Ad Code

Responsive Advertisement

ဗုဒ္ဓဝါဒ နှင့် ဟိန္ဒူအယူဝါဒ ကောက်နုတ်ချက်

မောင်(စွယ်စုံကျမ်း)'s photo.
ဗုဒ္ဓဝါဒ နှင့် ဟိန္ဒူအယူဝါဒ ကောက်နုတ်ချက်
••••••••••••••••••••••••••••••••••••••
ဗုဒ္ဓသည် ဟိန္ဒူဘာသာအယူဝါဒမှ အကောင်းဆုံးသောအစိတ်အပိုင်းတို့ကို ကောင်းစွာ တတ်မြောက်ကျွမ်းကျင်သည် မဟုတ်ပါလော။ ဗုဒ္ဓသည် ဟိန္ဒူဝေဒကျမ်းတို့တွင် နစ်မြုပ်ဖုံးကွယ်နေသည့် အချို့တရားတို့ကို ပြန်လည် ဖော်ထုတ် နေသည် မဟုတ်လော။
(မေးမြန်းလျှောက်ထားသူ - ဝေဒကျမ်းများ၊ ဆင်ခြေအတတ်၊ ပူရဏ်ကျမ်းများကို ကောင်းစွာ ကျွမ်းကျင်သည့် ဟိန္ဒူဘုန်းတော်ကြီး ပဏ္ဍိတ် အက်(စ်) အက်(စ်) ရူကာလဂျီ၊ ဘုံဘိုင်မြို့၊ ဖြေဆိုသူ - ဆရာတော် အရှင်အရိယဓမ္မ။)
ဆရာတော်အရှင်အရိယဓမ္မ။ ဗုဒ္ဓဟာ ပဏ္ဍိတ်ကြီးထင်နေသလို ဟိန္ဒူဘာသာအယူဝါဒမှ အဆီအနှစ်တွေ၊ အကောင်း ဆုံး အစိတ်အပိုင်းတွေကို မကျွမ်းကျင်ပါ။ ဝေဒကျမ်းများတွင် နစ်မြုပ်ဖုံးကွယ်နေတဲ့ အချို့တရားတို့ကိုလည်း ပြန်လည် ဖော်ထုတ် ဟောပြောမနေပါ။ ဗုဒ္ဓဟာ လေးသင်္ချေနဲ့ ကမ္ဘာတသိန်းတိုင်တိုင် ပါရမီ (၁၀)ပါးကို ဖြည့်ဆည်းကျင့်သုံးခဲ့တဲ့ အတွက် ဆရာမရှိဘဲ သစ္စာလေးပါးတရားတော်ကို ပိုင်းခြားထင်ထင် သိမြင်တော်မူတယ်။ သူဟောပြောခဲ့တဲ့ တရား တွေဟာ ဒီ သစ္စာလေးပါးတရားတော်ကို အခြေခံပြီး ဟောတော်မူခဲ့တဲ့တရားတွေသာဖြစ်တယ်။ ဟိန္ဒူဝေဒကျမ်းတွေ ထဲကလည်း မဟုတ်ဘူး။ ဘယ် ဘာသာအယူဝါဒထဲကမှ ယူပြီး ဟောတော်မူတဲ့ တရားတွေလည်းမဟုတ်ဘူး။
သူဟော တော်မူခဲ့တဲ့ တရားတွေဟာ သစ်လွင်တဲ့တရားတွေလည်း ဖြစ်တယ်။ ဘယ် ဘာသာအယူဝါဒကို ထူထောင်ခဲ့တဲ့လူမှ သူ ဟောတော်မူခဲ့တဲ့ တရားတွေကို သိလည်း မသိခဲ့ဖူးဘူး၊ ကြားလည်း မကြားခဲ့ဖူးဘူး။
