Ad Code
Responsive Advertisement
တစ်ဆူသော ရုပ်ပွားတော်သည် ထားဝယ်ချောင်းဝသို့ မျောဝင်ကြွရောက်လာခြင်း
ဓါတ်ပုံ-မောင်စည်သူ
ဓါတ်ပုံ - ကျော်ကျော်သန့်
ဝေတီ  (ဝေဒီ ) မင်းကြီး စောသီလသည်  ရုပ်ပွားတော်မြတ်အား ပင့်ဆောင်သော်လည်း မပါဘဲရှိခြင်း
ကောဇာသက္ကရာဇ်   ၇၀၀-ကျော်မှ   ၈၀၀-အတွင်း  ဝေတီမြို့(ယခုထားဝယ်မြို့မှ   အနောက်ဘက်ကမ်း  ၃-မိုင်ခန့်  အကွာ  မြစ်တစ်လက်ကမ်းရှိ   ဝေတီရွာ)  ကိုအုပ်စိုးသည့်   ရှင်ဇံ   (နန္ဒိယ)  မင်းနှင့်   မိဖုရား  စောမြဒေ၀ီ၏   သားတော် ဗလဒေ၀စောရန်နိုင်ခေါ်  “စောသီလမင်း”  လက်ထက်   ထားဝယ်မြစ်အတွင်းသို့ ဗောဓိညောင်ပင်   တစ်ပင်နှင့်   အောက်ခံ သင်္ကနက်သားနှင့်   ကျောက်ပြားပေါ်တွင်   ရုပ်ပွားတော်တစ်ဆူ   ပါရှိသည့်   ဖောင်တော်တစ်ခု   မျောဝင်ကာ  သောင်ပြင်ဦးတစ်ခု၌ ဆိုက်ကပ်  နေကြောင်း တံငါလှေသွား လုလင်များထံမှတဆင့်  မင်းစောသီလ ကြားသိတော်မူလတ်သော်  -မင်းကြီးအမိန့် တော်အရ  ဝေတီကင်းရွာသူကြီး  “လက်ျာပျံချီဦးမှုံ ”က  လူပေါင်းတစ်ရာကျော်ခန့်    လှေကြီးလှေငယ် အသွယ်သွယ်တို့  နှင့်   ကမ်းဆိပ်သို့   ပင့်ယူပါသော်လည်း  မပါရှိနေခြင်းကြောင့်   မင်းစောသီလသည်   ချက်ချင်းပင် ရွှေလှေရွှေလောင်းတို့  နှင့်   ထက်ကြပ်မကွာလိုက်ပါ၍  ပင့်သော်လည်း  “ရုပ်ပွားတော်ဖောင်သည်   စော်ချောင်း  (ယခု
ရွှေဂူတောင်ခြေရင်းရှိ  စော်ချောင်း) အတွင်းသို့ ၀င်သွားလေသဖြင့်  မမီ၍ ပြန်လည်လာခဲ့ရလေ၏။ ”
ညောင် စင်ရွာ
ရုပ်ပွားတော်ဖောင်သည်   မြို့ဆိုးရွာသို့ရောက်သွားသဖြင့်   ယင်းရွာမှ   တံငါလုလင်အပေါင်းတို့ သည်လည်း အလွယ်တကူနှင့်   ပင့်ယူ၍  မရသောကြောင့်   သင်္ကန်းတုံးတွင်   ကြိုးနှင့်ချည်ပြီး  ကြိုးတစ်စကို   စော်ချောင်းကမ်းရှိ ညောင်းပင်တစ်ပင်မှ   ညောင်ကိုင်းတွင်   ချည်လျက်   ဆွဲကြရာ  ညောင်ကို င်းပြတ်ကျ  လွင့်စင်သွားလေ၏။  ယင်းနေရာကို “ညောင်စင်ရွာ” ဟူ၍ပင်  ရှေးအခေါ်မပျက်ဘဲ ယနေ့ တိုင်  စည်ကားသော ရွာကြီးတစ်ရွာ ဖြစ်ရှိ  ထင်ရှားနေလေသည်။
………………………………………….
မုတ္တသုခနဂရမြို့အကြောင်း
ကောဇာသက္ကရာဇ်   ၇၂၉-ခုနှစ်တွင်   "မင်းကြီးစွာစော်ကဲ"  သည်   ရတနာပူရ  အင်းဝ  ရွှေထီး,  ရွှေနန်းကို သိမ်းမြန်းတော်မူ၍  သားတော်အကြီး  "တရဖျားမင်းသား"  အား  အိမ်ရှေ့အရာ  ပေးအပ်တော်မူ၏။  ယင်းအခါ  သားတော်   ၂-ပါးမှာ  မသင့်မြတ်ကြ၍  သားတော်အငယ်   "မင်းဆွေ"  အား  နှိပ်စက်မည်ကို   စိုးရိမ်သဖြင့်   ပင်လယ်ကျေး "သင်္ဃရာဇာဆရာတော်ထံ  အပ်နှံကာ ပညာသင်ကြားစေလေ၏။"
မင်းဆွေသည်   အဋ္ဌရသ  ၁၈-ပါးသော  အတတ်ပညာများကို   တတ်မြောက်သဖြင့်   လက်စွဲတော်   "ငခင်ညို"  နှင့် "ငခင်ဘ"  တို့ကို   တိတ်တဆိတ်တိုင်ပင်ကာ  မြင်းကိုယ်စီစီးလျက်   ဆရာတော်ကျောင်းမှ   ထွက်ခွာလာခဲ့ကြလေ၏။  ကျွန်အရှင် ၃-ဖော်   တို့မှာ တောလမ်း တောင်လမ်း စခန်းအသီးသီး  မြို့ကြီးရွာငယ်   အသွယ်သွယ်သော ဒေသများကို  ဖြတ်ကျော် ကူးသန်း လာကြပြီးနောက်   အောက်ပြေတရိုး  ပဲခိုး(ပဲခူး)  မုတ္တ၊  မောရရွှေမြိုင်   (မော်လမြိုင် )  ခရိုင်လုံးစုံ   မုဒုံတလီ ,  ကျိုက္ခမီတစ်သွယ် , ရေးနယ်တစ်လျှောက်   ဆိုက်ရောက်ကာ  မကြာမဆိုင်း  "ဒူရကတိုင်း  မြို့ထား ၀ယ်   ဆန်းကြယ်ချောင်းကမ်းပါးသို့   ၃-ဦးသား ရောက်ရှိကြလေ၏၊"
၁။ မင်းဆွေနှင့်  ဆံရှည်မ
ဆန်းကြယ်ချောင်းကို   ဖြတ်ကူးရာ  မင်းဆွေ၏  မြင်းခြေထောက်တို့၌  ဆံပင်များ  ထွေးလုံးရစ်ပတ်   ငြိတွယ်   နေသည်ကို မြင်သဖြင့်   မင်းဆွေသည်   မြင်းပေါ်မှဆင်း၍   ဆံပင်ကို   တိုင်းထွာကြည့်ရှုရာ  သုံးထောင့်တစ်ထွာခန့်   ရှည်သည်ကို   သိရလျှင် "သုံးထောင့်တစ်ထွာ  ဆံကေသာ"  ဟူသော  အဆိုနှင့်   ညီညွတ်မည့်   အပျိုချောကလေး  ဖြစ်လိမ့်မည်အထင်နှင့် မှန်းစိတ်အလျှောက်   ချောင်းအထက်ဖက်သို့   တက်ရောက်ရှာဖွေရာ  မနီး,  မဝေး၌ပင်   ကျောက်ဖျာပေါ်တွင်ထိုင်ကာ "ခေါင်းလျှော်နေသည့်   ဆံပင်ရှင်ကို   တွေ့ရှိရာ"  မင်းဆွေမှာ  မိမိ၏စိတ်မှန်းနှင့်   ကိုက်ညီလှသဖြင့်   လွန်မင်းစွာ  ၀မ်းသာလေ၏။
၎င်းနှင့်   မနီးမဝေး  မှာလည်း  အပျိုဖော်တစ်စုတို့မှာ  ရေကစားသူ   ကစား,  ခေါင်းလျှော်သူလျှော်   ပြုလုပ်နေကြသည်ကို တွေ့မြင်ရလေ၏။ ဆံရှည်မမှာ ခေါင်းငုံ့ကာ ခေါင်းလျှော်နေသဖြင့်  မင်းဆွေလာသည်ကို  မသိချေ။
(ငခင်ညိုနှင့်   ငခင်ဘတို့ကား  ခပ်လှမ်းလှမ်းမှ   မြင်းများကို   ရေတိုက်ရင်း  စောင့်နေကြလေ၏။)  မင်းဆွေက ချောင်းဟန့်သံပေးလိုက်တော့မှ   ဆံရှည်မမှာ  မော့ကြည့်ကာ  အံ့အားသင့်နေလေ၏။  မင်းဆွေသည်   ဆံရှည်မနှင့်   လက်   ၂-ကမ်းလောက်အကွာ ကျောက်တုံးကလေးတစ်ခုပေါ်၌ တင်ပါးလွှဲထိုင်ကာ စတင်နှုတ်ခွန်းဆက်လိုက်၏။
"ဒီရွာ ဘာရွာလို့ခေါ်ပါသလဲ နှမရယ်၊ နှမအမည်က ဘယ်လို  ခေါ်ပါသလဲ။"
မဆံရှ ည်က  တုန်ရီသောအသံဖြင့်   ဒီရွာဟာ  "ဆန်းကြယ်ရွာ"  လို့ခေါ်ပါတယ်။  ကျွန်မအမည်ကတော့
ဆံပင်ရှည်တဲ့အတွက်  အားလုံးကပဲ "ဆံရှည်မ" လို့  ခေါ်ကြပါတယ်။ "မဆံရှည် " လို့လဲ ခေါ်ကြပါတယ်ရှင်။
"နှမရဲ့မိဘ အခြေအနေကိုလည်း သိလိုပါတယ်။"
"ကျွန်မရဲ့အဖေက ဒီရွာမှာ ရွာသူကြီးပါပဲရှင်၊ အစ်ကိုကဘယ်အရပ်က ဘာလဲရှင်။"
အစ်ကိုတို့  ရောက်လာရခြင်းကတော့   ဒီလိုပါ။ အစ်ကိုတို့မှာ အထက်အင်းဝတိုင်းပြည်ကပါ။  အစ်ကိုတို့ရဲ့ ခမည်းတော်
"မင်းကြီး  စွာစော်ကဲ"  ဆိုတာ  နှမ  ကြားဖူးပါလိမ့်မယ်။  ခမည်းတော်ဟာ  အင်းဝတိုင်းပြည်မှာ  နန်းတက်   အုပ်စိုးတဲ့အခါ
ခမည်းတော်မှာ  သားတော်   ၂-ပါး  ရှိပါတယ်။  အစ်ကိုက  အငယ်   "မင်းဆွေ"  လို့ခေါ်ပါတယ်။  အစ်ကိုရဲ့  နောင်တော်က
"တရဖျား"  မင်းသားတဲ့။  ခမည်းတော်   နန်းတက်တော့   နောင်တော်   တရဖျားမင်းသားကို   အိမ်ရှေ့အရာ  ပေးအပ်တော်မူတယ်။
