Ad Code

Responsive Advertisement

Self-study လုပ်မယ်ဆိုရင် ဘာတွေသတိထားသင့်လည်း? ဘယ်လိုလုပ်သင့်လည်း?


နိဒါန်း

                Self-study ဆိုတာကတော့ အရမ်းအရေးကြီးတာ သေချာပါတယ်။ အထူးသဖြင့် ကျွန်တော်တို့လို Infrastructure တွေမရှိတဲ့ အနေအထားမှာ Self-study အရမ်းအရေးကြီးပါတယ်။ ဒါပေမယ့် Self-study နဲ့ ပတ်သက်ရင် သတိထားသင့်တဲ့ အချက်လေးတွေလဲ ရှိသလို၊ နည်းမှန်လမ်းမှန် ဘယ်လိုလုပ်မလဲဆိုတဲ့ လမ်းကို ရွေးချယ်တတ်ဖို့လဲ လိုမယ်လို့ ကျွန်တော် ယူဆတယ်ဗျ။

                ကျွန်တော်ကိုယ်တိုင် Self-study လုပ်လာတဲ့ သူတစ်ယောက်ဆိုတော့ ကြွက်တစ်ကောင် ဝင်္ကပါ ထဲမှာ အပေါက်ရှာသလို လမ်းဆုံးသွားလိုက် နောက်ပြန်လှည့်လိုက်၊ ပြန်စလိုက်နဲ့ သွားခဲ့ရ၊ အချိန်တွေ ကုန်ခဲ့ရဆိုတော့ Self-study နဲ့ ပတ်သက်ပြီး သင်ခန်းစာတွေ အများကြီး ရခဲ့တယ်ဗျ။ အဲဒီတော့ဗျာ ကျွန်တော်ကိုယ်တိုင် မှားခဲ့တဲ့ အမှားတွေထဲက ထုတ်နှုတ်ပြီး မှတ်သားထားတွေကို ပြန်ဝေမျှချင်ပါတယ်။
                Self-study သမားတစ်ယောက်အနေနဲ့ သတိထားသင့်တဲ့ အချက်တွေကတော့ ...

၁။ မိမိဘာကိုလေ့လာနေတာလည်း ခွဲခြားသိရှိရမည်
                ကိုယ်လေ့လာနေတာ How ကို လေ့လာနေတာလား၊ Why ကို လေ့လာနေတာလားဆိုတာကို ပထမဦးဆုံး အနေနဲ့ ခွဲခြားသိဖို့ လိုပါမယ်။ ကျွန်တော်တို့ Self-study သမားတွေ အနေနဲ့ ကျွန်တော်တို့ တတ်လို သိလိုတာတွေကို အွန်လိုင်းက Tutorial တွေ စာအုပ်တွေကနေ ရှာဖွေဖတ်ရှုပြီး လေ့လာကြရတယ်ဗျ။
                ကျွန်တော်တို့ အွန်လိုင်းပေါ်မှာ How to … ဆိုပြီး အစပြုတဲ့ မေးခွန်းတွေနဲ့ Google ကနေ ရှာဖွေကြရပါတယ်။ အဲဒီလို ရှာတဲ့နေရာမှာ How to … ဆိုပြီး ရိုက်ရှာရင်တော့ အလွယ်တကူ ရှာလို့ရပေမယ့် Why ဆိုတဲ့ မေးခွန်းနဲ့ ရှာကြည့်မယ်ဆိုရင် ရှာဖို့ မလွယ်တာ သတိထားမိလိမ့်မယ်ဗျ။
                ဥပမာဗျာ … how to build Google Search Engine ဆိုပြီး ရှာမယ်ဆိုရင် ရှာလို့ တွေ့နိုင်ပေမယ့် Why Google is the best search engine? Why Google is need to create? စသည်ဖြင့် Why … ? ဆိုပြီး ခေါင်းစဉ်တတ် ရှာမယ်ဆိုရင် မှန်ကန်တဲ့ အဖြေတွေ့ဖို့ ခဲယဉ်းပါတယ်။ အဲဒီတော့ဗျာ How တွေထဲမှာပဲ မျောနေပြီး Why ကို မလေ့လာဖြစ်ဘူးဆိုရင် Self-study သမားတစ်ယောက်အနေနဲ့ မပြည့်စုံဘူးလို့ ကျွန်တော် ယူဆပါတယ်။