ဦးပဉ္ဇင်း ယခု ဟောပြောခဲ့တဲ့အချက်နဲ့ ပတ်သက်လို့ အကိုးအကားအထောက်အထားပြုရမယ်ဆိုရင် အဇီဝကဂိုဏ်းဝင် ဥပက မေးတဲ့ မေးခွန်းကို ဗုဒ္ဓဟာ ဘုရားအဖြစ်ကို ရလျှင်ရချင်း၊ တနည်းအားဖြင့် အဝိဇ္ဇာအမှောင်တရား ဟူသည်ကို ပယ်ရှင်းနိုင်လျှင် ပယ်ရှင်းနိုင်ချင်း ဖြေကြားတော်မူရင်း မိန့်တော်မူခဲ့တဲ့ "ဥပက၊ ငါကား ရန်ဟူသမျှအကုန်လုံးကို ဖယ်ရှားသုတ်သင်ပြီးပေပြီ။ ငါကား အလုံးစုံသောတရားတို့ကို မျက်ဝါးထင်ထင် သိမြင်တော်မူချေပြီ။ ငါသည် အညစ် အကြေး ဟူသမျှ မြူမျှမကျန်အောင် ကင်းစင်တော်မူပေပြီ။ ငါကား ရှိရှိ သမျှသော တရားတို့ကို စွန့်ခွာပြီးပြီ။ ထို့ကြောင့် ငါသည် မည်သည့်တရားကိုမျှ တပ်မက်ခြင်းမရှိတော့ပြီ။ ငါကိုယ်တိုင် အသိဉာဏ် ဟူသ မျှကို ပိုင်ထားပြီးဖြစ်ရာ မည်သူ့ ကို ဆရာခေါ်ရမည်နည်း။ ငါ့တွင် ဆရာမရှိပြီ။ ငါနှင့်နှိုင်းယှဉ်အပ်သူကား မရှိပြီ။ လူ့လောက၊ နတ်လောက တွင် ငါနှင့် တူသူကား မရှိပြီ။
ငါကား လောကတွင် အမြင့်မြတ်ဆုံး၊ လောကတွင် အတတ်ဆုံး၊ အသိဆုံးဆရာဖြစ်၏။ ငါကား ချမ်း သာ သုခနှင့်ပြည့်စုံလှ၏။ ငါကား အသင်္ခတဓာတ် မြတ်သော နိဗ္ဗာန်ကို ရရှိပေပြီ။ ငါသည် ဓမ္မစကြာတရားတော်ကို ဟောတော်မူရန် ဗာရာဏသီပြည်သို့ ကြွတော်မူမည်။ ဤအမှောင်ထုဖြင့်ပြီးသည့် လောကကြီးတွင် ဘယ်သောအခါမျှ မဆိတ်သုဉ်းသည့် အမတစည်ကြီးကို ရိုက်တီးပေအံ့" ဆိုတဲ့ စကားတွေနဲ့ သာဓကဆောင်ပြရပေမယ်။ ဒီဗုဒ္ဓကိုယ်တော် တိုင် ဟောပြောတော်မူခဲ့တဲ့ စကားတွေအပြင် ပဏ္ဍိတ်ကြီးရဲ့ စိတ်ထဲမှာစွဲနေတဲ့ မှားယွင်းတဲ့ အယူအဆတွေ ကင်းစင် သွားအောင် ဦးပဉ္ဇင်းက အောက်ပါမေးခွန်းတွေကို မေးရလိမ့်မယ်။
(ထိုကဲ့သို့ ပြောဆိုပြီးနောက်)
ဆရာတော်။ ပဏ္ဍိတ်ကြီးဟာ ဘုံဘိုင်မြို့မှာရှိတဲ့ ဗြဟ္မဏတွေထဲမှ ပညာရှိပဲ မဟုတ်လား။
ပဏ္ဍိတ်ကြီး။ တပည့်တော်ဟာ ဗြဟ္မဏတွေထဲက ပညာရှိတယောက်ဖြစ်ရုံမကပါဘူး၊ ဟိန္ဒူအယူဝါဒနဲ့ဆိုင်ရာမှာ လည်း ကျွမ်းကျင်တတ်မြောက်ပြီး ဟိန္ဒူတွေရဲ့ ဘုန်းတော်ကြီးတပါးလည်း ဖြစ်ပါတယ်။
ဆရာတော်။ ဒါဖြင့်ရင် ပဏ္ဍိတ်ကြီးဟာ ဟိန္ဒူကျမ်းဂန်တွေအနက် ဘယ်ကျမ်းဂန်ကို ပိုပြီးတတ်ကျွမ်းနားလည်ပါ သလဲ။
ပဏ္ဍိတ်ကြီး။ တပည့်တော်ဟာ ဝေဒကျမ်း၊ ဗြဟ္မာ၊ ဗိဿနိုး၊ သျှီဝ စတဲ့ ဘုရားသုံးဆူနဲ့ ပတ်သက်တဲ့ကျမ်း၊နက္ခတ်ကျမ်း၊ ဗေဒင်ကျမ်း၊ ပူရဏ်ကျမ်း၊ ဝေဒန္တကျမ်း စတဲ့ ကျမ်းတွေအားလုံးကို ကျွမ်းကျင်လိမ္မာပါတယ် ဆရာတော်။
