Wednesday, June 29, 2016

For Computer University Students...✿✿ ဘဝမှာ လိပ်ပြာသန့်သန့် နေထိုင်သွားနိုင်ဖို့ ✿✿


သူငယ်ချင်းတစ်ယောက်တင်ထားတာကို ပြန်ပြီး share ထားတာပါ - For Computer University Students...✿✿ ဘဝမှာ လိပ်ပြာသန့်သန့် နေထိုင်သွားနိုင်ဖို့ ✿✿

ဒီနေ့ခေတ်မှာ နေရာတကာ ရှဲဒိုးတွေကလည်း ခေတ်စားပါတယ်။ Project၊ term paper ကလေးက စလို့ mini thesis၊ master thesis၊ ph.d thesis တွေ အထိ သူများကို ပိုက်ဆံပေး ရေးခိုင်း၊ program တင်မက အစအဆုံး idea က စဝယ်ပြီး ကိုယ့် thesis လုပ်ကာ ဘွဲ့ရသွားကြသူ တွေ အများကြီးပါ။ အဲဒီ လူတွေ ဘွဲ့ရပြီးတော့ ဆရာမ ဖြစ်တဲ့လူဖြစ်၊ ပြင်ပ အလုပ် လုပ်တဲ့သူ လုပ်၊ လူကြီး ဖြစ်လာတဲ့ အခါ ကိုယ်လုပ်ခဲ့တဲ့ thesis အကြောင်း သူများ မေးရင် လိပ်ပြာသန့်သန့် ပြောနိုင်ပါရဲ့လား။

အခက်အခဲတွေ အဆင်မပြေမှုတွေ ကြားထဲက ကိုယ့်ကြိုးစားမှုကလေး အောင်မြင် ပြီးမြောက် သွားတဲ့အခါ ရတဲ့ပီတိက ဘာနဲ့မှ မတူပါဘူး။ Perfect မဖြစ်ရင်တောင်၊ professional အပ်ထားသလို ပျံလန် မနေရင်တောင် သူများက မေးတဲ့အခါ၊ presentation လုပ်ကြတဲ့အခါ ကိုယ့်လိပ်ပြာကိုယ် လုံစွာနဲ့ ရဲရဲဝံ့ဝံ့ ပြောနိုင် ရှင်းနိုင်ပါတယ်။ တစ်သက်လုံး လည်း ကိုယ်ရခဲ့တဲ့ ဘွဲ့က ကိုယ့်ကြိုးစားမှုနဲ့ ထိုက်တန်စွာ ရထားတာလို့ ခေါင်းမော့ပြီး နေနိုင်ပါတယ်။

ဒီစာကို ရေးတဲ့ ကိုယ်ကိုယ်တိုင်လည်း လိပ်ပြာ သန့်လို့ ရေးရဲတာပါ။ ကိုယ်တွေ bachelor တုန်းက C programming နဲ့ OOP လေးပဲ သင်ခဲ့ရတာပါ။ Master thesis ကို Visual BASIC (VB)နဲ့ လုပ်တော့ 21 Days ဆိုတဲ့ စာအုပ်ကြီး တစ်အုပ်နဲ့ MSDN library CD အားကိုးပြီး ကိုယ့်ဟာကို ရေးရပါတယ်။ အဲဒီခေတ် ဘယ် ဆရာမကိုမှလည်း program error မေးစရာ မရှိပါဘူး။ ၂၀၀၄၊ ကိုယ်ပိုင် စက်မရှိလို့ desktop တစ်လုံး ၂ လ ငှါးပြီး အပြီး ရေးခဲ့တာပါ။ Ph.D thesis ကျတော့လည်း java နဲ့ ရေးမှ ဖြစ်မယ် ဆိုလို့ တစ်ခါမှ သင်တန်း မတက်ဘူးတဲ့ java ကို google အားကိုးနဲ့ ကိုယ်တိုင်ပဲ ရေးခဲ့ရတာပါ။ တခါတလေ error trace လိုက်မရရင် code တွေ ၃၊ ၄ မျက်နှာ print ထုတ်ပြီး trace လိုက်ခဲ့ဖူး ပါတယ်။ program ကို သူများအပ်တဲ့ သူတွေက presentation ကျော့နေအောင် ပြောနိုင်ချိန်မှာ ပင်ပင်ပန်းပန်း ရေးထားတဲ့ ကိုယ်က အပြောမတတ်လို့ seminar ၂ခါ ပြန်လုပ်ရလို့ သူများ မမြင်အောင် အိမ်သာဝင် ငိုခဲ့ရဖူးပါတယ်။

