevoiceweekly

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: သင်္ကြန်အကျနေ့ အမျိုးသားတစ်ဦး အသတ်ခံရ 

Post a Comment

0 Comments

Close Menu