ဆရာတော်။ ဗုဒ္ဓဟာ ဟိန္ဒူအယူဝါဒနဲ့ အနှစ်သာရတွေကိုကျွမ်းကျင်ပြီး ဟိန္ဒူဝေဒကျမ်းဂန်ထဲမှ တိမ်မြုပ်နေတဲ့ တရားတွေကို ဖော်ထုတ်နေတယ်ဆိုတဲ့အကြောင်းကို ရစ်(ဂ)ဝေဒကျမ်းထဲမှာ တွေ့ဖူးသလား ပဏ္ဍိတ်ကြီး။
ပဏ္ဍိတ်ကြီး။ မတွေ့ဖူးပါဘူး ဆရာတော်။
ဆရာတော်။ အတ္တာရဝ ဝေဒကျမ်းထဲမှာကော ပဏ္ဍိတ်ကြီး။
ပဏ္ဍိတ်ကြီး။ မတွေ့ဖူးပါဘူး ဆရာတော်။
ဆရာတော်။ ဇယဝေဒကျမ်းထဲမှာကော ပဏ္ဍိတ်ကြီး။
ပဏ္ဍိတ်ကြီး။ မတွေ့ဖူးပါဘူး ဆရာတော်။
ဆရာတော်။ သာမဝေဒကျမ်းထဲမှာကော ပဏ္ဍိတ်ကြီး။
ပဏ္ဍိတ်ကြီး။ မတွေ့ဖူးပါဘူး ဆရာတော်။
ဆရာတော်။ ပဉ္စဝေဒကျမ်းထဲမှာကော ပဏ္ဍိတ်ကြီး။
ပဏ္ဍိတ်ကြီး။ မတွေ့ဖူးပါဘူး ဆရာတော်။
ဆရာတော်။ ခုဒ္ဒဂီတကျမ်းထဲမှာကော ပဏ္ဍိတ်ကြီး။
ပဏ္ဍိတ်ကြီး။ မတွေ့ဖူးပါဘူး ဆရာတော်။
ဆရာတော်။ ဘဂဝါဂီတ ထဲမှာကော ပဏ္ဍိတ်ကြီး။
ပဏ္ဍိတ်ကြီး။ မတွေ့ဖူးပါဘူး ဆရာတော်။
ဆရာတော်။ မဟာဘာရတကျမ်းထဲမှာကော ပဏ္ဍိတ်ကြီး။
ပဏ္ဍိတ်ကြီး။ မတွေ့ဖူးပါဘူး ဆရာတော်။
ဆရာတော်။ ရာမာယာနကျမ်းထဲမှာကော ပဏ္ဍိတ်ကြီး။
ပဏ္ဍိတ်ကြီး။ မတွေ့ဖူးပါဘူး ဆရာတော်။
ဆရာတော်။ ဥပနိသျှကျမ်းထဲမှာကော ပဏ္ဍိတ်ကြီး။
ပဏ္ဍိတ်ကြီး။ မတွေ့ဖူးပါဘူး ဆရာတော်။
ဆရာတော်။ ပူရဏ်ကျမ်းထဲမှာကော ပဏ္ဍိတ်ကြီး။
ပဏ္ဍိတ်ကြီး။ မတွေ့ဖူးပါဘူး ဆရာတော်။
ဆရာတော်။ ဒါဖြင့်ရင် ရှန်ကရကျာလယဆိုတဲ့ ဟိန္ဒူဆရာကြီး ပြုစုခဲ့တဲ့ ဝေဒန္တကျမ်းတွေထဲမှာ ပဏ္ဍိတ်ကြီး တွေ့ ရတာ မဟုတ်လား။
ပဏ္ဍိတ်ကြီး။ ဒီအတိုင်း မှန်ပါတယ်ဆရာတော်။ ဆရာတော်မေးတဲ့ မေးခွန်းတွေကို ထောက်ရှုကြည့်ခြင်းအားဖြင့် ဆရာတော်ဟာ ဟိန္ဒူကျမ်းဂန်တွေကို အတော်ပဲ နှံ့နှံ့စပ်စပ် ဖတ်ရှုလေ့လာထားကြောင်း ထင်ရှားပါတယ်။
ဆရာတော်။ ပဏ္ဍိတ်ကြီးတို့ရဲ့ ဆရာကြီး ရှန်ကရကျာလယ ဟာ ဘယ်မှာ ဖွားမြင်ပါသလဲ။
ပဏ္ဍိတ်ကြီး။ အိန္ဒိယပြည်တောင်ပိုင်း ထရစ်ဗန်ဒရန်မြို့မှာ ဖွားမြင်ပါတယ် ဆရာတော်။
