Saturday, August 20, 2016

ရင်သွေးတစ်ယောက်ယူတော့မယ်ဆိုရင်(၁)


ရင်သွေးတစ်ယောက်ယူတော့မယ်ဆိုရင်(၁)
--------------------------------
folic acid ဆိုတဲ့ဆေးလေးတနေ့တလုံး ပုံမှန် သောက်ထားသင့်ပါတယ်။ စသောက်သင့်တဲ့အချိန်ကတော့ ကလေးယူဖို့ဆုံးဖြတ်ပြီးတာနဲ့သောက်ပါ။ တချို့ကသုံးလလောက်တောင်ကြိုသောက်သင့်တယ် ဆိုပါတယ် (good practice point)*
ဒီလိုကြိုသောက်ထားခြင်းအားဖြင့် ဦးနှောက်နဲ့ အာရုံကြောမွေးရာပါရောဂါမျိုး (Neural tube defect)ကိုကာကွယ်ပေးနိုင်ပါတယ်။ (E-4)
အတက်ရောဂါရှိပြီးဆေး (especially valporate/carbamazepine)သောက်နေရသူတွေအနေနဲ့ ပိုလိုအပ်ပါတယ်။ အခြားသွေးရောဂါ (thalassaemia/ sickle cell disease)ရှိသူတွေလည်းသောက်ထားဖို့ ပိုလိုအပ်ပါတယ်။ 
နောက်ဆုံးဘာရောဂါမှမဖြစ်ဖူး/ မဖြစ်နိုင်ထင်ရတဲ့သူတွေမှာတောင် ကာကွယ်ဆေးအနေ နဲ့သုံးထားရင် အကျိုးရှိလှပါတယ်။ ***(ဖော်ပြပါရောဂါတွေဟာရောဂါသေးသေးလေးတွေမဟုတ်ပါ။ ဒါပေမယ့်တန်ဖိုးနည်းနည်းဆေးသေးသေးလေးနဲ့တော့ကာကွယ်နိုင်တဲ့အကြောင်းသိစေချင်တာပါ)***
[ဆက်ပါဦးမည်---]

ရင်သွေးတစ်ယောက်ယူတော့မယ်ဆိုရင် (၂)
--------------------------------
သင်ဟာ ကလေးယူဖို့ဆုံးဖြတ်ပြီးပြီလား?
သေချာပြီဆိုရင် ဒီအခြေခံအကျဆုံး ကိစ္စလေးကို အရင်လုပ်ထားပါ။
ဘာလဲဆိုတော့--- သင့်ရဲ့ဓမ္မတာစက်ဝန်းကိုမှတ်တမ်း (menstrual calendar)ထားဖို့ပါပဲ!!!
မခက်ခဲတဲ့ဒီအလေ့အကျင့်လေးက သင်နဲ့သင့်ရင်သွေးအတွက် အများကြီးအကျိုးရှိစေပါတယ်။ 
ကိုယ်ဝန်မရခင်မှာလည်း ကြိုးစားရာမှာအထောက်အကူပြုသလို ကိုယ်ဝန်ရှိလာပြီဆိုရင်လည်း ကိုယ်ဝန်ကိုစောင့်ရှောက်ပြုစုရာ(antenatal care)မှာအကျိုးများပါတယ်။ ပထမဆုံး အကျိုးကတော့ ကိုယ်ဝန်ရပြီဆိုတာ စောစောကြိုသိနိုင်တာပါ။ ပြီးရင် ခန့်မှန်းမွေးရက်ကိုတွက်ချက်ရာမှာ ပိုမိုလွယ်ကူတိကျစေပါတယ်။ ဒိပြင်ရက်သတ္တပတ်အလိုက် စမ်းသပ်စစ်ဆေးမှုလိုတဲ့အခြေနေတွေမှာလည်း ပိုမိုတိကျစေပါတယ်။ မိမိရင်သွေးကိုအန္တရာယ်ရှိနိုင်တဲ့ရက်လွန်ကိုယ်ဝန်မဖြစ်စေဖို့လည်းအထောက်ကူပေးနိုင်ပါသေးတယ်။ မိမိကိုယ်ဝန်ကိုစောင့်ရှောက်ကြည့်ရှုပေးသူရောမိမိကိုယ်တိုင်ပါ ရက်မသေချာဘူးဆိုတဲ့ဒုက္ခကဝေးနိုင်ပါတယ်။ ကိုယ်ဝန်ရှိမှန်းစောစောသိတဲ့အတွက်ရတဲ့အကျိုးကျေးဇူးတွေကပိုထူးပါတယ်။ ကိုယ်ဝန်တစ်ခုမှာပထမသုံးလဟာသန္ဓေသားအတွက်အရေးအကြီးဆုံးဖြစ်တဲ့အတွက် ကိုယ်ဝန်ရှိလို့ရှိမှန်းမသိ အနေထိုင်မဆင်ခြင်မိတာ၊ ဆေးဝါးတွေမှီဝဲမိတာ၊ဖျားရေးနာရေးကုသတာကအစ၊ အစားအသောက် အအိပ်အနေအဆုံးသတိထားစရာအသိစောစောရပါတယ်။ ကလေးရဲ့အသက်ကို USG(တီဗွီဓာတ်မှန်) ရိုက်တာလိုနည်းတွေနဲ့စောစောစစ်ဆေးမိနိုင်ခြင်းကလည်း အကျိုးကျေးဇူးတစ်ခုပါပဲ။ (ဒီအကြောင်းကိုထပ်တင်ပါမယ်)
အခြားအကျိုးကျေးဇူးတွေလည်းများစွာရှိပါသေးတယ်။

