Ad Code

Responsive Advertisement

#သီတင်းကျွတ်လပြည့်နေ့ (သို့)


#သီတင်းကျွတ်လပြည့်နေ့ (သို့)
#အဘိဓမ္မာအခါတော်နေ့ (သို့) #ပဝါရဏာနေ့
🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟
မြတ်ဗုဒ္ဓဒေသနာအရ သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာအခါတော်နေ့အဖြစ် ပညာရှင်တို့ သတ်မှတ်ခဲ့ကြသည်။ အကြောင်းက နတ်ပြည်၌ နတ်ပရိတ်များ အဘိဓမ္မာဒေသနာ အကျယ်ဟောကြားပြီး ဆုံးသောနေ့သည် သီတင်းကျွတ်လပြည့်နေ့ ဖြစ်သည်။ စန္ဒကူးတော၌ အရှင်သာရိပုတ္တရာအား အဘိဓမ္မာဒေသနာ အကျဉ်း ဟောကြားပြီးဆုံးသော နေ့သည်လည်း သီတင်းကျွတ်လပြည့်နေ့ ဖြစ်သည်။ အရှင်သာရိပုတ္တရာက တပည့်ငါးရာတို့အား အဘိဓမ္မာ ဒေသနာကို မကျဉ်းမကျယ် အလယ်အလတ် ဟောကြားပြီးဆုံးသော နေ့သည်လည်း သီတင်းကျွတ်လပြည့်နေ့ ဖြစ်သည်။
မြတ်ဘုရားရှင်သည် မဟာသက္ကရာဇ် (၁၀၉) ခုနှစ်၊ ဝါဆိုလပြည့် ညနေချမ်း၌ သာဝတ္ထိပြည်အနီး ကောသလမင်း၏ ဥယျာဉ်မှူး ``ကဏ္ဍ´´သည် ဘုရားရှင် မိန့်ကြားချက်အတိုင်း စိုက်ပျိုးအပ်သော ကဏ္ဍမ္ဗသရက်ဖြူပင်အနီးတွင် တိတ္ထိိတို့ကို နှိပ်နင်းတော်မူရန် ရေမီးအစုံစုံ တန်ခိုးပြာဋိဟာ ပြပွဲကြီးကို အဆန်းတကြယ် ဖန်ဆင်းပြတော်မူသည်။
ထိုပွဲအပြီးတွင် မယ်တော်ဟောင်းနတ်သားအား အဘိဓမ္မာဒေသနာဖြင့် ကျေးဇူးဆပ်ရန် ခြေလှမ်း နှစ်လှမ်းဖြင့်သာ တာဝတိ ံသာ နတ်ပြည်သို့ ကြွသွားတော်မူသည်။ ပရိသတ်က ဘုရားရှင်ကို မမြင်တွေ့တော့၍ အရှင်အနုရုဒ္ဓါ
မထေရ ်အား မေးမြန်းရာ မထေရ်မြတ်ရှင်းပြမှ အကြောင်းစုံသိကြရသည်။ ပရိသတ်ကြီးက ဘုရားရှင်ကို မဖူးရဘဲ မပြန်ဟု တိုင်ပင်ကြကာ ထိုနေရာမှာပဲ ယာယီတဲနန်းထိုးကာ နေကြလေသည်။
သီတင်းကျွတ် ခါနီးမှ အရှင်မဟာမောဂ္ဂလန်ထံမှ တစ်ဆင့် ဘုရားရှင် သင်္ကဿနဂိုရ ်မြို့သို့ ကြွဆင်းတော်မူမည့်အကြောင်း သိရသဖြင့် သင်္ကဿနဂိုရ ်မြို့ကနေ သွားရောက်ကြိုဆိုကြသည်။
ဘုရားရှင်သည် တာဝတိ ံသာပြည် မဏ္ဍုကမ္ဗလာ မြကျောက်ဖျာ၌ မယ်တော်ဟောင်း သန္တုသိတအမှူးရှိသော နတ်ဗြဟ္မာတို့အား ဝါတွင်းသုံးလ နေ့ညမစဲ အဘိဓမ္မာတရားကို ဟောကြားတော်မူရာ သီတင်းကျွတ်လပြည့်နေ့၌ ပြီးဆုံးလေသည်။ သီတင်းကျွတ်လပြည့်နေ့၌ သိကြားမင်းအား လူ့ပြည်ပြန်တော့မည့် အကြောင်း နှုတ်ဆက်စကား မိန့်ကြားရာ သိကြားမင်းက ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်း၊ စောင်းတန်းသုံးသွယ်တို့ကို ဖန်တီးပေးသည်။ လကျ်ာဘက်ရွှေစောင်းတန်းက နတ်များအဖို့ ရည်ရွယ်သည်။ လက်ဝဲဘက်ငွေစောင်းတန်းက ဗြဟ္မာများအတွက် ရည်ရွယ်သည်။ ပတ္တမြားစောင်းတန်းက ဘုရားရှင်အတွက် ရည်ရွယ်သည်။ စောင်းတန်းတို့၏ မုခ်ဦးက မြင်းမိုရ်တောင်ထိပ်မှာရှိ၍ အခြေက သင်္ကဿနဂိုရ ်မြို့ တံခါးဝမှာ ရှိသည်။
မြတ်ဘုရားရှင်သည် လူ့ပြည်ဆင်းခါနီး မြင်းမိုရ်တောင်ထိပ်တွင်ရပ်လျက် ရေအစုံမီးအစုံ တန်ခိုးပြာဋိဟာတို့ကို ပြတော်မူ၍ ထက်ကောင်းကင်သို့ ကြည့်တော်မူသောအခါ အကနိဋ္ဌဗြဟ္မာပြည်တိုင်အောင် အဆီးအတားမရှိ ဟင်းလင်းဖြစ်သွားတော့၏။ အောက်ကိုကြည့်သောအခါ အဝီစိငရဲတိုင်အောင် အပိတ်အပင်အတားအဆီးမရှိ ဟင်းလင်းပြင် ဖြစ်သွားတော့၏။
ထိုအခါ သမယတွင် ပြည်သူပြည်သားအပေါင်းတို့က မီးရှူးမီးတိုင်များ၊ မီးပန်းများ၊ ဆီမီးများ၊ ပန်း၊ ရေချမ်းများဖြင့် ကပ်လှူပူဇော်ကြသည်။
တာဝတိ ံသာ နတ်ပြည်ရှိ စူဠာမဏိစေတီတော်ကိုလည်း ပူဇော်သည့် အထိမ်းအမှတ်ဖြင့် မီးပုံးများပြုလုပ်၍ ကောင်းကင်သို့လွှတ်တင် ပူဇော်ကြသည်။ ထိုကဲ့သို့ပူဇော်ကြသည်ကို အကြောင်းပြုကာ ယနေ့ခေတ်အခါတိုင်အောင်
မြန်မာတစ်နိုင်ငံလုံး၌ နှစ်စဉ်ကျင်းပ ပြုလုပ်မြဲ ဖြစ်သည်။
ယင်းအဘိဓမ္မာသည် ဓမ္မသင်္ဂဏီ၊ ဝိဘင်း၊ ဓာတုကထာ၊ ပုဂ္ဂလပညတ်၊ ကထာဝတ္ထု၊ ယမိုက်၊ ပဋ္ဌာန်းဟူ၍ ခုနစ်ကျမ်းရှိသည့် ကုသိုလ်၊ အကုသိုလ် စသော တရားတို့ကို အကျဉ်းချုပ်အားဖြင့် ဟောကြားတော်မူသော ကျမ်းကို "ဓမ္မသင်္ဂဏီကျမ်း" ဟု ခေါ်သည်။
ခန္ဓာ စသော တရားတို့ကို သုတ္တန်နည်း၊ အဘိဓမ္မာနည်းတို့ဖြင့် အမေးအဖြေပြုလုပ်ကာ အကျယ် ဝေဖန်ဟောကြားသော ကျမ်းကို "ဝိဘင်း ကျမ်း" ဟု ခေါ်သည်။
ဓာတ်အမျိုးမျိုး ဟောကြားသောကျမ်းကို "ဓာတုကထာ" ဟုခေါ်သည်။ ပုဂ္ဂိုလ် အမျိုးတို့ကို ခွဲခြားသတ်မှတ် အမည်တပ်၍ ဟောကြားသောကျမ်းကို "ပုဂ္ဂလပညတ်" ဟု ခေါ်သည်။ အယူဝါဒနှင့်ဆိုင်သော စကားတို့၏ တည်ရာဖြစ်၍ အဘိဓမ္မာ အနှစ်သာရတို့နှင့် ပြည့်စုံသောကျမ်းကို "ကထာဝတ္ထု" ဟု ခေါ်သည်။ အနုလုံနှင့် ပဋိလုံ၊ ပုစ္ဆာနှင့်ဝိသဇ္ဇာနာ၊ သန္နိဋ္ဌာန်နှင့် သံသယအစုံစုံပြု၍ ဟောကြားတော်မူသော ကျမ်းကို "ယမိုက်ကျမ်း" ဟုခေါ်သည်။ အကြောင်းအမျိုးမျိုးကို ဟောတော်မူသောကျမ်း၊
