Ad Code

Responsive Advertisement

ညီမလေး……သို့


"မိန်းကလေးတိုင်းဖတ်သင့်တဲ့ တန်ဖိုးရှိတဲ့စာပါ"
“ညီမလေး……သို့”

**သတိထား ညီမလေး.......
အရေခွံဘယ်လောက်လဲလဲ
မြွေဆိုတာ တီဖြစ်မသွားဘူး
ပြောင်းလဲတဲ့လောကကြီးမှာ လိုက်ဖက်ညီအောင်
အရောင်ပြောင်းနေရင် ပုတ်သင်ညိုသာသာဖြစ်တော့မှာပေါ့။

**ပတ္တမြားမှန်တယ်ဆိုတိုင်း နွံထဲဝင်မှိုင်ပြစရာလားကွယ်
ခြေဆေးမခံရအောင် အိုင်ထဲထိုင်မယ့်အစား
ရေသန့်လို့တံဆိပ်ကပ်နိုင်ရင် တန်ဘိုးတက်လာပါလိမ့်မယ်
အိမ်နဲ့ဝေးတိုင်းလဲ….အားငယ်စိတ်မပျက်ပါနဲ့
အမောပြေရေတစ်ခွက် အိမ်ပြေးလေးအတွက်တဲ့
အမေ နေ့တိုင်းခပ်ထားတယ်။
**ညီမလေး......
စဉ်းစားရတယ်ဆိုတာ
မိန်းကလေးတိုင်းရဲ့ သမိုင်းပေးတာဝန်
အရိုးဆို ကြည့်ရှောင်ရမယ်လေ
ကိုယ်က ခဏတာဝါးမယ့်သွားမဟုတ်ဘူး
စကားခလုတ်တွေ ဘယ်လောက်တိုက်တိုက်
ကိုယ့်ကိုယ်ကို မထိခိုက်ဖို့က ပိုအရေးကြီးတယ်
တကယ်တော့ ဟင်းကြေးများတယ်ဆိုတာ
အစားကောင်းစားရတဲ့သူတွေကို သမုတ်တဲ့ အမည်သက်သက်ပါ။
**ညီမလေး.......
ချစ်တာတော့ ချစ်ပါ
ပြန်ပြင်လို့မရတဲ့ အခွင့်အရေးတော့ မပေးမိပါစေနဲ့
ဘဝနဲ့ရင်းတဲ့လက်ရေးအတွက် ဖျက်ဆေးမရှိဘူး
ဘဝရဲ့အစိတ်အပိုင်းလေးတစ်ခုအတွက် စိတ်ရိုင်းမမွေးမိပါစေနဲ့
မှတ်ပုံတင်ထဲပြန်ကြည့်ပါ ညီမလေး
ကိုးကွယ်စရာမှာ အချစ် မဟုတ်ဘူးလေ။
**ညီမလေးရေ….
အချစ်ဦးသူ လွဲဖူးသူ ၊ချစ်တဲ့သူတိုင်းပေါင်းစပ်ခွင့်မရ
သူတွေ ဟာအိမ်ရှေ.က ခရပွင့်တွေကြွေသလောက်ရှိတယ်
အသဲကွဲတယ်ဆိုပြီး ဘီယာသောက်
လောကကြီးကို မှောက်ပစ်တတ်တာ
ပညာမဲ့သူတွေ သက်သက်ပေးတဲ့ဆင်ခြေတစ်ခုပါ
မုန်တိုင်းထဲမှာလဲ အောက်ဆီဂျင်ပါပါတယ်
လေနည်းတယ်အထင်နဲ့ ရွက်ကိုတော့ပြင်းပြင်းမလွင့်လိုက်ပါနဲ့
တည်ငြိမ်ခြင်းဆိုတာ မိန်းကလေးအိနြေ္ဒလေ
တန်ဘိုးသိတဲ့သူက တန်ဘိုးထားလာပါလိမ့်မယ်