ဆရာတော်။ သူဟာ ဘယ်သူ့ရဲ့သားလဲ ပဏ္ဍိတ်ကြီး။
ပဏ္ဍိတ်ကြီး။ မှတ်တမ်းများအရပြောရလျှင် သူဟာ ဂုဏ်သရေရှိ ဗြဟ္မဏအနွယ်ဝင် အမျိုးသမီးတယောက်ရဲ့သား ဖြစ်ပါတယ် ဆရာတော်။
ဆရာတော်။ အဲဒီ ဗြဟ္မဏအနွယ်ဝင် ဟိန္ဒူအမျိုးသမီးကြီးဟာ ရှန်ကရကျာလယကို မမွေးဖွားမီ နှစ်ပေါင်း အတော်ကြာ မုဆိုးမကြီး ဖြစ်ခဲ့တယ်မဟုတ်လား ပဏ္ဍိတ်ကြီး။
ပဏ္ဍိတ်ကြီး။ မှတ်တမ်းထဲမှာတော့ ဒီအတိုင်းပဲ ပါပါတယ်။
ဆရာတော်။ ပဏ္ဍိတ်ကြီးတို့ရဲ့မှတ်တမ်းထဲမှာ ရှန်ကရကျာလယဟာ မြောက်ပိုင်းအိန္ဒိယကိုမသွားမီ ထရစ်ဗန်ဒရမ် မြို့မှာ ဗုဒ္ဓဘာသာရဟန်းတော်အဖြစ်နဲ့ (၃)နှစ်တိတိ နေထိုင်သွားသေးတယ် မဟုတ်လား။
ပဏ္ဍိတ်ကြီး။ ဆရာတော်ဘုရား၊ ဒီဟာတွေမေးနေလို့ အကျိုးမရှိပါဘူးဘုရား။ ဒီကိစ္စကို ဒီနေရာမှာပဲ ရပ်ပါတော့။ ဗုဒ္ဓရဲ့တရားတော်တွေဟာ ကမ္ဘာ့ ဘယ်ဘာသာအယူဝါဒမှ တရားတွေနဲ့မျှ ရောစပ်ခြင်းမရှိဘူးဆိုတာ ဆရာတော် ပြော ဟော ထားတဲ့ အချက်တွေနဲ့ပဲ ခိုင်လုံလှပါပြီ။
ဤတွင် တရားပွဲသဘာပတိပုဂ္ဂိုလ်သည် ထိုင်ရာမှထ၍ ပဏ္ဍိတ်ရူကာလဂျီအား ...
"ကျွန်ုပ်ဟာ ပဏ္ဍိတ်ကြီးအား အာမခံချက် သုံးချက်နဲ့ သင်မေးလိုတဲ့မေးခွန်းကို ဆရာတော်အား မေးခွင့်ပြုတယ်။ ဒါကြောင့် ဒီအာမခံချက် သုံးချက်အနက် တချက်ချက် သင်ဖောက်ဖျက်ရင် ဟောဒီ ဆရာတော်ရဲ့တရားပွဲကို လာရောက် ဖျက်တဲ့အနေနဲ့ တရားစွဲရလိမ့်မယ်။ ပဏ္ဍိတ်ကြီးက ဆရာတော်မေးတဲ့မေးခွန်းကို ဟိန္ဒူကျမ်းစာများအရ မဖြေဆိုဘဲ တရားပွဲမှထွက်သွားမယ်ဆိုရင် ပဏ္ဍိတ်ကြီးဟာ ပေးထားတဲ့အာမခံချက်တွေကို ချိုးဖျက်တဲ့အနေနဲ့ တရား စွဲဆိုဖို့ပဲ ရှိပါတော့တယ်" ဟု ပြောလေ၏။
ထိုအခါ ပဏ္ဍိတ်ရူကာလဂျီက ...
"သဘာပတိလူကြီးမင်း၊ ကျွန်ုပ်ပေးထားတဲ့ အာမခံချက်တွေကို ကျွန်ုပ် ယခုလို အမှတ်မထင် ချိုးဖျက်မိတဲ့အတွက် ဝမ်းနည်းပါတယ်။ ကျွန်ုပ်ဟာ ဆရာတော်မေးတဲ့ မေးခွန်းများကို ကျကျနန ဖြေဆိုပါတော့မယ်။ ဆရာတော်ကသာ ဆက်လက်ပြီး မေးလိုရာ မေးပါတော့" ဟု ပြန်ဖြေလေ၏။
ဤတွင် ဆရာတော်က ဆက်လက်၍ ...