အစ်ကိုတို့ညီနောင်   ၂-ပါး  မသင့်မတင့်ဖြစ်တာနဲ့   ခမည်းတော်က  အစ်ကိုအား  "ပင်လယ်ကျေး  သင်္ဃရာဇာဆရာတော်ထံ အပ်နှံပြီး  ပညာများ  သင်ကြားစေပါတယ်။  ပညာများ  သင်ကြားနေရင်း  ဆရာတော်ဘုရားက  ငါ့တပည့်မှာ  ဇာတာစန်းလဂ်များ ညံ့တဲ့အတွက်   စိုးရိမ်မကင်းဖြစ်တာ  ဝေးရာသို့   တိမ်းရှောင်   နေလေဦးတော့။  ၃-နှစ်က  ကျော်လွန်မှ   တိုင်းတော်ပြည်တော်သို့ ပြန်ခဲ့လေတော့လို့   အမိန့်ရှိတော်မူတာနဲ့   ဆရာတော် ဘုရားရဲ့  အမိန့်တော်အတိုင်း  အောက်ပြည် ,  အောက်ရွာ  ဒေသသို့ လက်စွဲတော်   ငယ်ကျွန်   ၂-ယောက်နှင့်   အတူ   မြင်းကိုယ်စီစီးပြီး  လာခဲ့ကြရာ  ပရံပရ  ဘ၀အဆက်ဆက်က  ချဖူးသော  ရေစက် , ပန္နက်  ဖူးသော သစ္စာ၊ ရွှေနဖူးစာထူးများ ပါရှိသည့်အတွက်  ဖူးစာနတ်များက လမ်းညွှန်ပြစဉ်  မြင်းတွင်းဆံရစ်  ယင်းသနစ်ကြောင့် အခင်းထိုက်မြိုက်   တိုက်ဆိုက်ကြုံလာ  သေချာကျန  နှမတို့နေရာ  ဤနေရာ  ဤဒေသသို့   အစ်ကိုတို့ရောက်လာခဲ့ရ  ပါတယ်။ အစ်ကိုအား သဒ္ဒါကြည်ဖြူပါက နောင်နန်းသူ  ဖြစ်ပါလိမ့်မယ်  နှမရယ် " ဟုဆိုလိုက်ရာ -ဆံရှည်မမှာ  မင်းသားမှန်းသိသဖြင့်   မခို့တရို့နှင့်   ခပ်ပြုံးပြုံးကလေး  မျက်နှာပေးဖြင့်   နန်းတော်သုံး  အမူအရာ ယဉ်ကျေးပျူဌာစွာနှင့်   "မောင်ဘုရား  မိန့်တော်သံကို   ဘုရားမလေး  ကြားရတဲ့အတိုင်း  ဖီဆန်ငြင်းပယ်ရန်မရှိပါ။  နှမစံရာ အိမ်ဂေဟာ၌  နှမလေးနှင့်အတူ   ပျော်ရွှင်ချမ်းမြေ့စွား  နေနိုင်ပါတယ်။  နှမလေးက  ကြည်ဖြူသဒ္ဒါရှိပါ  သော်လည်း  နောင်ကို မောင်ဘုရားက မပျော်ပိုက်မှာ စိုးရိမ်လှပါတယ်ဘုရား။"
"မစိုးရိမ်ပါနဲ့   နှမရယ်၊  မင်းမှာသစ္စာ,  လူမှာကတိ "  ဆိုတဲ့အတိုင်း  သစ္စာရှိရှိနဲ့   နှမလေးနဲ့အတူ   မောင်ဘုရား ပျော်ပျော်ကြီးနေပါ့မယ်။" "ကောင်းလှပေါ့   မောင်ဘုရားရေ၊  မောင်ဘုရားနဲ့   နှမလေးတို့မှာ  ကလေးချင်းဘာဝ  တစ်ဦးနှင့်တစ်ဦး  မေတ္တာမျှပြီး သစ္စာလဲရကြပြီ။  နှမလေးတို့   အိမ်ဂေဟာဌာန  လှမ်းကြွပြီးတော့   နှမလေးရဲ့  အဖေ,  အမေတို့ထံ   သားသမက် ပြုပါမည့်အကြောင်း  ခွင့်ပန်တောင်းပေတော့   မောင်တော်ဘုရား။  အိမ်ဂေဟာ  ဌာနလည်း  မဝေးလှပါဘူး၊  ခဲနှစ်ပစ်လောက် လျှောက်ရင်  ရောက်ပါလိမ့်မယ်။" ကိုင်း  . . .  ဒါဖြင့်   နှမရဲ့  အပျိုဖော်တစ်စုတို့နဲ့   ရှေ့ကလမ်းပြပြီး  လှမ်းကြွပေတော့   "မောင်ဘုရားနဲ့ ငယ်ပါကျွန်များကမြင်းကို  ဇက်ချုပ်စီးပြီး မနီးမဝေးက လိုက်ခဲ့ပါ့မယ် " ဟု  ပြောဆိုပြီး သွားကြလေ၏။
၂။ မင်းဆွေနှင့်  မဆံရှည်ကို  မိဘများက သဘောတူကြခြင်း
အိမ်သို့ရောက်လျှင်   ဖခင်   သူကြီးမင်းနှင့်   မိခင်တို့အား  ဖြစ်ကြောင်းကုန်စင်   စုံအလင်တို့ကို   ပြောပြရာ  သဘောကျ ၀မ်းမြောက်လှသဖြင့်   များမကြာမီပင်   နေ့ကောင်းနေ့မြတ်ကို   ရွေးချယ်ပြီး  "ချစ်သူ   နှစ်ဦးအား  လက်ထပ်ထိမ်းမြားလိုက်လေ၏။" မင်းဆွေကလည်း မိမိ၌ပါရှိသမျှ ပစ္စည်းဥစ္စာများကို  ဆံရှည်မအား ပေးအပ်လေ၏။ "မောင်ဘုရားကို   အခြားသူများကမေးက  မင်းညီမင်းသားလို့   မပြောဘဲ  မိုးကုတ်မြို့က  ကျောက်ကုန်သည်လို့   ပြောပါ" ဟူ၍ ဆံရှည်မအား သတိပေးထားလေ၏။
ယင်းသို့ဖြင့်  ၃-နှစ်ခန့်ကြာလတ်သော်  -မင်းဆွေသည်   အင်းဝတိုင်းပြည်သို့   ပြန်တော့မည်အကြောင်းကို   ဆံရှည်မအားပြောပြီး  န၀ရတ်လက်စွပ်ကို   ချွတ်၍ ပေးခဲ့ပြီး  သားယောက်ျားမွေးက  အရွယ်ရောက်လျှင်   မင်းသားတို့   တတ်အပ်သော  ပညာရပ်များကို   သင်ကြားစေပြီး  ပညာများ စုံလင်သော်   ဤန၀ရတ်   လက်စွပ်နှင့်တကွ  မောင်ဘုရားထံလွှတ်လိုက်ပါ။  သမီးမိန်းမ  မွေးမူ   ဤန၀ရတ် လက်စွပ်ကိုရောင်းချပြီးသုံးစွဲကြလေတော့ "  ဟု   မှာထားကာ  ငယ်ကျွန်   ၂-ယောက်နှင့်အတူပင်   အင်းဝတိုင်းပြည် ပြန်လည်သွားကြလေ၏။
၃။ သားလှရွေသွေး လူကလေး
မင်းဆွေ  အင်းဝတိုင်းပြည်သို့   ပြန်လည်သွားပြီးနောက်   ကောဇာသက္ကရာဇ်   ၇၅၁-ခုနှစ်   တပေါင်းလဆန်း  ၅-ရက် ဗုဒ္ဓဟူးနေ့   နေတက်   ရေတက်   အချိန်တွင်   ဆံရှည်မ၌  သားလှရွေသွေး  လူကလေးကို   မျက်နှာမြင်လေသည်။  သူ့အဖေက မင်းသားဖြစ်သောကြောင့်   သားကလေးကိုလည်း  "မင်းသား"  ဟူ၍ပင်   ခေါ်ကြလေသည်။  အသက်   ၇-နှစ်အရွယ် ရောက်ရှိလတ်သော်  "ဆန်းကြယ်ကျောင်း ဆရာတော်  ထံတွင်  ပညာသင်ရန်  အပ်နှံထားတလ၏။" ယင်းအခါဝယ်   ကျောင်းနေဖက်သူငယ်ချင်းများက  အဖမဲ့သားဟု   လှောင်ပြောင်သည်ကို   မခံချင်သဖြင့်   မိခင်အား မေးလေရာ မိခင်က "မောင့်ဖခင်  ကုန်ုရောင်းကုန် ၀ယ်သွားတယ်၊ မကြာမီ  လာပါလိမ့်မည် " ဟု  ပြောဆိုလေ၏။ သူငယ်ချင်းများက  လှောင်ပြောင်ပြောဆိုဖန်   များလတ်သော်   သားက  "ဖခင်   ရှိ ,  မရှိကို   မိခင်   မှန်မှန် ပြောပြပါ။မပြောက မိခင်၏ သားမြတ်ကို  ကိုက်ဖြတ်မည် " ဟု  သားမြတ်ကိုငုံလျက်  မေးလေ၏။ ယင်းအခါမှ   မိခင်က  အကြောင်းစုံကို   ဖွင့်ဟပြောလေတော့၏။  သားကလည်း  ဇာတိသွေး,  ဇာတိမာန်   တက်ကြွကာ တစ်နေ့နေ့တော့  ဖခင်ထံ  ထီးမွေနန်းမွေများတောင်းရန်  သွားရတော့မည်ဟု  ဆုံးဖြတ်ထားရှိလေ၏။
"ဖခင်အားပြသရန်   သက်သေခံ   မည်သည့်ပစ္စည်းများ  ပါရှိသလဲ"  ဟုမေးပြန် ရာ  "သားယောက်ျားမွေးက ဟောဒီလက်စွပ်နှင့်တကွ  သူ့ထံ   လိုက်လာခဲ့ရန်   မှာထားခဲ့ပါတယ် "  ဟုပြောပြီးလျှင်   န၀ရတ်လက်စွပ်ကို   မိခင်   ဆံရှည်မက ထုတ်ပေးလေ၏။ ယင်းနောက်   မင်းသားသည်   ကျောင်းသို့   သွားမြဲသွားရောက်ကာ  ဆရာတော်အား  မိခင်ပြောသမျှ  အလုံးစုံကို လျှောက်ထားလေ၏။ ဆရာတော်က ဤသို့   မိန့်တော်မူ၏။