ကျောင်းသူ ကျောင်းသား များကို ပြောချင်တာက ဘဝမှာ တစ်သက်လုံး လိပ်ပြာသန့်သန့် နေသွားနိုင်ဖို့၊ ရခဲ့တဲ့ ဘွဲ့ဟာ ကိုယ်နဲ့ ထိုက်တန်တယ်လို့ ခေါင်းမော့ ပြောနိုင်ဖို့ ကိုယ်တိုင် ကြိုးစားကြပါလို့။ အခု အချိန်လေး ပင်ပန်း စိတ်ရှုပ်ရပေမယ့် ဒါဟာ ဘဝအတွက် အတွေ့အကြုံ ကောင်း တစ်ခုပါ။

ကလေးတွေအတွက် ပြီးတော့ လူကြီးတွေကရော၊ လုပ်ငန်းခွင်မှာ လိပ်ပြာသန့်သန့် နေထိုင် နေပါပြီလား။ 
ကိုယ် မလုပ်ခဲ့တဲ့ အလုပ်တွေကို ကိုယ် လုပ်တာလိုလို ရေးသား ပြောဆို ကြသူတွေ ကိုယ့် လိပ်ပြာ ကိုယ် လုံပါရဲ့လား။ အဲလို လုပ်ပြီး ရလာမယ့် အခွင့်အရေး တစ်ခုဟာ ကိုယ်နဲ့ ထိုက်တန်ပါရဲ့လား။

ကိုယ့်မှာ လုပ်ပိုင်ခွင့် ရလာတဲ့အခါ မှန်ကန် တရားမျှတ ခြင်းကို အမြဲတမ်း လက်ကိုင်ထားနိုင်ပါရဲ့လား။ အဂတိ လိုက်စားလို့ ဖြစ်စေ၊ ရင်းနှီးကျွမ်းဝင်မှုကို ထောက်ထားလို့ ဖြစ်စေ ဘက်လိုက် ဆုံးဖြတ်မှုတွေ ဘဝမှာ ဘယ်နှခါ လုပ်ဖူးကြပါသလဲ။ 
ကိုယ့်လုပ်ပိုင်ခွင့် ရှိတဲ့အခါ ကိုယ့်အိတ်ထဲ မထည့်ပဲ အကုန်လုံး အကျိုးရှိရှိ သုံးပြီး အကောင်းဆုံး ဖြစ်အောင် လုပ်ခဲ့ရဲ့လား။

ကိုယ့်ဘဝ တစ်သက်တာမှာ နောင်တ ကင်းကင်း လိပ်ပြာလုံလုံ နဲ့ နေထိုင်နိုင်ဖို့က အရေးကြီးဆုံးပါ။
လူတစ်ယောက်ချင်းစီရဲ့ စိတ်ဓာတ်တွေ ပြင်ဆင်ပြီး ကောင်းမွန်လာမှသာ အနာဂါတ် နိုင်ငံတော်လည်း ကောင်းမွန် တိုးတက်လာမှာပါ။

မူရင်း Credit to (T.H.K)
Credit to Teacher Daw Nwe Ni Aung Facebook မှ ပြန်လည်း ကူးယူဖြော်ပသည်။
https://www.facebook.com/nweni.aung.399

0 comments:

Post a Comment