၂။ မိမိဘယ်လိုလုပ်ခဲ့လည်းဆိုတာကို သိရှိရမည်
                Self-study သမားတစ်ယောက်နဲ့ နောက်ထပ် သတိထားဖို့ လိုမယ့် အချက်တစ်ခုက self-study လုပ်ပါများလာတဲ့အခါ ကိုယ်တိုင် မည်သို့လုပ်လိုက်သည် မသိတွေ များလာပါတယ်။ ဘယ်နေရာကနေ ဘယ်လိုကြည့်ပြီး ဘယ်လိုလုပ်လိုက်မှန်း မသိတဲ့ အနေအထားတွေ အများကြီးရှိလာပါတယ်။ အဲဒီအခါမှာ ကိုယ်တိုင် တစ်ကိုယ်တော်အားဖြင့်တော့ အဆင်ပြေပေမယ့် အခြားသူတွေနဲ့ ပူးပေါင်းဆောင်ရွက်တဲ့အခါ အခက်အခဲတွေ ရှိလာနိုင်တာကို သတိထားဖို့ လိုပါတယ်။

၃။ Concept မလွတ်စေဖို့ သတိပြုရမည်
                Self-study သမားတစ်ယောက်အနေနဲ့ နောက်ထပ်ဖြစ်နိုင်တဲ့ အနေအထားကတော့ Concept တွေ လွတ်လာနိုင်တဲ့ အချက်ပါ။ လုပ်တော့ လုပ်တတ်တယ်၊ ဒါပေမယ့် မှန်ကန်တဲ့ Concept က ဘာလဲ၊ ဘယ်လို Concept အပေါ်မှာ အခြေခံပြီး တည်ဆောက်ရမှာလဲ စသည်ဖြင့် လွတ်လာနိုင်ပါတယ်။နောက်ပြီး အဲဒီလို Concept တွေကို လေ့လာဖို့ ကြိုးစားရာမှာလဲ မလေ့လာလိုတဲ့ အခက်အခဲတွေ ကြုံတွေ့နိုင်ပါတယ်။ ဟာ စာအုပ်ကြီးတွေပါကွာ မဖတ်ချင်ပါဘူး။ ဘာ Concept လဲ၊ ဒီလိုလေးလုပ်လိုက် ဖြစ်တာပဲ မဟုတ်လားဆိုပြီး Concept အပေါ်မှာ လျော့တွက်လာနိုင်ပါတယ်။

၄။ ယောင်ခြောက်ဆယ် မဖြစ်စေဖို့ သတိပြုရမည်
                နောက်ထပ် Self-study သမားတစ်ယောက်အနေနဲ့ ဖြစ်နိုင်တဲ့ အခက်အခဲတစ်ခုကတော့ ယောင်ခြောက်ဆယ် ဖြစ်တတ်တာပါ။ ကိုယ်တိုင် လေ့လာနေရတဲ့အနေအထား ကိုယ့်အားကိုယ်ကိုးနေရတဲ့ အနေအထားမှာ မှန်မှန်ကန်ကန်နဲ့ တိတိကျကျ လမ်းပြပေးနိုင်မယ့်သူ ရှားပါတယ်။
                အဲဒီအတွက် Self-motivation (မိမိကိုယ်ကိုယ် စိတ်ဓာတ်မြှင့်တင်ခြင်း) နဲ့သွားရပါတယ်။ အဲဒီလို သွားတဲ့အခါ ဟိုဟာလုပ်ရမလို ဒီဟာလုပ်ရမလို ယောင်ဝါးဝါးတွေ ဖြစ်နေပြီး self-study တော့ သည်းကြီးမည်းကြီး လုပ်နေပေမယ့် ခရီးမပေါက် ခရီးမရောက် ဖြစ်တတ်ပါတယ်။