"ငါ့တပည့်ဟာ  ဇာတာ  စန်းလဂ်နှင့်တကွ  ကြန်အင်လက္ခဏာလဲ  အင်မတန်   ကောင်းပေတယ်၊  တိုင်းပြည်   တစ်ပြည်မှာ ဧကန္တ   မင်းဖြစ်လိမ့်မယ်။  ကျောင်းနေဖက်   သူငယ်ချင်းများနှင့်တကွ  အခြားသူများက  အဖေမရှိတဲ့သားပဲ  ဆိုဆို   ဘာပဲဆိုဆို ဘယ်လိုပင်   မခံချင်အောင်   လှောင်ကြ,  ပြောင်ကြ,  သရော်ကြသော်လည်း  ဘာမျှပြန်မပြောဘဲ  ဆိတ်ဆိတ်သာနေပြီး ပညာများကိုသာ  ကြိုးစားသင်ပါ။   နောင်   အကြောင်းအခွင့်   ကြုံသင့်တဲ့အခါ   ဆရာတော်   ကိုယ်တိုင်   ကြည့်ရှုစီမံပြီး  ငါ့တပည့်ရဲ့ ဖခင်စံနေတဲ့   အင်းဝတိုင်းပြည်သို့   ထည့်ပေးလိုက်ပါမယ် "  ဟူ၍  ဆရာတော်က  မိန့်ကြား  ပြောဆိုသဖြင့်   မင်းသားကလေးလည်း ၀မ်းမြောက် ၀မ်းသာ ပညာများကို  ခါတိုင်းထက်  ပို၍ ကြိုးစား သင်လေ၏။
၎။ ဘုတ်မွေးရင်သက် , တက်နက် , မောက်ချွန်း, မြီးဝန်း, တောင်ပံဖြူ
မင်းသားကလေးကား  အသက်   ၁၂-နှစ်အရွယ်   ဖြစ်ရှိခဲ့လေပြီ၊  တစ်နေ့သ၌  ဆရာတော်၏  ကျောင်းပရိ ၀ုဏ် အတွင်းတွင်   မင်းသားကလေးသည်   ကျောင်းသားများနှင့်တကွ  လေးမြားအတတ်ကို   လေ့ကျင့်ကြစဉ်   ကောင်းကင်မှ စွန်တကောင်သည်   "ကြက်ငယ်   တစ်ကောင်   ချီယူ   ၀ဲပျံလာသည်ကို "  မြင်၍  မင်းသားက  လေးနှင့်ပစ်ရာ  ကြက်ငယ်   ကျလာ၍ ယင်းကြက်ငယ်ကို   ကောင်းမွန်စွာ  မွေးထားလေ၏။  ကြီးပြင်းလာသောအခါ  "ဘုတ်မွေးရင်သက် ,  တက်နက် , မောက်ချွန်း,မြီးဝန်း,  တောင်ပံဖြူ"  ဟူသော  ကြက်၌  ကျွမ်းကျင်သူတို့၏  အဆိုအတိုင်း  (ဝေဒီမြို့သမိုင်းတွင်   ပြန်ရှု )  အင်္ဂါ  ၅-ရပ်နှင့်   ပြည့်စုံသော  တိုက်ကြက်ဖ  အစွမ်းကောင်းကြီး  ဖြစ် ရှိလာလေ၏။  အရွယ်မှာ အခြားကြက်ဖ  များထက်   ငယ်သော်လည်း စမ်းသပ်၍ အခွပ်  ပွဲတိုင်းပင်  အနိုင်ရလေ၏။ ယင်း ကြက်ဖကြီးကို  "ရွှေဒင်္ဂါး" ဟူ၍ အမည်မှည့်ထားလေ၏။
၅။ အင်းဝပြည်သွား  ဆံရှည်မသား
တစ်နေ့သ၌  အင်းဝတိုင်းပြည်မှ   ပိုးကုန်သည်   ၄-ယောက်   တို့သည်   ဆရာတော်ကျောင်းတွင်   လာရောက် တည်းခိုကြလေ၏။  မင်းသားလည်း  "ပိုးကုန်သည်တို့အပြန်တွင်   ၎င်းတို့နှင့်အတူ   အင်းဝတိုင်းပြည်သို့   လိုက်ပါသွားလိုကြောင်း" ဆရာတော်ထံ  လျှောက်ပန်လေ၏။
ဆရာတော်က  "ကောင်းပြီ   လိုက်သွားပေတော့၊  လမ်းခရီး  တစ်လျှောက်   စရိတ်များ  ရရှိရန်   ဒီကြက်ဖကြီးကို ပိုက်ကာရောက်လေရာ  အရပ်တိုင်းမှာ  တိုက်လေတော့၊  လောင်းတဲ့အခါမှာ  န၀ရတ်   လက်စွပ်   ကိုပြပြီး  လောင်းလေတော့ "  ဟု မှာကြားပြီးလျှင်  ဆရာတော်ကိုယ်တိုင်  ကြက်ဖကို  ကောင်းစွာ မန်းမှုတ်  စီရင်ပေးအပ်လိုက်  လေ၏။ ပိုးကုန်သည်   ၄-ယောက်တို့အားလည်း  မင်းသားကို   သူ့   ခမည်တော်စံရာ  အင်းဝသို့   အရောက်ပို့ရန် ပြောကြားလိုက်လေ၏။ မင်းသားလည်း  မိခင်နှင့်   အဖိုး,  အဖွားတို့အား  အင်းဝတိုင်းပြည်သို့   ပိုးကုန်သည်များနှင့်   အတူလိုက်ပါ  သွားရန် အခွင့်ပန်  ကန်တော့ပြီး "ပိုးကုန်သည်များနှင့်အတူ  လိုက်ပါသွားလေ၏။"
၆။ ကြက်တိုက်မင်းသား  ခရီးသွား
မင်းသားသည်   ကြက်ပိုက်လျက်   ပိုးကုန်သည်များနှင့်အတူ   ခြေလျင်သွားကြရာ  ရေးမြို့သို့   ရောက်ရှိ   လတ်သော် မွန်အမတ်ကြီး  "ဗညားဒလ"  အိမ်၌  တည်းခိုကြပြီး  ပိုးကုန်သည်များမှာ  မိမိတို့   ကုန်စည်များကို   ရပ်ရွာအတွင်း  လှည့်လည် ရောင်းချကြလေ၏၊  မင်းသားမှာမူ   ရွာတွင်းသို့လျှောက်ကာ  အမတ် များ,  အရာရှိများ  သားတို့နှင့်   ကြက်တိုက်ကြရာ   မင်းသား ကြက်နိုင်သဖြင့်  "ရွှေဂုံညင်း တစ်ရာကျော်  ရ၍" ပိုးကုန်သည်တို့ထံ  အပ်နှံထားလေ၏။ ရေးမြို့၌  ရက်အနည်းငယ်မျှနေပြီး  ခရီးဆက်ကြပြန်ရာ  ကျိုက္ခမီသို့   ရောက်ရှိ၍  သူကြီးအိမ်၌  တည်းခိုပြီး မင်းသားသည်  ကြက်ပိုက်ကာ လမ်းလျှောက် သွားစဉ်။
"ဟေ့လူ  . . . မင်းကြက်  ရောင်းမလို့လား" ဟု  ကြက်တိုက်  ၀ါသနာပါသူ  သူဌေးသားတစ်ယောက်က မေးလေ၏။ "ရောင်းဖို့မဟုတ်ဘူး၊  ကြက်နှင့်လူပါ  မင်းတို့ရွာကိုလာတာ  အခြားမဟုတ်   ကြက်ရှုံ့းက   လူချင်းသတ်မလို့ "  ဟု မင်းသားက ခပ်တည်တည်  ပြောလိုက်လေ၏။
"မင်းကြက်ငယ်ကလေးက ကြက်ဖကြီးတွေကို  တိုက်ပါ့မလား"
"ငါ့ကြက်  ငယ်ပေမဲ့  ကေသရာဇာ ခြင်္သေ့မင်းကိုတောင်  မကြောက်  လူးကွဲ့။"
"တိုက်ရင်  မင်းက ဘာလောင်းမှာလဲ"
"ငါ့မှာ  အဖိုးတန်   လက်စွပ်ရှိတယ်။  ဟောဒီလက်စွပ်ကို   မင်းတို့ထားတဲ့တန်ဖိုးနဲ့   တိုက်မယ်။"  ဟုပြောပြီး  လက်စွပ်ကို ပြလေ၏။
"ကောင်းပြီ  မင်းလက်စွပ်ကို  အသပြာတစ်ထောင်  တန်ဖိုး ထားမယ်။"
ဤသို့ဖြင့်   နှစ်ဦးသဘောတူ   တိုက်ကြရာ  ကြက်ဖကြီးနှင့်   ကြက်ငယ်မှာ  ဆင်နှင့်   ဆိတ်ပမာ  ရှိကြ၍  လူအများ ၀ိုင်းအုံကြည့်ရှု  ကြလေ၏။ မင်းသား၏  ကြက်ငယ်မှာ   ပါးနပ်လိမ္မာလှသဖြင့်   ကြက်ကြီး  အဆိတ် ,  အခွပ်ကိုမခံဈ  စည်းဝိုင်းအတွင်း   လှည့်ကာ ပတ်ကာပြေးလျက်   အလစ်ချောင်းပြီး  ဘလာခွပ်သဖြင့်   ကြက်ကြီးမှာ  မောပန်းလှ၍  ၀ပ်လျက်   ခေါင်းစိုက်   နေရပြီး အရှုံးပေးရလေတော့၏။
ယင်းအခါ  မင်းသားသည်   "လက်ခမောင်းခတ် "  (လက်ပမ်းပေါက်ခတ် )  က  ခုန်လိုက်ရာ  ၁၀-တောင်ခန့်   မြောက်ပြီး မြေပေါ်ကျလေ၏၊  မွန်တို့လည်း  အုတ်အုတ်ကျက်ကျက်ဖြစ်ကာ  များစွာ  အံ့ သြကြလေ၏။   မင်းသားမှာ"အသပြာ  တစ်ထောင် ထုပ်ကိုယူပြီး ကြက်ပိုက်၍ ပြန်ခဲ့လေ၏။ "
ယင်းမှတစ်ဖန်   မုဒုံ ,  မော်လမြိုင် ,  ဘီလူးကျွန်းနယ်ရှိ   အရပ်ရပ်   အရွာရွာ  ကတိုး,ကော့နှပ် ,  ချောင်းဖျားတခွင်   ပြဲပြဲစင်မျှ မုတ္တမဘက်ကို   ကူးပြီး  သထုံ ,  ဘီးလင်း,  ကျိုက်ထို ,  ပဲခူး,  ဒဂုံ ,  တညင် ,  တွံတေး,  တောင်ငူနယ်   ရောက်သည်အထိ ခရီးစဉ်တလျှောက်   ကြက်တိုက်ရာ  မင်းသား၏  ရွှေဒင်္ဂါး  "ကြက်ကလေးမှာ   အရှုံးမရှိ   အနိုင်ချည်းသာ(၀ါ)  ပွဲတိုင်းအောင်သဖြင့် ရွှေငွေအသပြာ များစွာ ရရှိလေ၏။"
တောင်ငူနယ်ကစ၍  တဖန်   အထက်ဘက်သို့   မေးမြန်းစုံစမ်းရင်း  ခရီးဆက်ကြရာ  အင်းဝနေပြည်တော်၌ "မင်းခေါင်းကြီး  ထီးဖြူအုပ်   စိုးစံလျက်ရှိကြောင်း"  ထင်ရှား  ကြားသိရသဖြင့်   "မင်းခေါင်းကြီးဆိုသည်မှာ  မိမိ၏ အဖပင်ဖြစ်လိမ့်မည် " ဟု  တွေးထင်ကာ အင်းဝသို့  အရောက်  တက်သွားလေ၏။
……………………..