ဒါ့ကြောင့်ဒီလကစလို့ ပြက္ခဒိန်မှာ/မှတ်စုစာအုပ်မှာ မိခင်လောင်းများရဲ့ ဓမ္မတာ မှတ်းတမ်းလေးတွေမှတ်လိုက်ကြရအောင်!!!

ရင်သွေးတစ်ယောက်ယူတော့မယ်ဆိုရင်(၃)
========================
ရှေ့မှာဖော်ပြခဲ့တဲ့ folic acid သောက်တာနဲ့ menstrual calendar (ဓမ္မတာစက်ဝန်းမှတ်တမ်း) ထားရှိခြင်းတို့ လိုပဲ အရေးကြီးတာလေးတွေရှိပါသေးတယ်။ 
များစွာသော အရေးပါတဲ့လုပ်ဆောင်ဖွယ်များမှတခု ကိုထပ်တင်ပြချင်တာကတော့ ကလေးရလာခဲ့ရင် ''စောစောစီးစီးကိုယ်ဝန်အပ်နှံပြသရေး'' ပါ။ နောက်မှလာတဲ့ အဆင့်တစ်ခုဖြစ်ပေမယ့် ကြားအဆင့်တွေ ကျော်လွန်လာပြီး (အလိုလိုပဲဖြစ်ဖြစ် ကြိုးစားယူထားတာပဲဖြစ်ဖြစ်)ကိုယ်ဝန်ရလာခဲ့ရင် မဖြစ်မနေလုပ်ရမယ့် အရေးကြီး တဲ့အလုပ်တစ်ခု ဖြစ်လို့ပါပဲ။
''ဗိုက်အပ်တယ်'' လို့ခေါ်ကြပါတယ်။
***ဘယ်အချိန်မှာအပ်သင့်ပါသလဲ?
စောနိုင်သမျှစောစော ဗိုက်အပ်သင့်ပါတယ်။
ကလေးယူဖို့တွေးတာနဲ့စပြီးသင့်လျော်တဲ့ အကြံဥာဏ်ကို မိမိ ယုံကြည်ရာ ဆရာ တစ်ဦးဆီက ယူရပါမယ်။နောက်ပိုင်းဆက်လက်လိုအပ်နေမယ့် ညွှန်ကြားချက် သတိပေးချက် ဆောင်ရန်ရှောင်ရန်တွေကိုစောစောသိနိုင်ပါတယ်။ စောစောမေးထားလို့ရပါတယ်။မလိုလားအပ်တဲ့ဆေးမှားသောက်ခြင်းတွေ ကိုယ်ဝန်နဲ့မတည့်တဲ့ဆေးတွေ အစားအစာတွေ စားလို့သောက်လို့ မိမိရင်သွေးကို အန္တရာယ်ဖြစ်နိုင်မယ့်အခြေနေကိုရှောင်လွှဲနိုင်မှာဖြစ်ပါတယ်။ကိုယ်ဝန်ပထမဆုံး(၃)လဟာ မိမိရင်သွေး ဖွဲ့စည်းတည်ဆောက်နေတဲ့အချိန်ဖြစ်တာမို့ အဲဒီအချိန်မှာ အနေမှားအစားမှားဖြစ်ခြင်းဟာ မိမိရင်သွေးကို ကြီးစွာသောထိခိုက်မှုတွေဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်အစောပိုင်း ၃-လ ဟာ အရေးအကြီးဆုံးလို့ဆိုနိုင်ပါတယ်။
ဒီ ကာလမှာ အစကောင်းထားမှသာ အနှောင်းသေချာမှာဖြစ်ပါတယ်။ ကျန်းမာပြည့်စုံတဲ့ ရင်သွေးကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ ကိုယ်ဝန်မရှိမီက မပြမိနိုင်ရင်တောင် ကိုယ်ဝန်ရှိကြောင်းဆီးစစ်လို့သိတာနဲ့ ''တတ်ကျွမ်းနားလည်တဲ့''သက်ဆိုင်ရာနီးစပ်ရာဆရာဝန်နဲ့ ပြထားတာအကောင်းဆုံးပါ။ ပုံမှန် ၅-လမှာ ဗိုက်အပ်တာထက် ပိုမို ထိရောက်ပြီးအကျိုးလည်းရှိပါတယ်။

