Ad Code

Responsive Advertisement

ပုဇွန်ဆီ ထမင်းကြော်မွှေးမွှေးလေး



      တခါတရံ blog မှာဟင်းချက်နည်းတွေ စာတွေရေးပြီး ပုံတွေတင်ရတာ စိတ်တော့ တော်တော်လေး ပျက်မိတယ် ဒီဘလော့လေး ဖွင့်မိတာလဲ နိူင်ငံရပ်ခြားမှာ ရောက်နေတဲ့ ကျမ သားသမီး အပါအဝင် အိမ်ဝေးနေသူလေးတွေ အတွက် ရည်ရွယ်ပြီး ဖွင့်ခဲ့တာပါ။

      မနေ့က တယောက်ဆို ကျမ ထမင်းကြော်တာ ဘာဖြစ်တယ် ညာဖြစ်တယ် နံမည်နဲ့ ထည့်တဲ့ အစာတွေ လွဲနေတယ်ဆိုပြီး Facebook မက်ဆေ့ကနေ လာပြောပါတယ်။

      ကျမဆိုလိုချင်တာက ကျမသည် ငွေကြေးယူပြီး ဟင်းချက်နည်းကို ရောင်းစားနေသူ မဟုတ်ပါ စေတနာအလျှောက် ရေးနေခြင်းသာ ဖြစ်ပါတယ်။

      ကျမကိုယ်တိုင် ဟင်းချက်ရတာ မုန့်လုပ်ရတာ ဝါသနာပါသူတယောက်မို့ အပင်ပန်းခံပြီး ရေးနေပေမဲ့ ရံဖန်ရံခါ အနှောက်အယှက် တစုံတရာကြောင့် စိတ်ထဲတော့ ကသိကအောင့် ဖြစ်ရပါတယ်။

      အဓိက ပြောချင်တာလေးက တယောက်နဲ့တယောက် ချက်နည်းတူချင်မှ တူပါလိမ့်မယ် ပြင်ဆင်ပုံ တူချင်မှ တူပါလိမ့်မယ် ဒီဟင်းက ဒီလိုဆိုပြီး ဒီပစ္စည်းဘဲ ထည့်ရမယ် ဒီထမင်းပွဲကို ဒီလိုပြင်ရမယ် ဒီလိုထားရမယ် ဆိုရင်တော့ ဗဟုသုတ တော်တော်နည်းသေးလို့ တော်တော်လေး လေ့လာရပါအုံးမယ်။

      ပုံသေနည်း ဟင်းချက်နည်းတွေကို ပုံမှန်ချက်ဖို့ထက် ကိုယ့်ခံတွင်း ကိုယ့်လျှာ အရသာ မျှတစွာ ချက်နိူင်ကြပါစေလို့ဘဲ လမ်းညွှန်ရင်း ဒီနေ့တော့ ပုဇွန်ဆီနဲ့ ထမင်းကြော်နည်းလေး တင်လိုက်ပါတယ်။

      ပုဇွန်အကောင်တွေ ကြော်စားဖို့ပြင်တိုင်း စုထားတဲ့ ပုဇွန်ခေါင်းတွေကို  ဒီနေ့တော့ အဆီချက်ပြီး ထမင်းကြော်ဖို့ ပြင်ဆင်ထားလေး မျှဝေလိုက်ပါတယ်။

      ပါဝင်ပစ္စည်းများ

      ပုဇွန်ခေါင်း - ခပ်ကြီးကြီး အခု ၃၀ခန့်
      ချက်ထားသော ထမင်း - တရုတ်ဟင်းပြင်ပန်းကန် တလုံး
      ကြက်သွန်ဖြူ -၂မွှာ
      ဆီ - ထမင်းစားဇွန်း လေးဇွန်း
      နနွင်းမှုန့် - လက်ထက်ရည်ဇွန်း သုံးပုံတပုံ
      ဆား - လက်ဖက်ရည်ဇွန်း တဝက်
      အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
      ကြက်ဥ - တလုံး
      ပြင်ဆင်ပုံ
      ချက်ထားသော ဘာစမာတီထမင်းကို အအေးခံထားပါ
      ပုဇွန်ခေါင်းများကို ဆား ဆီ နနွင်းမှုန့် နှင့် ရေမြုပ်အောင်ထည့်ပြီး တညပးပါ
      ပုဇွန်ဆီများ ထွက်လာပြီး ဆီ ကြွတ်ကြွတ်မြည်လာပါက ပုဇွန်ဆီကို ခပ်ယူထားပါ
      ကြက်သွန်ဖြူကို ဓါးပြားရိုက်ထားပါ
      ကြက်ဥကို ဆားအနည်းငယ်ထည့်ပြီး ခလောက်ကာ ကြော်ထားပါ
      ဒယ်အိုးတလုံးကို အပူပေးပြီး ပုဇွန်ဆီကို ထည့်ပါ
      ပုဇွန်ဆီ ပူလာတာနဲ့ ကြက်သွန်ဖြူကို နွမ်းသွားအောင် ကြော်လိုက်ပါ
      ကြက်သွန်ဖြူ နွမ်းတာနဲ့ အအေးခံထားသော ထမင်းနှင့် အရသာမှုန့်ကို ထည့်ကြော်ပါ
      ၂မိနစ်လောက် ကြော်ပြီးရင် ပုဇွန်ဆီ ထမင်းကြော် မွှေးမွှေးလေးကို ကြက်ဥကြော်နှင့် တွဲဖက်ပြီး စားနိူင်ပါပြီ
      ပုဇွန်ဆီထဲမှာ ဆားပါပြီးသားမို့ ထမင်းကြော်ထဲမှာ အငံသတ်သတ် ထည့်စရာမလိုပါ

Post a Comment

0 Comments

Close Menu