မင်းဆွေမှာ မင်းခေါင်ကြီးအမည်နှင့်  ဘုရင်ဖြစ်ရခြင်းအကြောင်း
ခမည်းတော်   "မင်းကြီးစွာစော်ကဲ"  နတ်ရွာစံတော်မူလျှင်   ကောဇာသက္ကရာဇ်   ၇၆၂-ခုနှစ်တွင်   သားတော်ကြီး
"အိမ်ရှေ့မင်းသား တရဖျား" ဆက်ခံ  စိုးစံတော်မူလေ၏။ "ဆင်ဖြူရှင်  တရဖျား" အမည်တွင်  လေ၏။ တစ်နေ့သ၌ ဆင်ဖြူတော် တရဖျားသည်   မိမိ၏၀ါသနာအလျောက်   အောင်ပင်လယ်အရပ်သို့   မှူးမတ်များနှင့်   တကွ  တောကစား  ထွက်တော်မူစဉ် သမင်းကိုတွေ့၍  တာဝန်းဖွဲ့လျက်   သမင်ကို   ဖမ်းဆီးကြရာ  မင်းကြီးတာမှ   သမင်   လွတ်ထွက်ပြေးသဖြင့်   မင်းကြီးတစ်ပါးတည်း လိုက်ဖမ်းသည်တွင်  သမင်းကိုမမိဘဲ တောနက်ရာသို့  ရောက်ရှိ၍ အမောဖြေ ခတ္တနားနေလေ၏။
၁။ နောင်တော်ဆင်ဖြူရှင်  တရဖျားမင်း နတ်ရွာစံလွန်ခြင်း
ယင်းအခါ  ကောင်းကင်မှ   "ဇော် ဂျီ "  တစ်ဦး  ရုတ်တရက်   ကျရောက်လာလေ၏။  "မင်းကြီးလက်မှ
ခရုသင်းကိုကျွန်ုပ်အား  ပေးပါလော့၊  အသင်မင်းကြီး  အလိုရှိသည့်အတတ်ကို   သင်ပေးပါမည် "  ဟု   ဇော်ဂျီက  ပြောလေ၏။ မင်းကြီးလည်း နတ်သမီးကို  လိုချင်သည်ဟု  ပြောကာ ခရုသင်းကို  ဇော်ဂျီအား ပေးလေ၏။ ဇော်ဂျီသည်   လက်ဖျစ်တီး၍  မန်းလိုက် ရာ  တခဏချင်းပင်   ကောင်းကင်မှ   "လှပသော  နတ်သမီးတစ်ဦး" ကျလာသည်တွင်  အသင်မင်းကြီး ယူလော့ဟုဆိုပြီး ဇော်ဂျီ  ပျောက်ကွယ်သွားလေ၏။
မင်းကြီးလည်း  နတ်သမီးအား  များစွာ  တပ်မက်နှစ်သက်၍  မိမိအလို သို့ပါအောင်   အမျိုးမျိုး  သွေးဆောင်   ပြုလုပ်ခိုက်၊ ဇော်ဂျီကဲ့သို့ပင်   နတ်သမီးလည်း  ပျောက်ကွယ်သွားပြန်လေတော့၏။  ယင်းအခါ  မင်းကြီးမှာ  "စိတ်ဖောက်ပြန်ခြင်း ဖြစ်သွားလေ၏။ "
နန်းတော်သို့   ရောက်သည့်တိုင်အောင်   ”နတ်သမီး, နတ်သမီး" ဟူ၍ တမ်းတလျက်သာ  နေရရှာလေ၏။ မှူးမတ်တို့က အမျိုးမျိုး အဖုံဖုံ  စွမ်းနိုင်သရွေ့ ပြုပြင်ကုသကြပါသော်လည်း မရဘဲ မလျော်သော အမှုကိုသာ ပြုလုပ်နေလေ၏။
တစ်နေ့သ၌  မင်းကြီးသည်   ဘုရားလိုဏ်ဂူအောက်၌  "တစ်ကိုယ်တည်း  ငါးမျှားနေခိုက်
အထိန်းတော်၏သားတစ်ယောက်က  လုပ်ကြံ၍  နတ်ရွာစံရှာလေတော့သတည်း။"  နန်းစံ   ၇-လသာဖြစ်၏။  သည်ကိုရည်၍ "ယင်းတော်  မောင်မောင် " က စပ်ဆို  စီကုံးထားသည့်  တေးထပ်မှာ -"ရတနာပူရ၀ယ်၊ ဆင်ဖြူမျာ့သခင်။
တဒင်္ဂသမင်ကို၊ မဆင်ခြင်  - လိုက်မှား ။  ။
မန်းဂီရိ  - တောင်စဉ်ဆွယ်တယ်။
အောင်ပင်လယ်  - တော၌ပျော်ပါး ။
လကျာ်ရစ်  - ခရုခွေငယ်၊ သမုဆွေ - ပါသွား။
နုပီယေ စကားနှင့်၊ လှည့်ဖျားတဲ့  ဇော်ဂျီ  ။  ။
လပ်ဖျစ်သံ  - နှစ်ထပ်တီးရုံနှင့်၊ နတ်သမီးပျံကျရသည်  ။  ။
သံ ၀ါသ - စပ်အမှီ ၊ ရဿတီ  - ကွယ်ပျောက်လို့  ။
ချာချာနောက်  - ဆင်ဖြူရှင်၊ ရူးလေသည့်အင်း ။
သည်ကဲ့သို့  ဖြစ်ထုံးတင်မယ်၊ ချစ်တုန်းတွင်  ခွဲပါနှင့်လေး။"
ဟူ၍ ဖြစ်ပေသည်။ ယင်းသို့   နောင်တော်   ဆင်ဖြူရှင်   တရဖျားမင်း  နတ်ရွာစံပြီးခိုက်   ကြုံကြိုက်သည်နှင့်  မင်းဆွေးမှာ  "မင်းခေါင်ကြီး" အမည်နှင့်   ရတနာပူရ  အင်းဝတိုင်းပြည်ကြီးကို   "ထီးဖြူအုပ်   မင်းလုပ်စိုးစံတော်မူရလေသည်။"  ၎င်း၏  ရွှေနန်းတော်   ဘိသိက်ခံ တောင်ညာစံဒေ၀ီ   မဟေသီ   မိဖုရားကြီးမှာလည်း  သားတော်တစ်ပါး  ထွန်းကားပြီး  အရွယ်ရောက်စဖြစ်၍  အိမ်ရှေ့ အရာ သားတော်တစ်ပါး  ထွန်းကားပြီး  အရွယ်ရောက်စဖြစ်၍  အိမ်ရှေ့အရာ  ပေးအပ်ထားလေသည်။  ယင်း အိမ်ရှေ့မင်းသားကလေးမှာ  ဆံရှည်မ၏  သားထက်ငယ်သော်လည်း  အဖေတူ   အမေကွဲဖြစ်၍  ရုပ်ရေရူပကာယမှာ ရွေးမရအောင်ပင် တူကြလေသည်။
၂။ အင်းဝရောက်  မင်းသား
၃။ မြို့ စောင့်နတ်  အိပ်မက်ပေးပုံ 
အရူးငမဲ၏ ထူးကဲစွာသော တပေါင်  -"ဒူကရတိုင်း မြို့ နယ်ဆီက၊
အော်ကြော်  ဟစ်ကြော်  သီဆိုသွားလေ၏။
နံနက်မိုးသောက်  အလင်းရောက်လတ်သော်  -
ကြက်မတိုက်မီ  မိမိမှာ ညဥ့်က အိမ်မက်မြင်မက်သည်ကို  သတိပြုကာ မြို့ စောင့်နတ် , ထီးဖြူစောင့်နတ်  တို့ အား ပင့်ဖိတ်လျက်စောင့်မတော်မူကြပါဟု   တိုင်တည်ပြီး  မှူးမတ်သားတစ်ယောက်၏  "ရွှေဖလား"  ခေါ်  ကြက်ဖနီကြီးနှင့်   တိုက်ရာ  နိုင်ပြန်သဖြင့် ရွှေဂုံညင်း ငါးရာ ရရှိထား၏။
"မှန်လှပါ ရွှေဘုန်းတော်ကြီးလှ  ထီးတရော့  ကန်တော့ခံပါဘုရား"
"အလို  မြို့  ၀န်မင်း သုတ်သီးသုတ်ပြာနဲ့ ဘယ်လိုအခင်းပါလိမ့်  သံတော်ဦးတင်စေဗျား။"
၅။ လူထူး လူဆန်း လူစွမ်းကောင်း
"အချိန်ကား နေစွယ်ညှိုးချိန်  ဖြစ်လေပြီ "
ခေါ်ဆောင်သွားလေ၏။"
"မှူးတော်   မတ်တော်များ  အိပ်မက်   တပေါင်တည်းဟူသော  ပဗ္ဗနိမိတ်များ  ထင်းရှားစွာပြပြီး  ယခု
သားယောက်ျား  မွေးဖွား၍  အရွယ်ရောက်က  ထီးနန်း  အုပ်ချူပ်စိုးစံသံကို   နားထောင်ပြီး  လိုက်လာခဲ့စေ၊
သမီးမိန်းမမွေးက  ၎င်းလက်စွပ်ကို   ရောင်းချ၍  စားသောက်ကြ၊  သုံးစွဲကြပေတော့လို့   မှာကြားခဲ့သည့်အတိုင်း  ယခု ကိုယ်တော်မြတ်   မျက်မှောက်သို့   သားတော်မောင်   ရောက်ခဲ့ပေပြီ။  သို့သော်   မင်းကြီးများ  သားတော်မောင်အား  ဤတိုင်း ဤပြည်မှာ  စံစားနေစေက  ရန်မီးစနက်   အလုအယက်   ဖြစ်ကြလိမ့် မည်၊  ဒါကြောင့်   သားတော်မောင်နှင့်   အတူ   ပါလာသူများပါ မနက်ဖြန်   ညီလာခံစုံတဲ့   ဗိုလ်ပုံအလယ်မှာ  စုံစေ့အောင်   သံတော်ဦးတင်ကြရမည်   မင်းကြီးများ"  ဟူ၍  မိန့်တော်မူပြီး အတွင်းဆောင်သို့  ၀င်တော်မူလေ၏။
မြို့တော် ၀န်လည်း မင်းသားအား  မိမိ၏အိမ်သို့  ခေါ်ဆောင်သွားပြီးလျှင်  ပိုးကုန် သည်  ၄-ယောက်တို့အား မေးမြန်းကာ ပညာသင်ကြား  ပေးသည့်   ဆရာတော်ထံ   ပန်ကြားပြီး  လိုက်လာခဲ့ကြောင်းနှင့်   ခရီးစဉ်တစ်လျှောက်   များပါ  သေအချာ မှတ်သား၍ အလွှာတင်စာ ရေးထားလေ၏။
နောက်တစ်နေ့နံနက်   ညီလာခံဗိုလ်ထု   လူစုသည့်အချိန် ၀ယ်   မြို့တော် ၀န်   ရှေ့ဆောင်၍  မင်းသားနှင့်   ပိုးကုန်သည်   ၄-ယောက်တို့  ရှေ့တော်သို့  ၀င်ရောက်ကြလေ၏။