"ပဏ္ဍိတ်ကြီး၊ ဦးပဉ္ဇင်းနောက်ဆုံးမေးတဲ့ မေးခွန်းကိုသာ ပြန်ပြီး ဖြေပါ"
ပဏ္ဍိတ်ကြီး။ မှတ်တမ်းအရဆိုရင် ရှရီရှန်ကရကျာလယဟာ ဗုဒ္ဓဘာသာရဟန်းတော်အဖြစ်နဲ့ (၃)နှစ်နေထိုင်ခဲ့ဖူး ပါတယ်။
ဆရာတော်။ ဒါဖြင့်ရင် ရှရီရှန်ကရကျာလယဟာ ဘာပြုလို့ဗုဒ္ဓသာသနာ့ဘောင်မှထွက်ပြီး အိန္ဒိယပြည်မြောက်ပိုင်း တက္ကသိုလ်ပြည်ကိုသွားရတာလဲ။
ပဏ္ဍိတ်ကြီး။ သူဟာ ဗုဒ္ဓသာသနာ့ဘောင်အတွင်းမှာ ကြီးလေးတဲ့အပြစ်တခုခုကို ကျူးလွန်မိလို့ သာသနာ့ဘောင် မှ နှင်အထုတ်ခံရတာနဲ့ တူပါတယ်ဆရာတော်။
ဆရာတော်။ ၆လ ၇လ ကျော်ကျော် ခြေလျင်ခရီးပြင်းနှင်ပြီး ဘာရည်ရွယ်ချက်နဲ့ အိန္ဒိယပြည် မြောက်ပိုင်းကိုသွားရတယ်လို့ ယူဆသလဲ ပဏ္ဍိတ်ကြီး
ပဏ္ဍိတ်ကြီး။ ဒီလို မြောက်ပိုင်းအိန္ဒိယကို ဒုက္ခဆင်းရဲခံပြီး သွားတာကတော့ သနန္တနတရားတော်ကို ဟောဖို့ ဖြစ်ပါတယ်။
ဆရာတော်။ ဒီသနန္တနတရားကို ဘယ်သူ့ဆီက သူလေ့လာသင်ကြားသွားတာလဲ ပဏ္ဍိတ်ကြီး
ပဏ္ဍိတ်ကြီး။ ရှရီရှန်ကရကျာလယဟာ ဒီ သနန္တနတရားကို ရှရီကုမာရလိလာဘတ္တ ဆီမှာ လေ့လာသင်ကြား ပါတယ် ဆရာတော်။
ဆရာတော်။ ကုမာရလိလာဘတ္တဟာ တက္ကသိုလ်ပြည် ဗုဒ္ဓတက္ကသိုလ်ကျောင်းတော်ကြီးမှ ဆရာတော်ဟောင်း မဟုတ်ဖူးလား။
ပဏ္ဍိတ်ကြီး။ ဆရာတော်အမိန့်ရှိတဲ့အတိုင်းပဲ ဟုတ်ဟန်တူပါတယ် ဘုရား။
ဆရာတော်။ ရှရီကုမာရလိလာဘတ္တရော၊ ရှရီရှန်ကရကျာလယရော နှစ်ဦးစလုံးဟာ ဗုဒ္ဓသာသနာ့ဘောင်က နှင် ထုတ်ခံကြရတော့ ဗုဒ္ဓဘာသာရဲ့ တကယ့်ရန်သူကြီးတွေ ဖြစ်သွားကြတယ် မဟုတ်လား။
ပဏ္ဍိတ်ကြီး။ ဒီလိုလည်း ဖြစ်နိုင်ပါတယ် ဆရာတော်။
ဆရာတော်။ ရှရီရှန်ကရကျာလယဟာ ဝေဒန္တသာသနာကို ထူထောင်ဖို့ရာ ဘယ်သူ့ဆီက အချက်အလက်တွေကို ရသလဲ ပဏ္ဍိတ်ကြီး
ပဏ္ဍိတ်ကြီး။ ရှရီရှန်ကရကျာလယဟာ ဝေဒန္တသာသနာကို ထူထောင်ဖို့ရာ အချက်အလက်တွေကို ရှရီကုမာရ လိလာဘတ္တဆီက ရတာပဲ ဖြစ်ရမှာပါ ဆရာတော်။
ဆရာတော်။ အဲဒီ အချက်အလက်တွေဟာ ဘာတွေလဲ။
ပဏ္ဍိတ်ကြီး။ တပည့်တော် မသိပါဘူး ဆရာတော်။
