Ad Code

Responsive Advertisement

၃၀-၄-၂၀၁၆ မှ ၂-၅-၂၀၁၆ ရက်နေ့အထိ နေပြည်တော် တွင်ကျင်းပသော မြန်မာ-ထိုင်း နှစ်နိုင်ငံအလုပ်သမားရေးရာကျွမ်းကျင်သူများ ညှိနှိုင်း အစည်းအဝေး သဘောတူညီချက်အကျဉ်း



၃၀-၄-၂၀၁၆ မှ ၂-၅-၂၀၁၆ ရက်နေ့အထိ နေပြည်တော် တွင်ကျင်းပသော
မြန်မာ-ထိုင်း နှစ်နိုင်ငံအလုပ်သမားရေးရာကျွမ်းကျင်သူများ ညှိနှိုင်း အစည်းအဝေး သဘောတူညီချက်အကျဉ်း
၁။ ယခုနောက်ဆုံးရိုက်ပေးတဲ့ ပန်းရောင်ကဒ်ကိုင်ဆောင်ထားသူများအားလုံး အတွက် မြန်မာဘက်က အထောက်အထားတစ်စုံတစ်ခု (ပတ်စပို့(မနလ) သို့မဟုတ် CI) ထုတ်ပေးမယ်ဆိုတာကို ထိုင်းဘက်ကသဘောတူတယ်။
၂။ မြန်မာဘက်က အထောက်အထားတစ်စုံတစ်ခု ထုတ်ပေးနိုင်ရန် ထိုင်းနိုင်ငံအတွင်းမှာ စင်တာ(၆)ခုဖွင့်ဖို့ ထိုင်းဘက်က သဘောတူတယ်။ (မယ်ဆိုင်၊ မဲဆောက်၊ ရနောင်း၊ ထိခီး၊ ဆမုပရားကန်းနဲ့ ဆမုဆာခွန်း)
၃။ ပန်းရောင်ကဒ်၊ ကောင်တာဆားဗစ်က ငွေသွင်းဖြတ်ပိုင်း၊ မှတ်ပုံတင်+သန်းခေါင်စာရင်း တို့နဲ့အတူ အဲဒီစင်တာ(၆)ခုမှာ အထောက်အထားတစ်စုံတစ်ခု လာရောက်လျှောက်ထားနိုင်တယ်။
၎။ မှတ်ပုံတင်+သန်းခေါင်စာရင်း မပါလာတဲ့သူတွေကိုပဲ နေ့ခြင်းပြီး CI ထုတ်ပေးမယ်။ မှတ်ပုံတင်+သန်းခေါင်စာရင်းရှိတဲ့သူတွေကိုတော့ ပတ်စပို့ အကြီး(မနလ) လျှောက်ထားဖို့ သံရုံးမှာဖွင့်ထားတဲ့ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ခွဲရုံး(မနလအဖွဲ့ခွဲရုံး)ကိုစေလွတ်မယ်။ မနလအဖွဲ့ခွဲရုံးမှာ မနလ လျှောက်ရတာကြာတယ်ဆိုပြီး CI ပဲထုတ်မယ်ဆိုလည်းရတယ်။ ဒါပေမဲ့ CI နဲ့ ဒီတိုင်းနေသွားလို့တော့မရဘူး၊ (၂)နှစ်အတွင်း မဖြစ်မနေ မနလ ပြန် လျှောက်ရမယ်။
၅။ ထိုင်းဘက်က CI ပေါ်မှာ (၂)နှစ်ဗီဇာတုံးထုပေးဖို့ သဘောတူတယ်။ (အမှန်ကတော့ CI ဆိုတာ မိခင်နိုင်ငံပြန်နိုင်တဲ့ အထောက်အထားတစ်ခုဖြစ်ပြီး၊ မည်သူမည်ဝါဖြစ်ကြောင်းထောက်ခံစာလို့ခေါ်တယ်၊ CI ဆိုတာနိုင်ငံသားစီစစ်ဖို့ လိုတာကလွဲရင် ကျန်တာကတော့ မနလ နဲ့ သဘောသဘာဝခြင်းအတူတူပဲ)