မြို့တော် ၀န်က တင်လွှာနှင့်တကွ န၀ရတ်လက်စွပ်ကိုပါ မင်းကြီးထံ  ဆက်သလေ၏။
၆။ သားတော်  "မင်းသား" အား ဒူရကတိုင်းသို့  ပြန်လွှတ်၍  မြို့ရွာ တည်ထောင်ခွင့်ပြုခြင်း
မင်းကြီးလည်း တင်လွှာစာကို  သေအချာဖတ်ရှုပြီး အမိန့်တော်  ရှိသည်မှာ -"သားတော်မောင်သည်   ဤပြည်၌နေ၍  အရေးမလှချေ။  သားတော်မောင်နဲ့အတူ   ပါလာတဲ့   ပိုးကုန်သည်   ၄-ယောက် တို့ကို   မှူးမတ်ရာထူး  ခန့်ထားလိုက်ပြီး  ခမည်းတော်   တိုင်းပြည်မှ   အမတ်ပညာရှိ   ၄-ဦးပါ  "ဒူရကတိုင်းသို့   ပြန်လည်သွားကြ၍ မြို့,  ရွာ  တည်ထောင်   စိုးစံနေလေတော့၊  မြို့တည်ရန်   နေရာမှာ  စက်   ၄-ပါး  ကြုံရာဒေသကို   ပညာရှိများနှင့်   ညှိနှိုင်းရှာဖွေလော့။ ရှာဖွေတွေ့ရှိ၍  နန်းတော်ဆောက်တည်ရန်   ပန္နက်ချပြီးက  ခမည်းတော်ထံ   အမတ်ပညာရှိတစ်ဦး  စေလွှတ်လိုက်လေ"  ဟူ၍ ညွှန်ကြား အမိန့်ရှိလိုက်လေ၏။
ယင်းသို့   အမိန့်တော်ရှိလိုက်ပြီး  ရွှေငွေပစ္စည်းများကို   ထုတ်ပေးလျက်   အမတ်ပညာရှိ   ၄-ဦးနှင့်   ပိုးကုန်သည်   ၄-ဦးတို့ပါ ဒူရကတိုင်း ထားဝယ်သို့  ပြန်လည်လာခဲ့ကြလေ၏။ ဆန်းကြယ်ရွာ  ကျေးဇူးရှင်   မိခင်   ဆံရှည်မထံ   ရောက်ရှိလျှင်   မိခင်နှင့်   အဖိုး,  အဖွားတို့အား  အကြောင်း  မျိုးစုံကို ပြောပြပြီး ရွှေငွေ ပစ္စည်းများကို  ပေးအပ်လေ၏။ ယင်းနောက်   ဆန်းကြယ်ကျောင်းဆရာတော်ထံ   သွားရောက်ကန်တော့ပြီး  ခမည်းတော်   ညွှန်ကြား  အမိန့်ရှိသမျှ အလုံးစုံကို  အမတ်ကြီးနှင့်အတူ  လျှောက်ထားလေ၏။
စက်လေးပါးကြုံ ချောင်းသုံးဆုံ ဆန်းကြယ်ကျောင်း  ဆရာတော်နှင့်တကွ  အမတ်ပညာရှိများ  ညှိနှိုင်းတိုင်ပင်   ညီညွတ်ကြကာ  နန်းတော် ဆောက်တည်ရန်   စက်   ၄-ပါး  ကြုံသည့်   နေရာကို   ရှာဖွေကြရာ  "ပေါက်တိုင်းချောင်း,  စော်ချောင်း,  ကံပေါက်ချောင်း (ယခုထားဝယ်မြစ် )  ယင်း  ၃-ချောင်းတို့   ဆုံမိရာဒေသ၌  ဘုမ္မိနက်သန်   မြေကြန်အရပ်   သင့်လျော်လျောက်ပတ်   သဖြင့်
မြို့နန်းတည်ဆောက်ရန်  ရွေးချယ်  သတ်မှတ်ထားကြလေ၏။"
…………………………………………
၇။ မုတ္တသုခရဂရမြို့တည်ခြင်း
ကောဇာသက္ကရာဇ်  ၇၇၉-ခုနှစ်   သီတင်းကျွတ်လဆန်း ၁-ရက်  ကြာသပတေးနေ့   နံနက်  နေ၀န်းပေါ်ကို   ဆရာတော်နှင့်အမတ်ပညာရှိတို့က  အချိန်ကောင်းသမယ  အမြိတ္တရက်   ရွေးချယ်စီစစ်   အခါတွက်၍  စနစ်ကျကျ  ပုံသေချပြီး  "နန်းတော် , ပဟိုရ်စည် ,  စွယ်တော်စင် ,  မြို့ရိုး,  တံခါး,  ကျုံး,  ဆင်ကျုံး"  တည်းဟူသော  ၇-ဌာန  နေရာကို   တစ်ပြိုင်နက်တည်း  ရွှေပန္နက် , ငွေပန္နက်   ချစိုက်ရိုက်မှတ်ကာ  "မုတ္တသုခနဂရမြို့ဟု   အမုတ်ခေါ်ဆို   အမည်တံဆိပ်   ခတ်နှိပ်ပြီးလျှင်   လူစုလူ ၀န်းဖွဲ့စည်း၍ တည်တော်မူလေသည်။" ယင်းအခါ နတ်ကောင်း နတ်မြတ်  အပေါင်းတို့က "အောင်ပြီ , အောင်ပြီ " ဟူ၍ ဟစ်ကြွေးကြေညာသော အသံတို့ သည် ဒူရကတိုင်း  အလုံး  ဆူညံစွာ  ကြားကြရလေ၏။   အင်းဝပြည်ကြီး၏  နန်းတော်အတွင်း  ၌လည်း  ယင်းအသံမျိုးကို မင်းကြီးနှင့်တကွ မှူးမတ်  မြို့သူမြို့သားများပါ ကြားကြရပြီး "တစ်နေ့တည်းတွင်  မြေငလျင်  ၃-ကြိမ်  လှုပ်လေ၏။" ထိုအခါ  ခမည်းတော်   ဘုရင်မင်းခေါင်ကြီးက  ငါ့သားတော်   အထမြောက်   အောင်မြင်ပြီဟု   ၀မ်းမြောက်   ၀မ်းသာ သာဓုခေါ်လေ၏။
၈။ "မင်းတရား" ဘွဲ့အမည်ခံယူ၍ ထီးဖြူအုပ်မိုး စိုးစံတော်မူခြင်း
နန်းတော်နေရာ  ပန္နက်ချမှတ်ပြီးလျှင်   ခမည်းတော်   မိန့်ကြားမှာ  ထားတော်မူလိုက်သည့်အတိုင်း
အမတ်တစ်ယောက်အား  အင်းဝတိုင်းပြည်သို့   စေလွှတ်   လျှောက်ထားစေလေ၏။  ယင်းအမတ်အား  ၇-ရက် စောင့်ဆိုင်းနေလင့်စေ၏။ ဘွဲ့အမည်တံဆိပ်နှင့်  အတွင်းကြိတ်စကား -အကြောင်းကြား  သံတော်ဦးတင်လာသူ   အမတ်ကြီး  ၇-ရက်   စေ့၍  ပြန်ကာနီးတွင်   မင်းကြီးက  သားတော်အား
ခမည်းတော်နှင့်   အတူ   နန်းပြိုင်စံစေ  "ဘွဲ့အမည်မှာ  -  မင်းတရား"  ဟူ၍  တံဆိပ်ခတ်နှိပ်   တော်မူစေ  ဟူ၍  သ၀ဏ်စာရေးပြီး ပေးလိုက်လေသည်။
ယင်းနောက်   "ငါ့သားတော်သည်   တွင်းရေကို   မသုံးဆောင်ဘဲ  စီးရေကိုသာ  သုံးဆောင်ပါလေ"  ဟူ၍
အတွင်းကြိတ်စကားဖြင့်   မိန့်မှာလိုက်ပြီးလျှင်   ထိုအမတ်ကြီးနှင့်တကွ  စစ်တပ်ဗိုလ်မှူး  သုံးထောင်ကျော် ,  ဆင်ဖြူတော်   တစ်စီး, ဆင်ပေါက်ကြီး ၅-စီး, မြင်း ငါးရာကျော်တို့ကို  ပေးအပ်ကာ ယူဆောင်လာကြလေသည်။ ဆန်းကြယ်ကျောင်း  ဆရာတော်အားလည်း  ပင့်ဖိတ်ပြီးလျှင်   နန်းဦး  "ရတနာစာတီ "  တောင်ပေါ်တွင် ကျောင်းတော်ဆောက်လုပ်၍  ကိုးကွယ်ထားရှိလေ၏။  ကျေးဇူးရှင်   မယ်တော်   ဆံရှည်မနှင့်   အဖိုး,  အဖွားတို့ကိုလည်း နန်းတော်အတွင်း အိမ်ဖြူပြတင်းရွှေချနှင့်  အခြေကျကျ ထားရှိလေ၏။
၉။ မိဖုရားကြီးအကြံ  ၀င်္ကဉာဏ်
ဘုရင်မင်းခေါင်၏  မိဖုရားကြီးက  မိမိ၏သားအစစ်ကို   နန်းပြိုင်အုပ်ချုပ်စိုးစံမပေး။  ကျေးတောသူမက  မွေးသည့် သားကို   နန်းပြိုင်စိုးစံသည့်အတွက်   စိတ် ,  မချမ်းမမြေ့သဖြင့်   အငြိုးထားကာ  "ယခုအခါ  နန်းတည်   သော်လည်း အဘိသိက်မသွန်းရသေး၊  အဘသိက်သွန်းရန်   ဆရာပုဏ္ဏားတို့ကို   ဆုလာဘ်များစွာပေးပြီး  ကြံစည်စေရလျှင် "အရေးတော်အောင်လိမ့်မည် "  ဟု   စိတ်ကူးရရှိသည့်အတိုင်း  ပုဏ္ဏား  ၈-ယောက်တို့အားခေါ်၍  မိဖုရားကြီးနှင့်   သေချာကျနစွာ တိုင်ပင်လျက်  ပုဏ္ဏားတို့အား အသပြာတစ်ရာစီ  ပေးအပ်ကာ မုတ္တသုခရနမြို့သို့  အမြန်စေလွှတ်လေ၏။
ပုဏ္ဏား  ၈-ယောက်တို့လည်း  မိမိတို့သားမယားများအား  အသပြာများကို   အပ်နှံခဲ့ပြီး  "နန်းတော်တွင်းကဘုရင်မင်းမြတ် အခေါ်တော်ရောက်လျှင်   အောက်မြို့ဒေသများသို့   ဗေဒင်ဟော,  ဇာတာဖွဲ့ရန်သွားကြောင်း  သံတော်ဦးတင်လိုက်ကြပေတော့ " ဟု   မှာထားခဲ့လျက်   ခရီးစဉ်တစ်လျှောက်   အလှူခံရင်း  စခန်းချကာ  ချကာဖြင့်   လာကြရာ  မုတ္တသုခနရမြို့သို့ ဆိုက်ရောက်ကြလေ၏။