ဆရာတော်။ ပဏ္ဍိတ်ရူကာလဂျီ၊ ဒီကုမာရလိလာဘတ္တဆီက ရှရီရှန်ကရကျာလယရတဲ့အချက်တွေဟာ တခြား မဟုတ်။ ဗုဒ္ဓကိုယ်တော်တိုင် ဟောတော်မူခဲ့တဲ့ မဇ္ဈိမနိကာယ်ထဲမှတရားတွေဖြစ်တယ်။ မဇ္ဈိမနိကာယ်နဲ့ တထေရာ တည်းပဲ ဖြစ်တယ်။ အဲဒီတော့ ဗုဒ္ဓဟာ ဟိန္ဒူဝါဒထဲက အကောင်းဆုံး အဆီအနှစ်တွေကို ဗုဒ္ဓက တတ်ကျွမ်းတာ မဟုတ် ဘူး ဆိုတာ ထင်ရှားနေပြီ။ ဗုဒ္ဓ ဟောတော်မူထားတဲ့ တရားတွေကို ဟိန္ဒူအယူဝါဒက မြိုထားတာသာဖြစ်တယ်။ ဒီ ဗုဒ္ဓ ဟောတော်မူထားတဲ့တရားတွေကိုသာ ကုမာရလိလာဘတ္တက ရှန်ကရကျာလယကို ယူပေးတာပဲ ဖြစ်တယ်။ ဒါကြောင့် ဟိန္ဒူဘာသာဝင်တွေက ရှန်ကရကျာလယကို ဝေရောဓနဗုဒ္ဓ (ရုပ်ဖျက်ထားတဲ့ဗုဒ္ဓ) လို့ ခေါ်ကြတာပေါ့။
ဗုဒ္ဓဘာသာဝင်တွေက သပိတ်မှောက်ပစ်လိုက်လို့ အိန္ဒိယပြည်တောင်ပိုင်း ထရစ်ဗန်ဒရမ်မြို့က ထွက်ခွာသွားပြီးတဲ့ နောက် ရှန်ကရကျာလယဟာ ဗုဒ္ဓရဲ့ အယူဝါဒကို ဖျက်ဆီးဖို့၊ မျိုးမပြုတ် ပြုတ်အောင်ဖြုတ်ပစ်ဖို့ သစ္စာဓိဋ္ဌာန်ပြုလိုက်ပါ တယ်။ အဲဒီနောက် အနစ္စကဘုရင်ရဲ့ မိဖုရားကိုသူ့ဘက်ပါလာအောင် ဆွဲဆောင်ကာ အနစ္စကဘုရင်ကို အဆိပ်ကျွေးပြီး အသတ်ခိုင်းတယ်။ အနစ္စကဘုရင်ကို ဒီလိုလုပ်ကြံပြီးတဲ့နောက် မိဖုရားကြီးနဲ့ ဗြဟ္မဏလူမျိုးမှူးမတ်တွေရဲ့ အကူအညီနဲ့ မိဖုရားကြီးရဲ့ ဂုရုလည်း ဖြစ်လာတယ်။ ဟိန္ဒူအယူဝါဒနဲ့ဆိုင်ရာမှာလည်း အကြီးအကဲ ဖြစ်လာတယ်။ သမိုင်းအရ ပြောရရင် ရှန်ကရကျာလယဟာ မိဖုရားကြီးဆီက ဗုဒ္ဓဘာသာရဟန်းတော်တွေနဲ့ ဗုဒ္ဓဘာသာ ဥပသကာ၊ ဥပသကီတွေ ကိုပါ သတ်ဖြတ်ကွပ်မျက်ပစ်ရမယ်ဆိုတဲ့ အမိန့်တော်ကို ရအောင်ယူပြီး အဲဒီလို အမိန့်ထုတ်ပြီးတဲ့နောက် အနှစ် ၂၀ ကျော်ကျော် နှစ်ဆယ့်ငါးနှစ်လောက်ကြာတဲ့အခါ ဗုဒ္ဓဘာသာ ရဟန်းတော်၂သန်းနဲ့ ဗုဒ္ဓဘာသာဝင်တွေကို ရက်ရက် စက်စက် သတ်ဖြတ်ပစ်လိုက်တဲ့အတွက် နောက်ဆုံး ဗုဒ္ဓရဲ့ အယူဝါဒဟာ အိန္ဒိယပြည်မှာ ပျောက်ကွယ်သွားရသတဲ့။
ဗုဒ္ဓဟာ ဟိန္ဒူဝါဒရဲ့ အဆီအနှစ်တွေကို ကောင်းစွာတတ်ကျွမ်းတယ်ဆိုတဲ့စကားဟာ မဟုတ်မှန်တဲ့အပြင် ဗုဒ္ဓရဲ့ အယူဝါဒ ထဲမှ တရားဒေသနာတို့ကိုသာ အလွန်ပါးနပ်ကျင်လည်လှတဲ့ ရှန်ကရကျာလယက ဟိန္ဒူဘာသာထဲကို ဆွဲသွင်းခဲ့တာ တွေကို ယခုလို သာဓကအကိုးအကားတွေနဲ့ အထင်အရှားပြပြီးတဲ့နောက် ဗုဒ္ဓရဲ့ အယူဝါဒနဲ့ ဟိန္ဒူအယူဝါဒတို့ဟာ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်တဲ့အကြောင်း အောက်ပါအချက် (၂၅)ချက်ကို မူတည်ပြီး ရှင်းလင်းဖော်ပြပါဦးမယ်။