ရင်သွေးတစ်ယောက်ယူတော့မယ်ဆိုရင် (၄)
=========================
ရင်သွေးရှိလာပြီးရင် မွေးမယ့်ရက် ကြိုသိထားနိုင်ခြင်းဟာအကျိုးများပါတယ်။
အချိန်မီ(မစောလွန်း နောက်မကျလွန်း)မွေးဖွားခြင်းအားဖြင့် မလိုလားအပ်တဲ့ မိခင်နှင့်ကလေးအပေါ်အန္တရာယ်တွေ ကိုရှောင်လွှဲနိုင်ပါတယ်။
ဒါ့ကြောင့်ခန့်မှန်းမွေးဖွားရက်ကိုသိကိုသိထားသင့်ပါတယ်။
ပုံမှန်အားဖြင့် ခန့်မှန်းမွေးဖွားရက်ဟာ ကိုယ်ဝန်ဆောင်ကာလ ရက်သတ္တပတ် (၄၀)ကိုရည်ညွှန်းပါတယ်။ ဒီရက်မှာအတိအကျမွေးရမယ်လို့တော့မဆိုလိုပါဘူး။
ပုံမှန်အားဖြင့် ကိုယ်ဝန်တစ်ခုဟာ (၃၇)ပတ် ကနေ (၄၂)ပတ်အတွင်းမှာမွေးရင် လစေ့တယ် ခေါ်ပါတယ်။အန္တရာယ်ကင်းပါတယ်။
ဒီကာလမှာပုံမှန်ကိုယ်ဝန်တွေကို မွေးဖွားစေဖို့စောင့်ရှောက်ကြရပါတယ်။ ဒီကာလအပိုင်းအခြားကိုသိနိုင်တွက်နိုင်ဖို့ရာ ရက်သတ္တပတ် (၄၀)ပြည့် မယ့် ခန့်မှန်းမွေးဖွားရက်ကိုသိထားဖို့အလွန်အရေးကြီးပါတယ်။ဒီခန့်မှန်းမွေးရက်တွက်နိုင်ဖို့ နည်းလမ်းသုံးသွယ်ရှိပါတယ်။ 
၁)ရက်(menstrual dating)
၂)လက်(clinical assessment)
၃)စက် (USG-Ultrasound)တို့ပါပဲ။ ဒီခန့်မှန်းမွေးဖွားရက်သိနိုင်ဖို့ရာမှာ မိခင်လောင်းကိုယ်တိုင်နဲ့ ကြည့်ပေးတဲ့ဆရာဝန်နှစ်ဦးလုံးမှာတာဝန်ကိုယ်စီရှိကြပါတယ်။ မိခင်လောင်းရဲ့တာဝန်ကတော့ ဓမ္မတာမှတ်တမ်းထားဖို့ပါပဲ။ရက် မှန်/မမှန် ဟာ လူနာပေါ်မူတည်ပါတယ်။ 
လက်နဲ့စက် အပိုင်းကတော့ ကြည့်ပေးတဲဆရာဝန်ရဲ့အပိုင်းပါ။ ဘယ်တမျိုးတည်းသောနည်းလမ်းကမျှ အပြည့်အဝ ယုံကြည်စိတ်ချလို့မရတဲ့အတွက် ဒီ၃နည်းကိုပေါင်း၊ ဖြစ်နိုင်ခြေအရှိဆုံး (ဝါ)အနီးစပ်ဆုံးရက် ကို တွက်ထုတ်ဖို့ကတော့ ဆရာဝန်ရဲ့တာဝန်ပါပဲ။
နံပတ်(၁) အချက်ကို တင်ပြခဲ့ပြီးဖြစ်သလိုနံပတ်(၂)အချက် ကလည်းဆရာဝန်တွေတာဝန်မို့ အထူးထွေပြောစရာမရှိပါဘူး။
ပြောစရာရှိတာက နံပတ်၃အချက် USG-Ultrasound (တီဗီဓာတ်မှန်)ရိုက်ခြင်းပါ။လူနာအများစုက(USG) ရိုက်ရင် ကလေးကို ဘေးဥပါဒ်ဖြစ်စေမလားတွေးပူတတ်ကြပါတယ်။ ခေတ်နည်းနည်းမီတဲ့မိသားစုတချို့မှအပ ကျန်လူနာများဟာ USG ရိုက်ဖို့ဝန်လေးတတ်ကြပါတယ်။ ((''များစွာသောသက်သေအထောက်ထားတွေအရ USG ရိုက်ခြင်းဟာ သန္ဓေသားအပေါ် အန္တရာယ်မရှိသလောက်နည်းပါတယ်''))
USG (တီဗီဓာတ်မှန်)ရိုက်တာနဲ့ပတ်သတ်ပြီးသိထားသင့်တာလေးတွေကတော့-----
၁)ကိုယ်ဝန်ဆောင် ကာလ USGရိုက်ခြင်းမှာ စောလေ ကောင်းလေဖြစ်ပါတယ်*****
၂)မိခင်ရောကလေးပါ အန္တရာယ်မရှိသလောက်နည်းပါတယ်
၃)အဖိုးနည်းဝန်ပါ စမ်းသပ်စစ်ဆေးမှုတစ်ခုလို့ဆိုနိုင်ပါတယ်။