မင်းတရားလည်း  ပုရောဟိတ်ပုဏ္ဏားများ  အလိုရှိနေခိုက်   ဆရာပုဏ္ဏားများ  ရောက်ရှိလာသည့်အတွက်   များစွာ ၀မ်းမြောက်သဖြင့်  ကောင်းမွန်စွာ နေရာများပေး၍ ထားလေ၏။
ရက်အနည်းငယ်မျှကြာလျှင်   ပုဏ္ဏားတို့သည်   မိဖုရားကြီးနှင့်   ကြံစည်ထားကြသည့်အတိုင်း  ညီလာခံချိန်တွင် မင်းတရားထံ  ၀င်ရောက်သံတော်ဦးတင်ကြသည်မှာ "သားတော်  မင်းတရားသည်  စီးရေသောက်ခြင်းကို  ရပ်စဲပြီးတွင်းရေကိုသာ သုံးဆောင်ရမည်၊  သို့မှသာလျှင်   အသက်ရှည်ပြီး  ဘုန်းတန်ခိုးကြီးမြင့်ရန်   အကြောင်းရှိပါသည် "  ဟု   ခမည်းတော်က မိန့်ကြားလိုက်ပါကြောင်း ၀င်္ကဥာဏ်ဖြင့်  သံတော်ဦးတင်ကြလေ၏။ မင်းတရားလည်း  အကယ်ထင်မှတ်ကာ  ယုံကြည်သဖြင့်   နန်းတော်အနီး  သောက်တော်ရေတွင်းငယ်ကို အမြန်တူးစေပြီး သုံဆောင်လေတော့သည်။ (ယင်း ရေတွင်းငယ်ကား ယခု  ရွှေမုတ္ထီးဘုရား သိမ်အနီးတွင်ရှိ၍ "မုတ်တွင်း" ဟု  ခေါ်ကြ လေသည်။)
၁၀။ မုတ်ဆေးထိ၍ မင်းတရား ရူးသွပ်ခြင်း
ရက်အနည်းငယ်   ကြာလတ်သော်   ပုဏ္ဏားတို့သည်   ညတစ်ညတွင်   ထိုသောက်တော်ရေတွင်း၌  မုတ်ဆေး ခတ်ထည့်ပြီး  ထွက်ပြေးကြလေတော့၏။  နံနက်မိုးသောက်   အလင်းရောက်လတ်သော်   မင်းတရားသည်   ပွဲတော်စာ  စားသုံးပြီး ထိုရေကို   သောက်မိရာ  စိတ်သွက်သွက်ခါအောင်   ရူးသွပ်ခြင်း  ဖြစ်လာလေ၏။  ပုဏ္ဏားပညာရှိများက  တွက်ချက်ကြည့်ရာ အင်းဝတိုင်းပြည်က ပုဏ္ဏားများ၏ ၀င်္ကဥာဏ်မှန်းကို  သိရှိကြလေ၏။
၁၁။ တွေ့ရာသင်္ချိုင်း ဓားမဆိုင်း
ယင်းနောက်   မှူးမတ်များက  ခြေလျင်သူရဲကောင်းများကို   အမြန်ဆင့်ခေါ်ပြီး  "တွေ့ရာသင်္ချို င်း  ဓားမဆိုင်း"  ပဲ အမြန်လိုက်လံ  ရှာဖွေကာ စီရင်ကြလေဟု  အမိန့်ထုတ်လေ၏။
ခြေလျင်သူရဲကျော်တို့လည်း  ဓားတမြမြနှင့်   လိုက်လံရှာဖွေကြရာ  မုတ္တသုခနရမြို့မှ   ၅-မိုင်ခန့်   ခရီးအကွာ "ဗျောတောဝရွာ"  က  နေပြီး  သူရဲကျော်များ  လိုက်လာကြသည်ကို   ပုဏ္ဏားမြင်လျှင်   အသက်ဆံဖျား  ကြောက်ရွံ့ကြသဖြင့် တောထံသို့  ၀င်ထွက်  ပြေးလွှားကာ ရှောင်တိမ်း သွားကြလေ၏။
"ကြက်သံဒိုင်းကုန်း" ထိုအခါ  ခြေလျင်သူရဲကျော်တို့မှာ  "ကြက်သံဒိုင်းကုန်း"  (ယခုမြို့သင်္ချိုင်း)  မှ   ပတ် ၀န်းကျင်တွင် လိုက်လံရှာဖွေကြသော်လည်း  မတွေ့ရှိသဖြင့်   "လက် ၀ဲကျွန်းရွာ"  သို့   ဖြစ်ကူးသွားကြခိုက်   လမ်းတွင် ခရီးသည်တစ်ယောက်ကိုတွေ့၍  "ပုဏ္ဏားများကို   တွေ့ရှိပါသလော"  ဟု   မေးမြန်းရာ  "ကျွန်တော်တို့အိမ်နှင့်   မနီးမဝေး သရက်ပင်ကြီးအောက်၌ ပုဏ္ဏားများ စခန်းချ နေကြပါသည် " ဟု  ပြောပြီး လမ်းညွှန်ပြလိုက်လေ၏။
"လက် ၀ဲကျွန်းရွာ" သူရဲကျော်တို့သည်   လက် ၀ဲကျွန်းရွာဦးက  လမ်းခွဲပြီး  လိုက်လံရှာဖွေကြရာ  ပုဏ္ဏား  ၈-ယောက်တို့   မောပန်းသဖြင့် သရက်ပင်ကြီးအောက်တွင်  အိမ်နေကြသည်ကို  ၀ိုင်းမိကြလေ၏။
ယင်းအခါ  ပုဏ္ဏားတို့အား  သူရဲကျော်များက  ဒူးနှင့်တိုက်   သူကတိုက် ,  ထောင်းသူကထောင်း,  ရိုက်သူကရိုက် , ပုဆိုးအိတ်ထောင့်ထဲသို့  ခေါင်းကိုထည့် ပြီး မွှေ့သူကမွှေ့ စသည်ဖြင့်  အမျိုးမျိုး အဖုံဖုံ  နှိပ်စက်ကြလေ၏။
ပုဏ္ဏားတို့က သေဘေးကို  ကြောက်လှသဖြင့်  -"အမောင်တို့  ကျုပ်တို့မှာ ဘာအပြစ်ရှိ၍ ဤကဲ့သို့  ရက်စက်စွာ နှိပ်စက်ပြုလုပ်ကြစေရန်  မည်သူက အမိန့်ပေးပါသလဲ။" "အသင်ပုဏ္ဏားတို့   -  ကျွန်ုပ်တို့သခင်   မင်းတရားသည်   သင် တို့ထွက်လာကြပြီးနောက်   ချက်ချင်းပင်   ရူးသွပ်ခြင်းဖြစ် ၍
ပညာရှိများနှင့်   တွက်ချက်ကြည့်ရှုကြရာ  အသင်တို့   ၈-ယောက်   ပြုစားသွားကြောင်းကို   သိသဖြင့်   အသင်တို့အား တွေ့ရာသင်္ချိုင်း  ဓားမဆိုင်းပဲ  သတ်စေဟူ၍  အမိန့်တော်နှင့်   လာကြရသည်။  အသင်တို့   အသက်ချမ်းသာလိုက ဟုတ်တိုင်းမှန်ရာကို သာ ပြောကြလော့ " ဟု  သူရဲကျော်တို့က ဥာဏ်တစ်မျိုးဆင်ကာ မေးကြလေ၏။
ပုဏ္ဏားတို့လည်း သေဘေးကို  ကြောက်ကြသဖြင့်  ဤသို့ပြောဆို  ကြလေ၏။
"အင်းဝတိုင်းပြည်မှ   မိဖုရားကြီးက  စေခိုင်းသဖြင့်   ကျွန်ုပ်တို့လာရောက်ကာ  မင်းတရားအား  အဘိသိက်   သွန်းရန်နှင့် စီးရေကိုမသောက်ဘဲ  တွင်ရေကိုသာ  သောက်သုံးစေရမည် "  ဟု   "ခမည်းတော်က  မိန့်တော်မူဟန်နှင့်   ပြောမိချေ၍" မင်းတရားသောက်သုံးရန်   ရေတွင်းကို   တူးစေသည်။  တူးပြီးနောက်   "ထိုရေတွင်း၌  မုတ်ဆေး ခတ်ထားသောကြောင့်ရူးသွပ်ရကြောင်း" ကို  ပြောပြကြလေ၏။
"ပုဏ္ဏားသတ်ကုန်း"
ယင်းသို့   ပုဏ္ဏားများ  ပြောပြချက်ကို   စာနှင့်   သေချာစွာ  မှတ်သားပြီးနောက်   ပုဏ္ဏား  ၈-ယောက်စလုံးကို   အဆုံး စီရင်လိုက်လေ၏။
(ပုဏ္ဏားများအား  သတ်ပစ်သည့်နေရာကို   "ပုဏ္ဏားသတ်ကုန်း"  ဟူ၍  အမည်တွင်ကာ  ယနေ့တိုင်   အခေါ်မပျက်ဘဲ လက် ၀ဲကျွန်းရွာ  အနောက်ဘက်  လယ်ကွင်းအလယ်တွင်  ထင်ရှားရှိလေ၏။
"လက် ၀ဲကျွန်း "  ခေါ်တွင်ခြင်းမှာမူ   ယင်းခေတ်အခါက  ယခုရှိသော  ထားဝယ်မြစ်ကြောင်းသည်   ပေါက်တိုင်းချောင်းနှင့် စော်ချောင်းတို့   အ၀နေရာမှ   လက် ၀ဲကျွန်း၏   အရှေ့ဘက်နေရာကို   ဖြတ်သန်း၍  စီးရာ  ချောင်းဝမှ   အထက်သို့   ဆန်တက်လျှင် လက် ၀ဲဖက်တွင်   ရှိသောကြောင့်   "လက် ၀ဲကျွန်းရွာ"  ဟူ၍  ရှေးအခေါ်မပျက်ဘဲ  တည်ရှိသည့်   အိမ်ခြေများစွာ  စည်ကားသော ရွာကြီးတစ်ရွာ ဖြစ်လေသည်။)
"သွေးဆေးကန်  (၀ါ) အရိုးဆေးကန် " ပုဏ္ဏားများအား  တွေ့ရာသင်္ချိုင်း  ဓားမဆိုင်းပဲ  စီရင်ခဲ့ပြီး  သူရဲကျော်များ  ပြန်လည်လာကြရာ  ကြက်သံဒိုင်းကုန်းရှိ ရေကန်တစ်ခု၌ ဓားများ သွေးပေနေသည်ကို  ဆေးကြသဖြင့်  ယင်းရေကန်ကို  "သွေးဆေးကန် " ဟူ၍ တွင်လေ၏။