ဗုဒ္ဓဝါဒ ဟိန္ဒူအယူဝါဒ
၁။ အဝိဇ္ဇာဟူသမျှကို လုံးဝ ပယ်ဖျက်တော်မူပြီးဖြစ်တဲ့ ဗုဒ္ဓကိုယ်တော်၊ ၁။ ပရမတ္တမဝိညာဉ်တော်၊
၂။ အနတ္တ၊ ၂။ အတ္တ၊ သို့မဟုတ် ဝိညာဉ်၊
၃။ သစ္စာလေးပါး တရားတော်၊ ၃။ သစ္စာတရား မရှိ၊
၎။ မဂ္ဂင် ရှစ်ပါး၊ ၄။ မဂ္ဂင်တရား မရှိ၊
၅။ အဘိဓမ္မာ တရားတော်၊ ၅။ အဘိဓမ္မာတရား မရှိ၊ ၂။ အိုခြင်းတရား မရှိ။
၆။ ပဋိသန္ဓေ တဖန်ပြန်နေရခြင်း၊ ၆။ ဝိညာဉ်ကူးပြောင်းခြင်း၊
၇။ ဘုရားကိုယ်စားလှယ်တော် မရှိ၊ ၇။ ဘုရားကိုယ်စားလှယ်တော် ရှိ၊
၈။ စတုသမုဌာန ရုပ်သဘောအရ ဖြစ်ခြင်း၊ ၈။ ဖန်ဆင်းရှင် (ဣဿရိယနိမ္မာန) ကိုယ်တော်က ဖန်ဆင်းခြင်း၊
၉။ နိဗ္ဗာန်တရား ၉။ မုတ္တိတရား၊
၁၀။ ကိုယ့်ကိုယ်ကို ညှဉ်းပန်းမှု မရှိခြင်း၊ ၁၀။ ကိုယ့်ကိုယ်ကို ညှဉ်းပန်းမှု ရှိခြင်း၊
၁၁။ ရုပ်တရား၊ နာမ်တရားတို့၏ လှုပ်ရှားပြောင်းလဲမှုများ ၁၁။ ရုပ်တရား၊ နာမ်တရားတို့၏ လှုပ်ရှားပြောင်းလဲမှုနှင့် ရှင်းလင်းမှု မရှိခြင်း၊
၁၂။ အရမ်းအကန်းယုံကြည်မှု၊ အယူသည်းမှုတို့မှကင်းစင်ခြင်း ၁၂။ အရမ်းအကန်းယုံကြည်မှု၊ အယူသည်းမှုတို့ဖြင့် ပြွမ်းတီးနေခြင်း၊
၁၃။ ဂါထာမန္တယားများ မရှိခြင်း၊ ၁၃။ ဂါထာမန္တယားများ ရှိနေခြင်း၊
၁၄။ အသိဉာဏ်ပညာ (ဝိဇ္ဇာ)တရားပေါ်တွင် အခြေတည် အပ်သည့် ယုံကြည်မှု၊ ၁၄။ အရမ်း အကန်း ယုံကြည် ကိုးကွယ်မှု၊
၁၅။ ပဋိစ္စသမုပ္ပာဒ တရားတော်ရှိခြင်း၊ ၁၅။ ပဋိစ္စသမုပ္ပာဒ တရားတော်မရှိခြင်း၊
၁၆။ လက်တွေ့ဝိပဿနာ တရားရှိခြင်း၊ ၁၆။ ဆုတောင်း၊ ဆုယူမှု ရှိခြင်း၊
၁၇။ သမထနှင့် ဝိပဿနာတရား ပွားများအားထုတ်ခြင်း၊ ၁၇။ ယောဂီတရား အားထုတ်ခြင်း၊
၁၈။ ဝေဖန်ခြင်း၊ မေးမြန်းခြင်းအမှုတို့ကို ပြုခွင့်ပေးထားခြင်း၊ ၁၈။ ဝေဖန်ခြင်း၊ မေးမြန်းခြင်းတို့ကို ပြုလုပ်ခွင့်မပြု၊
၁၉။ အတင်းအကြပ်ကိုင်မှု၊ အမိန့်ပေးမှု မပါခြင်း၊ ၁၉။ အတင်းအကြပ်ကိုင်မှုနှင့် အမိန့်ပေးမှု ပါခြင်း၊