*****USGရိုက် တာစောလေကောင်းလေဆိုတဲ့အပိုင်းမှာ---
၁)ကိုယ်ဝန်ပထမ(၃)လအတွင်းရိုက်တဲ့ USGဟာ သန္ဓေသားအသက်(Gestational age)တွက်ရာမှာ နောက်ပိုင်းရိုက်တဲ့ USGထက်ပိုမှန်ပါတယ်(variation ±1 week)

၂)ကိုယ်ဝန်ဟုတ်မဟုတ်(မီးယပ်ရောဂါကြောင့်ဓမ္မတာထိန်ခြင်းလည်းရှိတတ်ပါတယ်)သေချာစေပါတယ်

၃)ကိုယ်ဝန်သေချာရင် ပုံမှန်နေရာမှန် မှာရှိ/မရှိသိနိုင်ပါတယ်(မိခင်အသက်ပါရန်ရှာနိုင်တဲ့ သားအိမ်ပြင်ပ ကိုယ်ဝန်တည်ခြင်းကို စောစောသိနိုင်ပါတယ်)

၎)ကိုယ်ဝန်/သန္ဓေသား ကောင်းမကောင်းသိနိုင်ပါတယ်(ပျက်ကျနိုင်တဲ့ကိုယ်ဝန်? ကျန်းမာသောသန္ဓေသားး? သန္ဓေသားအသက် ၆ပတ်/၇ပတ်ကစလို့ ကဆလးနှလုံးခုန်နေတာရှိမရှိ ကြည့်နိုင်ပါတယ်။ နှလုံးခုန်နေရင် ယေဘုယျအားဖြင့်ကောင်းအဖြေဖြစ်ပါတယ်)

၅)ပုံမှန်ကိုယ်ဝန်နဲ့ဆင်တူတဲ့ တခြားရောဂါတခုခုဟုတ်မဟုတ်သိနိုင်ပါတယ်။(တခါတလေ သားမဲ့သန္ဓေ(blighted ovum)သန္ဓေကင်ဆာထိဖြစ်နိုင်တဲ့ စပျစ်သီးသန္ဓေ(molar pregnancy)တွေလည်းဖြစ်နေတတ်ပါသေးတယ်)

