Ad Code

Responsive Advertisement

ထိုင်းလေကြောင်းလိုင်းသုံးခုတွင် SAMSUNG GALAXY NOTE 7 သယ်ယူအသုံးပြုခွင့် တားမြစ်



ထိုင်းနိုင်ငံအခြေစိုက် လေကြောင်းလိုင်းတွေဖြစ်ကြတဲ့ ထိုင်းအဲဝေးစ်အင်တာနေရှင်နယ် (Thai Airways International)၊ နော့ခ်အဲ (Nok Air) လေကြောင်းလိုင်းနဲ့ ထိုင်းအဲအေးရှား (Thai Air Asia) လေကြောင်းလိုင်း ၃ ခုမှာ Samsung Galaxy Note 7 ဖုန်းတွေ သယ်ဆောင်အသုံးပြုခွင့်ကို သီးခြားတားမြစ်ပိတ်ပင်ထားတယ်လို့ ဆိုပါတယ်။

ဆမ်ဆောင်းကုမ္ပဏီက ထုတ်လိုက်တဲ့ Galaxy Note 7 အမျိုးအစားဖုန်းကို အားသွင်းထားပြီး အသုံးပြုချိန် ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့တဲ့ သတင်းထုတ်ပြန်ချက် အပြီးမှာ ခုလို တားမြစ်ပိတ်ပင်လိုက်တာလို့ ထိုင်းပီဘီအက်စ်သတင်းတပုဒ်မှာ စက်တင်ဘာ ၁၁ ရက်နေ့က ဖော်ပြပါတယ်။

ထိုင်းအဲဝေးစ်အင်တာနေရှင်နယ်ရဲ့ လုံခြုံမှုဆိုင်ရာဒါရိုက်တာ ပရာသနာ ပတ္ထနာ ဆီရီက လေယာဉ်ပေါ်ပါ ခရီးသည်တွေရဲ့ လုံခြုံရေးအတွက် သူတို့မှာပါတဲ့ Galaxy Note 7 အမျိုးအစား ဖုန်းတွေကို လေယာဉ်ပေါ်မှာ အသုံးမပြုဖို့၊ ၀န်ထမ်းတွေနဲ့အတူ ပူးပေါင်းပါဝင်ကြဖို့ လုပ်ဆောင်ကြစေချင်တယ်လို့ ပြောပါတယ်။

ဒီတားမြစ်ပိတ်ပင်ထားမှုမှာ ခရီးသည်တွေရဲ့ ခရီးဆောင်သေတ္တာတွေအတွင်းမှာလည်း Galaxy Note 7 အမျိုးအစားဖုန်းကို သယ်ယူခွင့်မပြုဘူးလို့ ဆိုပါတယ်။

လေယာဉ်ပျံသန်းနေချိန်အတွင်းမှာ ဖုန်းမှတဆင့် မီးလောင်တာတွေ၊ လွတ်ကျ ပေါက်ကွဲတာတွေ မတော်တဆဖြစ်လာခဲ့ရင်လည်း လေယာဉ်အမှုထမ်းတွေကို ခရီးသည်တွေက သတင်းပေးဖို့လိုတယ်လို့ ပရာသနာ ပတ္ထနာ ဆီရီက အကြံပြုပြောဆိုပါတယ်။



DVB Burmese

Post a Comment

0 Comments

Close Menu