(နောင်သောအခါ  ကြက်သံဒိုင်းကုန်းနေရာ၌  သင်္ချိုင်းဖြစ်လာသဖြင့်   အလောင်းကို   မီးသင်္ဂြိုလ်   ပြီးသည့်အခါ အရိုးများကို   ယင်းရေကန်တွင်   ဆေးကြသောကြောင့်   သွေးဆေးကန်ခေါ်တွင်ရာမှ   ယခုအခါ  "အရိုးဆေးကန် "  ဟု   ယနေ့တိုင် ခေါ်ဝေါ်ကြလေသည်။)
သူရဲကျော်   ၂၀-တို့လည်း  ကြက်သံဒိုင်းကုန်းမှ   မုတ္တသုခနရမြို့သို့   ပြန်လည်းရောက်ရှိကြပြီး  မှူးမတ်တို့အား အကြောင်း အလုံးစုံကို  ပြောပြလျက်  ရေးမှတ်ခဲ့သော စာကိုလည်း တင်ပြလေ၏။
၁၂။ တစ်နပ်စာစီတောင်
မင်းတရား၏  ရူးသွပ်ခြင်း  ဝေဒနာကို   ကုသရန်   ရတနာစာတီ   နန်းဦးတောင်ပေါ်၌  သီတင်းသုံးနေတော်   မူသော ဆရာတော်အား  မှူးမတ်တို့က  လျှောက်ထားကြလေ၏။  ဆရာတော်က  မင်းတရားအား  မိမိကျောင်းသို့   ခေါ်ဆောင်စေခဲ့ပြီး  "၀ံပတိတောင် , စောထွတ်တောင် , တောင်ဦးတောင် , ပကောတောင် , ရသေ့တောင် " တို့၌ သီတင်းသုံး နေထိုင်တော်မူကြသည့် ရှင်ရသေ့တို့အား ပင့်ဖိတ်ကာ ဆေးကုသ ကြစေလေ၏။ ယင်းရှင်ရသေ့တို့သည်   ရတနာစာတီ   နန်းဦးတောင်ကျောင်း၌  တစ်ပါးလျှင်   တစ်နပ်စာစီ   အလှည့်ကျ ဆေးကုသကြရာ မင်းတရား၏ ရူးသွပ်ခြင်းဝေဒနာသည်  လုံးဝမပျောက်ဘဲ အနည်းငယ်မျှသာ သက်သာရာ ရလေ၏။ (ဆရာရသေ့များ  တစ်နပ်စာစီ   ကုသသည့်အတွက်   ထိုနန်းဦး  ရတနာစာတီတောင်ကို   "တစ်နပ်   စာစီတောင် " ခေါ်တွင်ရာမှ  ယခုအခါ အခေါ်ရွေ့လျောသဖြင့်  "နပ်စာရီ  တောင် " ဟု  ခေါ်ဝေါ်ကြလေသည်။)
၁၃။ မင်းတရားအား စောပညာက ဆေးကုသခြင်း
ဝေဒီမြို့မှ   မောင်ဗအဲ၏ဇနီး  မယ်စော  ခေါ်  "  စောပညာ"  သည်   ဝေဒီမြို့စား  စောသီလမင်း  သိမ်းပိုက်မည့်ဘေးမှ ကြောက်ရွံ့၍  ထွက်ပြေးရာ  စိန့်ပြည်၌  ဘုရင်မအဖြစ်နှင့်   ယာယီအုပ်ချုပ်နေစဉ်   မိမိသည်   မိန်းမသား  ဖြစ်သဖြင့်   တိုင်းပြည်ကို မအုပ်ချုပ်လိုကြောင်း မှူးမတ်များအား ပြောကြားလေ၏။
ပုဏ္ဏားပညာရှိတို့က  ထီးနန်းအုပ်ချုပ်ရန်နှင့်   သင့်လျော်မည့်သူကို   ဗေဒင်အရ  တွက်ချက်ကြလျှင်
"စောပညာနှင့်သင့်မြတ်မည့်သူကား  ဒူရကတိုင်းတွင်   မင်းသားတစ်ပါး  မြင်လေ၏။ "  ထိုမင်းသားကား  စိတ်ဖောက် ပြန်သောရောဂါ စွဲကပ်နေကြောင်း သိရှိကြသဖြင့်  စောပညာအား သံတော်ဦးတင်လေ၏။
စောပညာက  ဤမင်းသားအား  သမားတော်များနှင့်   ကုသ၍  ရ,  မရကို   တွက်ချက်ကြည့်စေပြန်ရာ  ရနိုင်မည့် အကြောင်းကို  သံတော်ဦး တင်ကြလေ၏။
ယင်းနောက်   မှူးတော် ,  မတ်တော် ,  ပုဏ္ဏားကျော် ,  သမားတော်များနှင့်   ညှိနှိုင်းတိုင်ပင်ကြပြီးလျှင်   "ဆေးသစ္စာတော် " ကိုစီမံကြလေ၏။ စီမံ၍ ပြီးလတ်သော်  ဆေးသစ္စာတော်ရေကို  အိုး၌ထည့်ပြီး ရွှေပေလိပ်နှင့်တကွ သင်္ဘောပေါ်တွင်  တင်လျက် စောပညာနှင့်အတူ   ပညာရှိ   ၄-ဦး  တို့   သင်္ဘောဖြင့်   ထွက်ခွာလာခဲ့ကြရာ  ဒူရကတိုင်းအ၀င်   ပင်လယ် ၀  "မော်ဦးဖြစ်သည့် သိန္ဓုသေလတောင် , ရှင်မျှော်တောင် " (ယခု   ရှင်မော်တောင် ) သို့  ရောက်ရှိရပ်နားကာ ဆေးသစ္စာတော်အိုးကို  ယူဆောင်လျက်
တောင်ပေါ်သို့  ဘုရားဖူးတက်ကြလေ၏။
တောင်ပေါ်သို့ရောက်လျှင်  စောပညာသည်  ဘုရားရှေ့တော်၌ ဆုတောင်းသည်မှာ -"ဘု ရားတပည့်တော်မနှင့်   ပေါင်းဖော်ထိုက်ပါက  ဤဆေးသစ္စာတော်ရေကို   သုံးစွဲသည့်   မင်းတရား၌  ရောဂါ
ရှင်းရှင်းပျောက်ပါစေသား"  ဟူ၍  ဆုတောင်းပြီးလျှင်   သိန္ဓုသေလတောင်မှ   ဆင်းလာကြလျက်   တောင်ခြေရင်းရှိ "ကြက်လွှတ်ရွာ "  တွင်   စခန်းချ  ရပ်နားကြလေ၏။  ယင်းနောက်   ဆေးသစ္စာအိုးနှင့်   ရွှေပေလိပ်ကို   သင်္ဘောငယ်   တစ်စင်းပေါ်၌ တင်လျက်  အဓိဋ္ဌန်ဖြင့်  မျှောလိုက်ပြီးသော်  ကြက်လွှတ်ရွာ  ဆိပ်ကမ်း၌ ၇-ရက်  ဆိုင်းငံ့နေလေ၏။
၁၄။ ဆေးတော်သစ္စာ ရွှေသင်္ဘောနှင့်  မျော၍လာ
 ယင်းသည်နေ့   ညဥ့်တွင်   မင်းတရားသည်   မုတ္တသုခနရမြို့  ဆိပ်ကမ်းသို့   ရွှေသင်္ဘောငယ်တစ်စင်း မျောဝင်လာသည်ဟု  အိပ်မက်  မြင်မက်လေ၏။  နံနက်မိုးသောက်  အလင်းရောက်လျှင်  မိမိ၏အိပ်မက်အတိုင်း မှူးမတ်များအား ဆယ်ယူကြလေဟူ၍ အမိန့်တော်  မှတ်လိုက်လေ၏။မှူးမတ်တို့လည်း  ဆိပ်ကမ်းသို့   သွားရောက်ကြည့်ရှုရာ  မင်းတရား၏  အိပ်မက်အတိုင်း  ရွှေသင်္ဘောငယ်သည်   ရေစုန် ရေဆန်   မျောနေသည်ကို   တွေ့ရသဖြင့်   လှေလောင်းများနှင့်ထွက်၍  ဆယ်ယူကြရာ  မရနိုင်သည့်အတွက် သံတော်ဦးတင်ကြလေ၏။
ယင်းအခါတွင်   မင်းတရားက  ငါကိုယ်တော်တိုင်   ဆင်း၍  ဆယ်ယူမည်ဟု   ပြောပြီးလျှင်   မှူးမတ်   ပြည်သူ ပြည်သားတို့သည်  မင်းတရား၏ နောက်တော်မှ  လိုက်ကြကုန်၏။
ရေဆိပ်သို့ရောက်လျှင်   မင်းတရားက  "ငါနှင့်ထိုက်တန်မူ   ဤရွှေသင်္ဘောငယ်သည်   ငါ၏ထံပါး  ရောက်စေသား"  ဟူ၍ အဓိဋ္ဌာန်ပြုလိုက်သည်နှင့်   တစ်ပြိုင်နက်   ရွှေသင်္ဘေင်္ာငယ်သည်   ရေလယ်မှ   တဖြည်းဖြည်း  မင်းတရားရှိရာကမ်းသို့ ဆိုက်ကပ်လာလေ၏။
ရွှေသင်္ဘောငယ်၌  ပါလာသော  အိုးနှင့်   ရွှေပေလိပ်ကို   ယူပြီးလျှင်   ရွှေပေလိပ်တွင်   ပါရှိသည့်အတိုင်း  စာကို ဖတ်ရှုကြရာ -"ဆေးသစ္စာတော်ရေကို   သောက်လည်းသောက် ,  နံ့သာမျိုးငါးပါးရေတို့နှင့်   ၎င်းဆေးသစ္စာတော်ရေကို   ရောပြီးလျှင် ခေါင်းဆေးမင်္ဂလာ  ပြုလုပ်ပါက   အန္တရာယ်ကင်း၍  ဘေးအပေါင်း  ပပျောက်လျက်   မိမွေးတိုင်း  ဖမွေးတိုင်း  ဖြစ်ပေလိမ့်မည် "  ဟူ၍ ပါရှိလေ၏။  ယင်းရွှေပေလိပ်ပါ  စာတန်းအရ  ပြုလုပ်ရာ  ပြည်သူပြည်သားတို့က  ပျောက်ကင်းပါ  စေကြောင်းဖြင့် သောသောညာညာ ဆုတောင်းကြကုန်၏။
၁၅။ မင်းတရား အရူးပျောက်၍ ဆုတောင်းပြည့်ဘုရားကြီး တည်ထားကိုးကွယ်ခြင်း