၆။ CI အတွက် ကုန်ကျစရိတ်ကတော့ စုစုပေါင်း ဘတ်ငွေ(၄၀၀)ပဲရှိမယ်။ အဲဒီကုန်ကျစရိတ်ကို ပန်းရောင်ကဒ်ရိုက်တုံးကလိုပဲ ဆဲဗင်းအလဲဗင်း က ကောင်တာဆားဗစ်မှာ မိမိကိုယ်တိုင်သွားသွင်းရမှာပါ။ (ကောင်တာဆားဗစ် ၀န်ဆောင်ခ(၂၀)ဘတ်ခန့် နဲ့ အခြားကုန်ကျစရိတ်အနည်းငယ်သာရှိနိုင်ပါတယ်)
၇။ CI ထုတ်ပေးရေးအတွက် အသေးစိတ်လုပ်ငန်းစဉ်တွေကို သတ်မှတ်ပေးဖို့ ထိုင်း-မြန်မာ နှစ်နိုင်ငံ တစ်ဖက်လျှင် (၅)ဦးထက်မကျော်သော လုပ်ငန်းအဖွဲ့ (Working Group)ဖွဲ့စည်းဖို့သဘောတူတယ်။ ထိုင်းဘက်က ဒီ(Working Group)မှာ ပါရတဲ့အကြောင်း ကတော့မြန်မာဘက်ကိုလိုအပ်တာတွေကူညီ ရအောင်ပါ၊ အဲဒီလုပ်ငန်းအဖွဲ့သည် မြန်မာဘက်က ချမှတ်ပေးတဲ့ အထောက် အထားထုတ်ပေးရေး လမ်းစဉ်/မူ အတိုင်းပဲ ဆောင်ရွက်သွားမယ်။
၈။ အဲဒီလုပ်ငန်းအဖွဲ့(Working Group)ကပဲ CI ထုတ်ပေးမဲ့စင်တာတွေမှာ တစ်ခုနဲ့တစ်ခု လူတွေထပ်မနေအောင် စီမံ/အုပ်ချုပ်မှုတွေ စီစဉ်ဖို့ နဲ့ ကောင်တာ ဆားဗစ်ရဲ့ ၀န်ဆောင်ခက ဘယ်လောက်လဲ ဆိုတာ ကောင်တာဆားဗစ် ကုမ္ပဏီနဲ့ ညှိနှိုင်းပေးမယ်။
၉။ ရေလုပ်ငန်း လုပ်သားတွေကို G to G (အစိုးရအခြင်းခြင်း၊ ပွဲစားမပါပဲ) တင်သွင်းပေးဖို့ ထိုင်းဘက်ကတောင်း ဆိုတယ်။ လက်ရှိ ရေလုပ်သားတွေရဲ့ ငယ်စာရင်းနဲ့ သတင်းအချက်အလက်တွေ၊ ရပိုင်ခွင့်နဲ့ ခံစားခွင့်တွေနဲ့ အခြား သတင်းအချက်အလက်များကို အရင်ပေးပြီးမှ ရေလုပ်ငန်းလုပ်သားတင်သွင်း ဖို့ ပြန်ညှိနှိုင်းမယ်လို့ မြန်မာဘက်က အဖြေပေးလိုက်တယ်။
၁၀။ နယ်စပ်တွေမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် လက်ခံ/ပြန်ပို့ ရေးစခန်းစင်တာတွေထိုင်းဘက်ကဖွင့်ပေးမယ်။ အဲဒီစင်တာမှာ ထိုင်းမှာအလုပ်လုပ်ရင် သိထားရမဲ့အချက်အလက်တွေနဲ့ ဥပဒေ/ရိုးရာယဉ်ကျေး မှု တွေနဲ့ သိထားသင့်သည်များ တို့ကို အခမဲ့ သင်တန်းပေးမယ်။ အလုပ်အကိုင် အဆင်မပြေလို့ အိမ်ပြန်တဲ့အခါမှာလည်း အဲဒီလက်ခံ/ပြန်ပို့ရေးစခန်း စင်တာတွေကနေ အဆင်ပြေချောမွေ့စွာပြန်နိုင်အောင်စီစဉ်ပေးမယ်။