၂၀။ အကြောက်တရား၊ အမြှော်တရားတို့မှ ကင်းစင်ခြင်း၊ ၂၀။ အကြောက်တရား၊ အမြှော်တရားတို့ရှိခြင်း၊
၂၁။ (၁၅၀၀) ကိလေသာတရားမှ ကင်းစင်ခြင်း၊ ၂၁။ မုန်းတီးခြင်း၊ တပ်မက်ခြင်း၊ မှားယွင်းခြင်း၊ ဝိဇ္ဇာတရား၊ ကိုယ့်ကိုယ်ကို အထင်ကြီးခြင်း၊ မှားယွင်းစွာယူဆခြင်း စသည့် တရားများရှိခြင်း၊
၂၂။ ထုံးတမ်းစဉ်လာနှင့် သမားရိုးကျအယူအဆတို့ကို အလေးဂရု အမှုမထားခြင်း၊ ၂၂။ ထုံးတမ်းစဉ်လာနှင့် သမားရိုးကျအယူအဆတို့ကို လိုက်နာခြင်း၊
၂၃။ ဇာတ်အမျိုး စသည်တို့ ရွေးချယ်မှုမရှိခြင်း၊ ၂၃။ အမျိုးဇာတ် စသည်တို့ရှိခြင်း၊
၂၄။ ယာဇ်ပူဇော် ပသခြင်းကို တင်းတင်းကြပ်ကြပ် တားမြစ်ခြင်း၊ ၂၄။ လူသားနှင့် တိရစ္ဆာန်တို့ကိုယာဇ်ပူဇော် ပသ ရခြင်း၊
၂၅။ လူနတ်ဗြဟ္မာ သတ္တဝါအားလုံး လေ့လာကျင့်သုံး ရမည့် တရားများ၊ ၂၅။ ဟိန္ဒူကျမ်းဂန်များကို ဗြဟ္မဏအနွယ်ဝင်တို့သာလျှင် လေ့လာခွင့်ရှိခြင်း၊
ကဲ အထက်ပါ မူ(၂၅)ချက်အရ ဗုဒ္ဓအယူဝါဒနဲ့ ဟိန္ဒူအယူဝါဒတို့ဟာ တခုနဲ့တခု လုံးဝဆန့်ကျင်လျက်ရှိတယ်ဆိုတာ ထင်ရှားသွားပါပြီ။ ဒီအချက် ထင်ရှားသွားတာနဲ့တပြိုင်နက် ဗုဒ္ဓဘာသာရဲ့ ရန်သူတွေက ဗုဒ္ဓဟာ ဟိန္ဒူအယူဝါဒရဲ့ အဆီ အနှစ်တွေကို ကောင်းကောင်း ကျွမ်းကျင်တတ်မြောက်ပြီး အဲဒီ အဆီအနှစ်တွေကိုသာ ဖော်ထုတ်ဟောပြောလျက် ရှိတယ် ဆိုတဲ့အချက်ဟာ လုံးဝအခြေအမြစ် မရှိဘူးဆိုတာကို အထူးပြောဖို့ လိုတော့မယ်မထင်တော့ဘူး ပဏ္ဍိတ်ကြီး။
ပဏ္ဍိတ်ကြီး။ ဗုဒ္ဓအယူဝါဒနဲ့ ဟိန္ဒူအယူဝါဒတို့မည်ရွေ့မည်မျှအထိ ကွဲပြားခြားနားလျက်ရှိတယ်ဆိုတာကို ယခုလို ကြားနာရတာဟာ ပထမဆုံးအကြိမ်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဆရာတော်ဟောတဲ့အချက်တွေဟာ အလွန်ခိုင်မာလှတဲ့ အတွက် တပည့်တော် နားလည်သဘောပေါက်ပြီး ယခုလို ထင်ထင်ရှားရှား ရှင်းလင်းဟောပြောတော်မူတဲ့အတွက် အလွန် ကျေးဇူးတင်လှပါတယ် ဆရာတော်။
**************************
**************
မြတ်ဗုဒ္ဓဧ။် ဓမ္မပဒပုစ္ဆာများ

Post a Comment

0 Comments

Close Menu