ယင်းသို့လျှင်   အကြင်သို့သော  ဆေးသစ္စာတော်ရေဖြင့်   မင်းတရား၏ရောဂါ  ပျောက်ကင်းသဖြင့်   ပြည်သူ ပြည်သားအပေါင်းတို့   ဆုတောင်းပြည့်သောကြောင့်   ယင်းနေရာ၌  ကောဇာသက္ကရာဇ်   ၇၈၀-ပြည့်နှစ်၊  နယုန်လဆန်း  ၈-ရက်နေ့တွင်  အထိမ်းအမှတ်  ရုပ်ပွားတော်တစ်ဆူ  တည်ထားကိုးကွယ်ကြလေ၏။
ယင်းရုပ်ပွားတော်ကြီးသည်   မုတ္တသုခနရမြို့  (ယခုရွှေမုတ္ထီးဘုရား)  အနီးတွင်တည်ရှိသဖြင့်   "ဆုတောင်းပြည့် " ဘုရားကြီး  ခေါ်တွင်ရာမှ   အခေါ်ရွေ့လျောကာ  "အရူးပျောက်ဘုရား"  ၀ါ  "သျှူးကြောက် "  ဘုရားကြီးဟု   ယနေ့တိုင် ခေါ်ဝေါ်ကြလေသည်။
၁၆။ မင်းတရားသည်  စောပညာထံသို့  သွားခြင်း
မင်းတရားသည်   ရောဂါ  ရှင်းရှင်းပျောက်ကင်း၍  ညီလာခံစုံသည့်   ဗိုလ်ပုံ၌  မင်းတရားက  "မှူးတော် ,  မတ်တော်များ ငါကိုယ်တော်မြတ်ကဲ့သို့   တိုင်းသူပြည်သား  အများတို့အား  ရင် ၀ယ်သားပမာ  သနားခြင်း  ကရုဏာဖြင့်   စောင့်ရှောက်ကြရမည် " ဟု  အမိန့်တော်မြတ်  မှတ်လေ၏။
ယင်းအခါ  စောပညာက  တိတ်တဆိတ်   စေလွှတ်ထားသည့်   တမန်တို့   ကြားကြလတ်သော်   ဤမင်းကား မင်းကျင့်တရားနှင့်   ညီညွတ်ပေသည်ဟု   အချင်းချင်း  တီးတိုးစကား  ပြောကြပြီး  စောပညာက  ပေးအပ်လိုက်သည့် စာသ၀ဏ်လွှာကို  မင်းတရားထံ  ဆက်သွင်းလေ၏။ စာသ၀ဏ်လွှာ၌ ပါရှိသည်မှာ - "အရှင်မင်းမြတ်အား ဆေးကုသသော ဆရာသည်  ယခု  ကြက်လွှတ်ဆိပ်၌  သင်္ဘောနှင့် စောင့်ဆိုင်းနေပါသည်။  အရှင်မင်းမြတ်   ကြွလာလိုက   ကြွလာတော်မူပါ။  မကြွလာလိုတော်မူပါက  ၎င်းတမန်တို့ထံ
အကြောင်းပြန်ကြားလိုက်ပါ" ဟု  ပါရှိလေ၏။
မင်းတရားသည်   မှူးမတ်တို့နှင့်   တိုင်ပင်လျက်   ရွှေလှေ ,  ရွှေလောင်းတို့ကို   စီးကာ  တမန်တော်များ၏  သမ္ဗန်နှင့်အတူ မုတ္တုသုခနရမြို့ဆိပ်ကမ်းမှ   ထွက်ခွာသွားကြရာ  မကြာမီ   ကြက်လွှတ်ဆိပ်ကမ်း  သင်္ဘောဆိုက်ထားသည့်   စခန်းသို့ ရောက်ရှိကြ၍ သင်္ဘောပေါ်သို့  တက်ကြလေ၏။ မင်းတရား အရူးပျောက်အထိမ်းအမှတ်အဖြစ်  တည်ထားကိုးကွယ်သော “အရူးပျောက်ဘုရား” ပုံ။ (ယခုအခေါ် “သျှူးကြောက်ဘုရား”ဖြစ်သည်။
၁၇။ မင်းတရား နှင့်  စောပညာ
သင်္ဘောပေါ်၌  မင်းတရားအား  မင်း၏နေရာတွင်   နေထိုင်စေလျက်   စောပညာမှာကား  မိဖုရား၏နေရာ၌  ညွှတ်ခလျက် နေလေ၏။ မင်းတရားက  မိမိအား  ဆေးကုသသည့်   ဆရာမှာ  ယောက်ျားပင်   မှတ်ထင်သည်နှင့်   "ဆရာနှင့်   နှမ  အဘယ်ကဲ့သို့ တော်စပ်ပါသလဲ" ဟု  မေးလေ၏။
စောပညာက  ပြုံးလျက်   "အရှင်မင်းမြတ်အား  ကုသသည့်   ဆရာသည်   ဘုရားကျွန်မပင်   ဖြစ်ပါသည် "  ဟု တင်လျှောက်လေ၏။ မင်းတရားက  စဉ်းစားသည်မှာ  ငါ့အား  ကုသသည့်ဆရာကား  ယောက်ျားမဟုတ်   မိန်းမဖြစ်နေပါကလား။ ဤမိန်းမသည်   သမညမိန်းမ  မဟုတ်တန်ရာ  ပညာရှိမိ န်းမ  ဖြစ်လိမ့်မည်ဟု   အထင်ရောက်ကာ  နှမ၏  မျိုးရိုးဇာတိနှင့် အကြောင်းအရာကို  သိပါရစေဟု  ဆိုလေ၏။
စောပညာက  မိမိ၏  မျိုးရိုးဇာတိနှင့်   ဖြစ်ပျက်ပုံ   အကြောင်းအရာတို့ကို   အလုံးစုံလျှောက်ပြီး  "ဝေဒီမင်းကြီး၏ အတင်းအဓမ္မ   သိမ်းပိုက်မည့်   ဘေးရန်ကို   ကြောက်ရွံ့သဖြင့်   ရှောင်တိမ်းကာ  တောတောင်တို့တွင်   ခိုအောင်းနေရာမှ စိန့်ပြည်တွင်   မင်းမဲ့ဖြစ်၍  မင်းလောင်း  အရှာလာခိုက်   ကြုံကြိုက်၍  မင်းအဖြစ်   အုပ်စိုးနေပါသည်။  သို့သော်   နှမမှာ မိန်းမသားဖြစ်၍  နောင်အရှည်   အုပ်စိုးရန်   ခက်ခဲလှသောကြောင့်   မှူးမတ်များအား  နှမတော်နှင့်   ထိုက်တန်သော မင်းလောင်းလျာကို   တွက်ချက်ကြည့်စေရာ  မောင်တော်ဘုရား  စိတ်နောက်နေခြင်းကို   ဗေဒင်အရ  ထွက်ဆိုလေလျှင် နှမတော်က  အလျင်အမြန်   သမားတော်များအား  စီမံစေပြီး  ဆေးသစ္စာတော်ရေကို   ဂါထာမန္တရား  အင်းအိုင်များ  စုံလင်စွာဖြင့်
စီမံပြီး  နှမတော်ကိုယ်တိုင်   အဓိဋ္ဌာန်ပြုကာ  ရှင်မော် ၀က  ရွှေသင်္ဘောငယ်ဖြင့်   ဆေးသစ္စာအိုးကို   မျှောလိုက်သည့်   အတွက် ၎င်းဆေးသစ္စာ၏  တန်ခိုးအာနိသင်အားဖြင့်   မောင်တော်ဘုရား၏  ရောဂါသည်   ဆောမကြာ  ပျောက်ကင်းခြင်း  ဖြစ်ပါသည်။ သို့အတွက်   နှမတော်အား  ကျေးဇူးဆပ်သောအနေဖြင့်   နှမတော်စံရာ  စိန့်တိုင်းပြည်   တော်သာလို့   လိုက်ပါပြီး  နှမတော်အား ရွှေလက်ဆွဲလျက်  နန်းသိမ်းပွဲ တက်တော် မူပါဘုရား" ဟူ၍ လျှောက်ထား တောင်းပန်လေ၏။
မင်းတရားသည်   စောပညာ၏  တောင်းပန်   လျှောက်ထားသည်ကို   သဘောတော်ကျ၍  စိန့်ပြည်သို့   လိုက်ပါရန် ၀န်ခံပြီးလျှင်  သင်္ဘောပေါ်သို့  တက်တော်မူကြလေ၏။ ရွှေလှေ ,  ရွှေလောင်းတို့နှင့်   မုတ္တသုခနရမြို့မှ   မင်းတရားနှင့်   အတူ   လိုက်ပါလာကြသည့်   မှူးမတ် တို့သည်   တစ်ခုသော ကျောက်မော်ထက်မှ   နဖူးမြေထိ   ရှိခိုးဘိ၍  ဦးတိုက်ကာ  ကန်တော့   နှုတ်ဆက်လိုက်ကြလေသည်။  ယင်းနေရာကို   "နဖူးမော် " ဟု  ခေါ်တွင်လေသည်။
မုတ္တသုခနရမြို့သို့   အပြန်တွင်   ရှေ့ဦးစွာ  စခန်းချသည့်နေရာသို့   ရောက်ရှိလတ်သော်   မိမိတို့၌  စားရေ  ရိက္ခာကုန်၍ မှူးမတ်များနှင့်   လှေထိုး  လှေခတ်   ပဲ့ချိတ်   ရွက်ကိုင်အပေါင်းတို့   ညည်းညူပြီး  ဖဲဖွာလာရာအရပ်ကို   "ရပ်ဖဲတောင် " ခေါ်တွင်ကြရာမှ  ယခုအခါ "ရဘဲတောင် " ဟု  ခေါ်တွင်  လေသည်။
ယင်း ရဘဲတောင်ပေါ်တွင်  အထိမ်းအမှတ်ဖြစ်  စေတီငယ်တစ်ဆူ  တည်ထား ကိုးကွယ်လေသည်။
တောလှန်ရေး  အစိုးရလက်ထက်   ကျရောက်လတ်သော်   ထားဝယ်မြို့မှ   မိုင်   ၂၀-ခန့်  ကွာ  ဆင်ဖြူပြင်ရွာ ဆိပ်ကမ်းကို   ကောင်းမွန်စွာ  ပြုပြင်လျက်   သောင်များကိုလည်း  ခုတ်ထွင်   ထားသဖြင့်   ပင်လယ်ကူးသင်္ဘောများ  ၀င်ရောက် ကပ်ဆိုက်နိုင်လေပြီ။  တနင်္သာရီတိုင်းအတွက်   ဓာတ်ဆီ ,  ရေနံ   သိုလှောင်   ကန်ကြီးများကို   သိန်းပေါင်းများစွာ  အကုန်အကျခံ၍ တည်ဆောက်ထားလေသည်။)
Ref: ထားဝယ် ရာဇ၀င် သမိုင်း
Post a Comment
0 Comments
Close Menu