၆)ကိုယ်ဝန်ဟာအမွှာလား တစ်ယောက်တည်းလားသိနိုင်ပါတယ်။
(အမွှာကိုယ်ဝန်ဖြစ်နေရင် ဘယ်နှစ်မွှာလဲ အချင်းတစ်ခုတည်းလား?တစ်ခုစီပါတာလား?တခြားထူးခြားရောဂါပါသေးလား?စသည်ဖြင့်ရှာဖွေကြည့်ရှုနိုင်ပါတယ်။)

၇)ပုံမှန်ကိုယ်ဝန်/သန္ဓေသားမှာမှ မွေးရာပါ ရောဂါ ပါနိုင်သေးလား ရှာကြည့်နိုင်ပါသေးတယ်(eg. Nasal bone hypoplasia at 12-14th week USG)

၈)ကိုယ်ဝန်အပြင် မိခင်လောင်းရဲ့ ကိုယ်တွင်းရောဂါတွေ မျိုးပွားအင်္ဂါတွေမှာ ရှိနေနိုင်တဲ့ရောဂါတွေ ပါရှာတွေ့နိုင်ပါသေးတယ်။

၉)ဖော်ပြပါအတိုင်း ရောဂါ တခုခုအခြေနေတစ်ခုခုတွေ့ခဲ့ရင် ရှေ့ဆက် စီစဉ် /ကုသ/စောင့်ကြည့် ဖို့ ''အချိန်'' ရနိုင်ပါတယ်။

ဒါ့ကြောင့် ကိုယ်ဝန်ရလာခဲ့ရင် USGခေါ်တီဗီ ဓာတ်မှန် စောစောစီးစီး ရိုက်ထားခြင်း ဟာလည်း အကျိုးများလှပါကြောင်း----

--ဆက်ပါဦးမည်--

ရင်သွေးတစ်ယောက်ယူတော့မယ်ဆိုရင် (၅)
==============================
မိခင်လောင်းတစ်ယောက် အဖြစ်ရည်ရွယ် ကြိုးစားပြီဆိုတာနဲ့ မိမိတို့မျှော်မှန်းချက်ဟာ ကျန်းမာသန်စွမ်းတဲ့ ဉာဏ်ရည်မြင့်မားတဲ့ ရင်သွေးတစ်ယောက် ရရှိရေး ဆိုတာ ယုံမှားဖွယ်မရှိပါဘူး။
ဒီလို ကျန်းမာ သန်ထွားဉာဏ်မြင့်မားတဲ့ရင်သွေးတစ်ယောက် ဖြစ်ဖို့ရာမှာ မိမိတို့ရဲ့ (ကိုယ်ဝန်မဆောင်မီ) (ဆောင်စဉ်) နဲ့ (မွေးဖွားပြီး) ကာလတွေမှာဂရုစိုက် မှု စောင့်ရှောက်မှုတွေက အရေးပါတယ်ဆိုတာ အမြဲ သတိချပ်နေဖို့လိုအပ်ပါတယ်။

ကိုယ်ဝန်မဆောင်မီ***
---------------------------
၁)မိမိနဲ့ မိမိ အိမ်ထောင်ဘက် တို့ရဲ့ ကျန်းမာရေး အကောင်းဆုံးအနေအထားမှာရှိနေရေး
၂)မိမိသုံးစွဲနေသောဆေးဝါးများ(ရှိက)ဆက်လက်သုံးစွဲရန် သင့်မသင့်
၃)မိမိနဲ့ အိမ်ထောင်ဖက် နှစ်ဦးလုံးမှာ ကူးစက်နိုင်သောရောဂါများ ရှိ မရှိစစ်ဆေးရေး နှင့် ကုသထိန်းချုပ်ရေး
၎)ကာကွယ်ရန်လိုအပ်သော ရောဂါများ ကာကွယ် ထားရေ --စတာတွေကို အနည်းဆုံးအကြမ်းဖျင်းသုံးသပ်ပြင်ဆင်သင့်ပါတယ်။(ခေတ်မီတိုးတက်သောနိုင်ငံများမှာတော့ မျိုးရိုးဗီဇ နဲ့ဆိုင်သောရောဂါတွေပါ စစ်ဆေး အကြံတောင်းခံတတ်ကြပါတယ်)