၁၁။ ခေတ်နဲ့မလျှော်ညီတော့လို့ ပြန်လည်ပြုပြင်ထားပြီးဖြစ်တဲ့ အလုပ်သမားရေးရာ နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ(MOU)ကို မူကြမ်းကို လက်မှတ်ထိုးဖို့ သဘောတူတယ်။ မေလကုန်လောက်မှာ ထိုးဖြစ်လိမ့်မယ် လို့ပြောတယ်။ အဲဒီစာချွန်လွှာမူကြမ်းမှာလည်း MOU သမားတွေသည် (၄)နှစ်ပြည့်လျှင် တစ်ကြော့ပန်ထွက်ပြီး အနည်းဆုံး(၃)လ ကြာပြီးမှ နောက် တစ်ကြိမ်ပြန်ဝင်လာနိုင်တယ်လို့ပဲ သဘောတူထားတယ်။ ထိုင်းနိုင်ငံထဲမှာပဲ ထပ်တိုးပေးဖို့ သဘောမတူဘူး။
၁၂။ ယခုနောက်ဆုံးမှတ်ပုံတင်ထားသူများ(ပန်းရောင်ကဒ်ကိုင်များ)အတွက် တစ်ကြိမ်လျှင်(၇)ရက် ခွင့်ပြုချက်ဖြင့် နယ်ကျော်သွားလာခွင့်ရှိမယ်။ အိမ်ပြန်ခွင့် မပြုထားဘူး။ (အထောက်အထားတစ်ခုခုရအောင်လုပ်ပြီးမှပြန်နိုင်မယ်)
၁၃။ ရနောင်းမြို့က မော်တော်ကားမတော်တစ်ဆဖြစ်မှုအတွက် ထိုင်းဘက်က အဆင်ပြေအောင်စီစဉ်ဆောင်ရွက်ပေးဖို့ သဘောတူတယ်။
**** ပိုပြီး နားလည်သဘောပေါက်အောင် မနေ့ကတင်ထားတဲ့ ပို့စ် နဲ့အတူတွဲဖတ်ပါ ****
**** ဒီပို့စ်ကို အမှားပြင်/လိုအပ်တာဖြည့်နဲ့ အမြဲတမ်း update လုပ်ပေးနေ မယ်။ ပြင်လိုက်တဲ့စာသားကို ကြယ်ပွင့် (*)လေးနဲ့ အမှတ်အသားလုပ်ပေး ထားမယ်။ အမြဲတမ်းပြန်ဝင်ဖတ်ကြည့်ကြပါ ****
-----------အားလုံးပျော်ရွင်ချမ်းမြေ့နိုင်ကြပါစေဗျား---------
မှတ်ချက်။
- ငါ့ဆီက သတင်းကောင်းတွေ စိတ်ချမ်းသာခြင်းနဲ့ပြည့်နေတဲ့အပြုံးတွေပဲ လက်ဆောင်ပေးမယ်၊ မင်းတို့အားလုံးယူသွားကြ၊ ပြီးတော့ မင်းတို့အနားမှာ ရှိတဲ့လူတွေကို ကူးစက်စေလိုက်ကြ၊ ငါ့ဆီကိုလည်း အပြုံးတွေနဲ့ စိတ်ချမ်းသာ စရာကော်မန့်တွေပဲ ယူလာခဲ့ကြ၊ ငါ့ပို့စ်အောက်မှာ စိတ်မချမ်းမြေ့ဖွယ် ရာ ကော်မန့်တွေ လာမရေးကြနဲ့၊ မဆဲကြနဲ့၊ ငါမလိုချင်ဘူး အားလုံးမှတ်ထားကြ။
ဦးအောင်စိုး
၅-၅-၂၀၁၆ (၁၁း၅၁)နာရီ
Felix Soe Facebook မှ ကူးယူဖော်ပြသည်။



Post a Comment

0 Comments

Close Menu