ကုသိုလ် စသောတရားတို့ကို နှစ်ဆယ်လေးပစ္စည်းဖြင့် ဝေဖန်သော ကျမ်း၊ သဗ္ဗညုတဉာဏ်တော်၏ ကျက်စားရာဖြစ်သော ကျမ်းကို "ပဋ္ဌာန်းကျမ်း" ဟု ခေါ်သည်။
အဘိဓမ္မာတရားသည် အမိကျေးဇူးဆပ် တရားဖြစ်ခြင်း၊ နတ်ပြည်၌ဟောကြားခြင်း၊ သုံးလကြာမျှဟောရခြင်း၊ ပကတိဘုရားနှင့် နိမ္မိတဘုရားတို့ တစ်လှည့်စီဟောကြားခြင်း ဟု ထူးခြားချက် လေးမျိုးနှင့်ပြည့်စုံသော တရားဖြစ်သည်။ ပါဠိ၏ နက်နဲခြင်း၊ သဘောအဓိပ္ပာယ်၏ နက်နဲခြင်း၊ ဟောကြားပုံအစီအစဉ်၏ နက်နဲခြင်း ဉာဏ်တော်၏ နက်နဲခြင်း စသော ဂမ္ဘီရလေးမျိုးနှင့် ပြည့်စုံသော တရားဖြစ်သည်။
အဘိဓမ္မာတရားတော်ကို သင်ယူခြင်း၊ ကြားနာခြင်း၊ ရွတ်ဖတ်ပူဇော်ခြင်းကြောင့် လင်းနို့သား ရဟန်း ငါးရာကဲ့သို့ နမရူပပရိစ္ဆေဒ ဉာဏ်ရင့်သန်ခြင်း၊ မဂ်ဖိုလ်နိဗ္ဗာန်ရရန် အကြောင်း အထောက်အပံ့ကောင်း ဖြစ်ခြင်း၊ ဘေးဥပါဒ်အန္တရယ် ကင်းဝေးခြင်း၊ ကျက်သရေမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံခြင်း ဟူသော အကျိုးထူး တရားများ ရရှိနိုင်သည်။
သီတင်းကျွတ် လပြည့်နေ့တွင် ပုရိမဝါမှ ထမြောက်ကြသော သံဃာတော် အရှင်မြတ်များသည် မိမိတို့အချင်းချင်း အပြစ်ကြီးငယ်ရှိပါက သည်းခံခွင့်လွတ်ရန်၊ လမ်းမှန်ကိုညွန်ပြရန်၊ သွန်သင်ဆုံးမရန် တောင်းပန်ကြပြီး ပဝါရဏာ ပြုကြပါသည်။
ထို့ကြောင်း သီတင်းကျွတ် လပြည့်နေ့ကို ပဝါရဏာနေ့ဟုလည်း ခေါ်ကြပါသည်။
ဤသို့ ထူးခြားသော၊ ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သော သီတင်းကျွတ်လပြည့်နေ့ ဥပုသ်နေ့မှာ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်ကောင်းမှုများ အထူးပြုနိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းရင်း သီတင်းကျွတ်လပြည့်နေ့ (သို့) အဘိဓမ္မာ အခါတော်နေ့ (သို့) ပဝါရဏာနေ့ အကြောင်း သိကောင်းစရာ အဖြာဖြာကို ဝေမျှရင်း ကုသိုလ်ယူပါသည်
အားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာ၍
ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ.....။
credit...

ဓါတ်ပုံအလှူတည်နေရာ =>
 ဓေမ္မာရာမတောရ(ရွှေကျင်)ကျောင်းတိုက်
အောင်ဇေယျရပ်ကွက်
သံဖြူဇရပ်မြို့နယ်ဆေးရုံကြီးအနီး
Credit to U Moe Nwe Thaw
























Post a Comment

0 Comments

Close Menu