* မိမိ နဲ့အိမ်ထောင်ဘက်နစ်ဦးလုံးဟာ ကျန်းမာရေး ကောင်းနေပါမှ သန်စွမ်းကျန်းမာတဲ့ မျိုးစေ့ တွေ ရရှိနိုင်မှာလည်ဖြစ်ပါတယ်။ နှစ်ဦလုံးဟာ အအိပ်မှန်အစားမှန် life styleမှန်နေဖို့လည်းလိုပါတယ်။ life styleဆိုတာကတော့ စားသောက်ပုံ ကစလို့ ကျန်းမာရေးနဲ့ပြည့်စုံသော စားသောက်မှုပုံစံ အဟာရမျှတ ပြည့်ဝသော အစာစားသောက်မှု ဒါတွေကစလို့ ဆေးလိပ် အရက် မူးယစ်ဆေးသုံးစွဲမှုတွေ ရှောင်ကြဉ်ဖို့တို့ဖြစ်ပါတယ်။ အန္တရာယ် ရှိသော ဓာတ်ပစ္စည်း(chemical)များထိတွေ့ကိုင်တွယ် လုပ်ကိုင်သုံးစွဲမှု ရှောင်ကျဉ်ဖို့ (အဓိက ကတော့ ခဲ နဲ့ပြဒါး) ကိုလည်းသတိပြုရပါမယ်။ (folic acid ဆေးသောက်သုံးရေးကတော့ ကျွန်တော် ရှေ့ postမှာတင်ပြပြီးဖြစ်ပါတယ်) အဓိက ကျတဲ့မိခင်လောင်း မှာ ရောဂါတစ်မျိုးမျိုးရှိနေခဲ့ရင် (ဥပမာ သွေးတိုး / ဆီးချို/ နှလုံး) အဆိုပါရောဂါတွေကို အသင့်တော်ဆုံးအနေအထားထိ ထိန်းချုပ်ထားနိုင်ဖို့လိုပါတယ်။ ရောဂါမထိန်းနိုင်ခဲ့ရင် သန္ဓေသားဖွံ့ဖြိုးမှု၊ ကြီးထွား မှု တွေမှာ အနှောင့်ယှက်ဖြစ်ပြီးမလိုလားအပ်တဲ့ ကိုယ်ခန္ဓာတည်ဆောက်ပုံချွတ်ယွင်းမှုတွေထိ ဖြစ်နိုင်ပါတယ်။ (ဥပမာ -ဆီးချိုရောဂါ)
** မိမိသုံးစွဲနေ ရသောဆေးများဆိုရာမှာ မိမိရောဂါတစ်ခု အတွက် ကာကွယ်ဆေးဖြစ်စေ ကုသဆေးဖြစ်စေ တစ်မျိုးမျိုးဟာ ကိုယ်ဝန်ယူတော့မယ်ဆိုတာနဲ့ ဆက်သောက်ရန်သင့်မသင့် နားလည်တတ်ကျွမ်းသောဆရာဝန်နဲ့တိုင်ပင် ထားဖို့လိုပါတယ်။ မိမိက လည်းဆက်လက်သုံးစွဲဖို့လိုတဲ့ အခြေအနေမှာရှိနေသေးတယ်ဆိုရင် ကိုယ်ဝန်နဲ့လည်း မသင့်တော်ဘူးဆိုရင် အခြား သော အမျိုးကွဲ အန္တရာယ်ကင်းတဲ့ဆေးကို တောင်းဆိုရပါမယ်။ ဥပမာ သွေးတိုးရောဂါ အတွက် သောက်ရသောဆေးများထဲမှာတောင် ကိုယ်ဝန်အစောပိုင်းကာလ မှာ မသောက်သင့်တဲ့ဆေး ကိုယ်ဝန်တလျောက် မသုံးသင့်တဲ့ဆေးတွေရှိပါတယ် (eg.Enalapril) တခြားရောဂါတွေဖြစ်တဲ့ ဆီးချို နှလုံး အဆုတ်ရောဂါတွေအတွက်ဆေးများ သွေးကျဲဆေး ဆီးဆေး တွေမှာလည်း ကိုယ်ဝန်နဲ့မသုံးသင့်သောဆေးတွေရှိပါတယ်။ အဆုံးစွန်ပြောရ ရင် ခေတ်ပေါ်အားဆေး