၅။ Informational Skills တွေကိုလည်း လေ့လာရမည်
                Self-study သမားတစ်ယောက်အနေနဲ့ နောက်ဆုံး ဖြစ်နိုင်ချေရှိတဲ့ အမှားကတော့ Technology Skill နောက်ကိုပဲ လိုက်နေမိပြီး Informational Skill ကို မလုပ်ဖြစ်တော့တာပါ။ Business Skill တွေကို မလေ့လာဖြစ်တော့တာပါ။ ဘက်စုံ၊ ထောင့်စုံအောင် လေ့လာမှသာ Product ကောင်းတစ်ခု ထွက်လာမယ့် အနေအထားမှာ Technology Skill တစ်ခုတည်း သိရုံနဲ့ Product ဝန်ဆောင်မှု မဖြစ်နိုင်ပါဘူး။ ဒီအချက်ကိုလဲ သတိထားရပါမယ်။

                အပေါ်က အချက်ခြောက်ချက်ကတော့ သတိထားရမယ့် အချက်တွေဗျ။ အဲဒါတွေကို ပြောင်းပြန်လှန်လိုက်မယ်ဆိုရင် self-study သမားတစ်ယောက်အတွက် နည်းမှန်လမ်းမှန် ဖြစ်လာပြီလို့ ဆိုနိုင်ပါတယ်။ သတိထားသင့်တာတွေ ပြောပြီးပြီဆိုတော့ လိုက်နာသင့်တာလေးတွေ ပြောကြည့်ရအောင်။ Self-study သမားတွေအနေနဲ့ လိုက်နာသင့်တဲ့ အချက်တွေကတော့ ...

၁။ Project-Oriented Approach 
                ပရောဂျက်တစ်ခုကို အစအဆုံး ရေးကြည့်တဲ့ နည်းနဲ့ လေ့လာသင့်ပါတယ်၊ Project မေရးပဲ ဟိုဟာလေး စမ်းကြည့်၊ ဒီဟာလေး စမ်းကြည့် လုပ်နေတာထက် Project တစ်ခုခုကို အပြီးထိ လုပ်လိုက်တာ ပိုပြီးကောင်းမွန်ပါတယ်။

၂။ Skill Sets များကို မျှမျှတတ လေ့လာရမည်
                Coding Skill (Coding ရေးတတ်တဲ့ စွမ်းဆောင်ရည်)၊ Development Skill (တည်ဆောက်တတ်တဲ့ စွမ်းဆောင်ရည်)၊ Problem Solving Skill (ပြဿနာ ဖြေရှင်းတတ်တဲ့ စွမ်းဆောင်ရည်) ဆိုပြီး သုံးမျိုးရှိတဲ့ နေရာမှာ အားလုံးကို မျှမျှတတ ဖြစ်အောင် လေ့လာဖို့ လိုပါတယ်။ Coding Skill တစ်ခုတည်းပဲ လေ့လာနေမယ်ဆိုရင် Development Skill နဲ့ Problem Solving Skill လွတ်သွားနိုင်ပါတယ်။ အဲဒါကြောင့် အပေါ်မှာ Project ကြီးကြီး၊ သေးသေး၊ ရေးကြည့်ဖို့ တိုက်တွန်းတာ ဖြစ်ပါတယ်။ အဲဒီလို ရေးလိုက်တာနဲ့ Skill Set သုံးခုလုံးကို ပြည့်စုံစေနိုင်ပါတယ်။

၃။ လူအများနှင့် လေ့လာရမည်
                တစ်ဦးတစ်ယောက် လေ့လာတာထက်စာရင် Self-study လုပ်တဲ့သူ အချင်းချင်းစုပြီး လေ့လာကြတာ ပိုကောင်းပါတယ်။ အဲဒီလို လေ့လာမှသာ ပူပေါင်းဆောင်ရွက်တတ်တဲ့ အလေ့အထ၊ Brain Storm (ဆွေးနွေးငြင်းခုန် အဖြေရှာတတ်တဲ့) အလေ့အထ၊ တာဝန်ခွဲဝေ ဖြေရှင်းတတ်တဲ့ အလေ့အထတွေ ရလာနိုင်ပါတယ်။