ကိုယ်ကသာ ရတနာတစ်ပါးဖြစ်ပါစေ ညီမလေးရေ…..
**ညီမလေးရေ….
ယောက်ျားဆိုတာ
ဧကရာဇ်ဘုရင်ပဲဖြစ်ဖြစ်
နန်းကျဘုရင်ပဲဖြစ်ဖြစ်
မြှောက်စားတာ ခံချင်ကြတယ်
ကျားကြီးရဲ့ဆရာဖြစ်ဖို့ဆိုတာ
ကြောင်တစ်ကောင်လို ညင်သာတတ်မှဖြစ်မယ်
ကမ္ဘာကျော်တဲ့ စစ်သူရဲတစ်ယောက်တောင်
အပြောချိုတဲ့ အအိုချောကြောင့်
ကမ္ဘာတစ်ဝက်ကို တက်သိမ်းဖူးတယ်လေ
လေယူရာတိမ်းတတ်တဲ့ ပန်းပင်ဟာ
ဘယ်လေကြမ်းကြောင့်မှ အမြစ်မကျိုးဘူး
ပုခက်လွဲသောလက်ဟာ ကမ္ဘာကို အုပ်စိုးနိုင်တယ်ဆိုတဲ့နောက်မှာ
ချိုသော စကားပြောတတ်တဲ့ နှုတ်ခမ်းတစ်စုံလိုတယ် ညီမလေး..။
**ညီမလေးရေ….
ရင်ဘောင်တန်းတယ်ဆိုတိုင်း
ခြေရာတော့ လိုက်မတိုင်းလေနဲ့
ကြောင်ဘယ်လောက်ခြေရာကြီးကြီး
ကျားကြီးကိုတော့ ဘယ်မှီမလဲ
အသားစားသတ္တဝါချင်းတူပေမယ့်
စကားအဆိုသာ .....ကြောင်က ဆရာဖြစ်တာ
ကျားဆိုတာ ကြောင်သားလဲ စားချင်စားမှာလေ
သဘာဝဘေးဆိုတာ သဘာဝတွေ ဆန့်ကျင့်လို့ဖြစ်ရတာ
နစ်နာခြင်းမရှိရအောင် ဘောင်အတွင်းကသာ မိန်းမဆန်ပါ ညီမလေးရေ…..။
**ညီမလေးရေ…
စာများများဖတ်ပြီး ဝေဖန်ဆုံးဖြတ်နိုင်ပါစေ
ဖတ်ပါ မှတ်ပါ လေ့လာပါ
အစွန်းတဘဘက်တော့ မရောက်စေနဲ့
စာပေဆိုတာ လူဘဝအတွက် အလင်းစက်တစ်ခုပေါ့
**ညီမလေးရေ......
သစ်ရွက်တွေကြွေရုံနဲ့တော့
သစ်ပင်ကြီးမသေပါဘူး
ကြယ်လေးတွေကြွေရုံနဲ့လည်း
ကောင်းကင်ကြီးမသေပါဘူး
ပန်းပုတစ်ရုပ်လှဖို့ဆိုတာ
ထွင်းထုတ်လိုက်ရတဲ့ အသားတွေရှိတတ်စမြဲပဲလေ
လဲလို့သာ ပြန်မထကြရင်
လူဆိုတာ တွားသွားသတ္တဝါဖြစ်ကုန်မှာပေါ့
အားမလျော့ပါနဲ့...သွားတဲ့သူအတွက် လမ်းရှိပါတယ်
အတိတ်ဆိုတာ ချခင်းထားတဲ့ကော်ဇောတစ်ချပ်သာမို့
ခပ်နာနာတစ်ချက် နင်းပြီး အနာဂတ်ကို စိတ်နဲ့ပစ်ခွင်းလိုက်ပါ
 
Credit to ကျောင်းစောင့်ကြီး
http://ayemyathersi.blogspot.com/

Post a Comment

0 Comments

Close Menu