တွေထဲမှာတောင် ကိုယ်ဝန်နဲ့ မသင့်တော်သော ဆေးတွေရှိပါတယ်။ အဒီလိုအခြေအနေ တွေမှာ မိမိသုံးစွဲနေသောဆေးတွေကို ပြန်လည်စီစစ် ရွေးချယ် သုံးစွဲဖို့လိုပါတယ်။ နားလည်တဲ့ဆရာဝန်နဲ့တိုင်ပင်ဖို့ လိုအပ်ပါတယ်။ နားမလည်တဲ့ နီးစပ်ရာ ရင်းနှီးရာ လူတွေစကားနဲ့ရမ်းမသုံးမိဖို့အရေးကြီးပါတယ်။
နောက်တစ်ချက်က သန္ဓေတားဆေးသုံးစွဲနေခဲ့သူများ ဆေးသောက်ဆေးထိုနေရင်း ကိုယ်ဝန်ရသွားတာမျိုးမဖြစ်အောင်ဂရုပြုဖို့လိုပါတယ်။ ကိုယ်ဝန်ရချိန်မှာ အတတ်နိုင်ဆုံး တားဆေးရဲ့အာနိသင်ရှိမနေဖို့လိုပါတယ်။ ကိုယ်ဝန်အပေါ်တားဆေးရဲ့အာနိသင်ဟာ အဆိုးရွားကြီး ထိုခိုက်တယ်လို့ တွေ့ရှိချက် ရှိမထားသော်ငြားလည်း ကိုယ်ဝန်ပျက် ခြင်း ရက်မမှန်ခြင်း ဖြစ်စေနိုင်သလို သန္ဓေသားရဲ့ sex ကွဲပြားမှုအပေါ် လွှမ်းမိုးမှုရှိနိုင်တယ်လို့ဆိုထားတာရှိပါတယ်။ 
*** မိမိ နဲ့မိမိအိမ်ထောင်ဖက်မှာ ကူးစက်နိုင်သောရောဂါပိုး ရှိမရှိ ကြိုတင်စစ်ဆေးပြီးမှ ကိုယ်ဝန်ဆောင်ခြင်းဟာလည်း အလေ့အကျင့်ကောင်းတစ်ခုဖြစ်ပါတယ်။ တကယ်လို့ရှိနေရင် မိမိမှသည် ကလေးဆီသို့ကူးနိုင်ချေရှိသော ရောဂါဟုတ်မဟုတ်၊ သန္ဓေ သားရဲ့ဖွံ့ဖြိုးကြီးထွားမှုအပေါ်အနှောင့်အယှက်ပြုနိုင်သော ရောဂါဟုတ်မဟုတ် စီစစ် မေးမြန်းထားရပါမယ်။ကုသဖို့ လိုရင် ကုသရနိုင်တဲ့ရောဂါမျိုး ဆိုရင် ကူသပြီးသည်အထိ စောင့်ပြီးမှ ကိုယ်ဝန်ယူသင့်ပါတယ်။ ကုသမရနိုင်သေးသော ရောဂါမျိုးကိုလည်း ထိန်းချုပ်ထားဖို့ လိုပါတယ်။ ဒီနေရာမှာ လူထုအသိများတဲ့ရောဂါတွေဖြစ်တဲ့ အသည်းရောင်အသားဝါ( ဘီ / စီ ) HIV တွေသာမက ကာလသားရောဂါအမ်ျုးမျိုး (ဂနို /ကြွက်နို့ /ဆစ်ဖလစ်/မှို) တွေ အပြင် ဝက်သက် ဂျိုက်သိုး ကျောက်ရောဂါ စတဲ့ ရောဂါတွေပါ ပါဝင်ပါတယ်။ အခြားအဖြစ်နည်းသောရောဂါပိုးတွေလည်းရှိပါသေးတယ်။ 
****ကျွနိတော်တို့နိုင်ငံမှာခေတ်မစားသေးပေမယ့် အနောက်နိုင်ငံတွေမှာတော့ ကိုယ်ဝန်မဆောင်မီ ရောဂါ ကာကွယ်ဆေး တွေ ထိုးနှံ ထားတတ်ကြပါတယ်။ (ဆက်ပါမည်--)
Copy to: Dr.Chit Kaung -OG
Ref: ကိုယ်ဝန်ဆောင် ကျန်းမာရေး

0 comments:

Post a Comment