၄။ တစ်လမ်းထဲရွေးပြီး အဆုံးထိလျှောက်ပါ
                ကိုယ်အကြိုက်ဆုံး တစ်လမ်းထဲကို ရွေးပြီး အဆုံးအထိရောက်အောင် လျှောက်ဖို့လိုပါတယ်။ အဲဒီလို လျှောက်နိုင်ဖို့ ခိုင်မာတဲ့ စိတ်ဓာတ်၊ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ လိုပါတယ်။ ဘယ်သူမှ လာပြီး လမ်းပြ အားပေးနေမှာ မဟုတ်တဲ့အတွက် ကိုယ့်ကိုယ်ထဲမှာ self-motivation (ကိုယ်တိုင် စိတ်ဓာတ် မြှင့်တင်တတ်တဲ့ အလေ့အထ) ရှိနေဖို့လိုပါတယ်။

၅။ ပျော်နေဖို့လည်း လိုအပ်မည်
                Self-study လုပ်နေရတာ ပျော်နေဖို့လိုပါတယ်။ ဒါကတော့ Self-study လုပ်မှ မဟုတ်ပါဘူး။ မိမိဘာပဲလုပ်လုပ်၊ ဘယ်အလုပ်ကိုပဲ လုပ်နေနေ၊ ပျော်ပျော်ရွှင်ရွှင်နဲ့ လုပ်ကိုင်နိုင်မှ တိုးတက်မှာ ဖြစ်ပါတယ်။ အဲဒီလိုမပျော်ဘူးဆိုရင်တော့ Self-study က ခရီးပေါက်၊ ခရီးရောက်မှာ မဟုတ်ပါဘူး။

၆။ Researcher ဖြစ်ချင်လား? Developer ဖြစ်ချင်လား?
                Researcher ဖြစ်ချင်တာလား၊ Developer ဖြစ်ချင်တာလားဆိုတာကို သေသေချာချာ ခွဲခြားထားပါ။ Researcher ဆိုတာကတော့ဗျာ၊ သုတေသနသမား၊ အသေးစိတ်အထိ ဆင်းပြီး လေ့လာမယ်၊ သူများတွေကို ရှင်းပြမယ်၊ ဒီထက် ပိုကောင်းတာရှိရင် အကြံပြုမယ်၊ တီထွင်မယ်ပေါ့။ Developer ကတော့ အဲဒီလို မဟုတ်ပါဘူး။ တစ်ခုခုကို ဖြစ်မြောက်အောင် ရေးသားရမှာ၊ တီထွင်ရမှာ ဖြစ်ပါတယ်။ အဲဒီ နှစ်ခုက ချဉ်းကပ်ပုံ လမ်းကြောင်း တူမလိုနဲ့ မတူပါဘူး။
                အိုင်းစတိုင်း ပြောဖူးတဲ့ စကားတစ်ခွန်းကို ပြန်ပြောရမယ်ဆိုရင် 
"Researcher က ကောက်ရိုးပုံထဲက အပ်တွေ့ပေမယ့် ဆက်ဖွနေပါလိမ့်မယ်။ Developer ကတော့ အပ်တွေ့ဖို့ အဓိကကျပါတယ်။ ကောက်ရိုးပုံဖွတာ အဓိက မကျပါဘူး" 
ပေါ့ဗျာ။
နိဂုံး
                ဒီကတက်သစ်စ လူငယ်၊ လူရွယ်လေးတွေ အနေနဲ့ အခုလိုအင်တာနက်ကို ဖောဖောသီသီ၊ မြန်မြန်ဆန်ဆန် သုံးနိုင်ကြတဲ့ အခြေအနေမျိုးမှာ Self-Study လုပ်တဲ့သူတွေလည်း လမ်းမှားမရောက်အောင်၊ Self-Study ကို စိတ်မဝင်စားတဲ့သူတွေလည်း စိတ်ဝင်စားလာအောင်လို့ ဒီဆောင်းပါးလေး ရေးရခြင်းဖြစ်ပါတယ်။

Post a Comment

0 Comments

Close Menu