သမ္မတထံ အခက်အခဲများ တင်ပြသည့် ကျိုင်းတုံ ကွန်ပျူတာတက္ကသိုလ် ကျောင်းအုပ်ကြီး ပြောင်းရွှေ့ခံရ
@@@@@@@@@@@@@@@@@@@@@@
ရှမ်းပြည်နယ် အရှေ့ပိုင်း၏မြို့တော် ကျိုင်းတုံမြို့နှင့် ငါးမိုင်ခန့်အကွာ ကျိုင်းတုံ-မိုင်းလားလမ်း ယန်းလှကျေးရွာ အနီးရှိ ကျိုင်းတုံ ကွန်ပျူတာတက္ကသိုလ်၏ အခက်အခဲများကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ တင်ပြသည်ဟုဆိုကာ ကျောင်းအုပ်ဆရာမကြီးကို ပြောင်းရွှေ့လိုက်ကြောင်း အဆိုပါ တက္ကသိုလ်ဆရာမများ အသိုင်းအဝိုင်းထံမှ သိရသည်။

နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်နှင့် ပြည်ထောင်စုဝန်ကြီး အချို့ ပါဝင်သည့်အဖွဲ့သည် မေလက
ရှမ်းပြည်နယ်အရှေ့ပိုင်းသို့ ရောက်ရှိလာစဉ် ကျိုင်းတုံကွန်ပျူတာ
တက္ကသိုလ်သို့ လာရောက် လေ့လာခဲ့ပြီး ဆရာမများ ကြုံတွေ့နေရသည့်
အခက်အခဲများကို တင်ပြရန် ပြောကြားခဲ့ကြောင်း၊ ယင်းသို့ပြောကြား၍
ကျောင်းအုပ်ဆရာမကြီးက ရေနှင့်လျှပ်စစ်မီး အပါအဝင် အခြား အခက်အခဲများကို
နိုင်ငံတော်သမ္မတထံ တင်ပြခဲ့ကြောင်း ၎င်းတို့က ဆိုသည်။
“သမ္မတကြီး ကျိုင်းတုံကိုမလာခင် ရက်ပိုင်းလေးကမှ ဆရာမကြီး ပြောင်းလာတာ။ ပထမ ကျောင်းအုပ်ဆရာကြီးနဲ့ အလွှဲအပြောင်း မပြီးခင် သမ္မတကြီးက ကျောင်းကို လာလေ့လာပြီး ဘာအခက်အခဲ တွေကြုံနေရလဲ။ ပွင့်ပွင့်လင်းလင်း ပြောဆိုလို့ ရေနဲ့ လျှပ်စစ်မီးမရှိတဲ့ အကြောင်းနဲ့ အခြားအခက်အခဲတွေကို ဆရာမကြီးက တင်ပြလိုက်တယ်။ သမ္မတကြီးက ချက်ချင်းပဲ တောင်းဆိုတာတွေ ဖြည့်ဆည်းပေးခဲ့တယ်။ ပြီးခဲ့တဲ့ တစ်ပတ်လောက်ကပဲ ဆရာမကြီးကို ဝန်ကြီး ဌာနရုံးချုပ်ကို ပြောင်းလိုက်တယ်” ဟု ကျိုင်းတုံ ကွန်ပျူတာတက္ကသိုလ်မှ အမည်မဖော်လိုသည့် စီမံရေးရာ ဝန်ထမ်းတစ်ဦးက ပြောကြားသည်။
ကျိုင်းတုံ ကွန်ပျူတာတက္ကသိုလ်၌ ကြုံတွေ့နေရသည့် အခက်အခဲများကို ကျောင်းအုပ်ဆရာမကြီး တင်ပြခဲ့၍ အဝီစိတွင်း တူးဖော်ပေးခဲ့ရာ လက်ရှိအချိန်၌ သောက်သုံးရေ အပြည့်အဝ ရရှိခဲ့သည့် အပြင် လျှပ်စစ်မီးလည်း ၂၄ နာရီ ရထားကြောင်း၊ ယင်းအပြင် ဆရာမများ၏ လုံခြုံရေးအတွက် ရဲကင်းတစ်ခု၊ နှစ်ထပ်အိမ်ရာ တစ်ခုနှင့် အခြား လိုအပ်ချက်များလည်း ရရှိခဲ့ကြောင်း ၎င်းက ရှင်းပြသည်။
“ကိုယ့်ကျောင်းရဲ့အခက်အခဲကို သမ္မတကြီးထံ တင်ပြမိလို့ ဝန်ကြီးဌာနက ချက်ချင်း ပြောင်းရွှေ့လိုက်တာလို့ ကြားတယ်။ ဒီလို မတင်ပြရင်လည်း ဘယ်သူမှ ချက်ချင်း ဖြည့်ဆည်းပေးမှာ မဟုတ်ဘူး။ အဆင့်ဆင့် တင်ပြနေရတာနဲ့တင် လမ်းမှာ ပျောက်သွားမယ်။ ဆရာမကြီးအနေနဲ့ ဒီအကျိုးတွေ မခံစားရပေမယ့် နောက်လူတွေတော့ အကျိုး ရှိသွားတာပေါ့။ ကွန်ပျူတာ တက္ကသိုလ်နဲ့ နည်းပညာတက္ကသိုလ် နှစ်ခုလုံးကို သမ္မတကြီးက တန်းတူဖြည့် ဆည်းပေးခဲ့တယ်လို့ သိရပေမယ့် ကျွန်မတို့ တက္ကသိုလ်ကို မလာတော့ ဘာအခက်အခဲမှ သိမသွားခဲ့ဘူး” ဟု ကျိုင်းတုံတက္ကသိုလ်မှ ကထိကဆရာမတစ်ဦးက သုံးသပ်ပြောကြားသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ကျိုင်းတုံ ကွန်ပျူတာတက္ကသိုလ် ကျောင်းအုပ်ဆရာမကြီး ဒေါက်တာစန်းစန်းတင့် The Voice သို့ ပေးထားသည့် လက်ကိုင်ဖုန်းသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ဝန်ကြီးဌာန၏ လုပ်ငန်း လိုအပ်ချက်အရ ခေါ်ယူခြင်း ဖြစ်နိုင်ကြောင်း၊ ရာထူး လျှော့ချခံရခြင်း မရှိ၍ အရေးယူခြင်း ခံရသည်ဟု မယူဆနိုင်ကြောင်း လက်ရှိ ကျိုင်းတုံ ကွန်ပျူတာတက္ကသိုလ် ကျောင်းအုပ်ဆရာမကြီး ဒေါက်တာခင်မာမျိုးက ပြန်လည် ဖြေကြားခဲ့သည်။
ကျိုင်းတုံ ကွန်ပျူတာတက္ကသိုလ်ကို ၂၀၁၁ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ရာ လက်ရှိ အချိန်အထိ ယင်းတက္ကသိုလ်မှ ဘွဲ့ရ ကျောင်းသား ၆၀၀ ကျော် မွေးထုတ်ပြီး ဖြစ်ကြောင်း၊ ဆရာမများ အပါအဝင် ဝန်ထမ်း ၂၉ ဦးရှိပြီး ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် ကျောင်းသားကျောင်းသူ ၆၇ ဦး တက်ရောက် ပညာသင်ကြားနေကြောင်း ယင်းတက္ကသိုလ်၏ ထုတ်ပြန်ချက်အရ သိရသည်။

0 Comments
You are welcome to share your ideas with us in comments! (မှတ်ချက်များပေးရာတွင် သင်၏အကြံဉာဏ်များကို ကျွနိုပ်တို့နှင့် မျှဝေရန် ကြိုဆိုပါသည်။)
Emoji