Ad Code

Responsive Advertisement

" ကျန်းမာချို့ယွင်းသူများ နှင့် အိုမင်းနေသူတို့အတွက် ဝိပဿနာရှုနည်း "


" ကျန်းမာချို့ယွင်းသူများ နှင့် အိုမင်းနေသူတို့အတွက် ဝိပဿနာရှုနည်း "
••••••••••••••••••••••••••••••••••
ဝိပဿနာ ရှုဖို့ မအားဘူးလို့ ပြောကြတဲ့ အသံကြားဘူးကြမှာပါ။
စားဖို့သောက်ဖို့ရှာနေရတာနဲ့ ဝိဿနာ အားထုတ်ဖို့အချိန်မရှိဘူး။ ဘုရားက ရင်ထဲမှာရှိယင်ပြီးရော ဆိုတဲ့ ပြောကြတာတွေလည်း ကြားဖူးကြမှာပါ..ဘဲ။
အသက်ကလေး က...ရလာလို့၊ ကျန်းမာရေးလေးကလည်း ချို့ယွင်းစပြုလာလို့စတဲ့...
ခုလိုအချိန်ကျမှ သူများတွေ တရားအားထုတ်ကြတာတွေ့ပြီး၊ သူတို့တွေလို တရားထိုင်ချင်စိတ်တွေ၊ တရားအားထုတ်ချင်တဲ့စိတ်တွေ ဖြစ်လာပါတယ်။ အဲဒီလို အချိန်လည်းရောက်ရော ရောဂါက ဖိစီးလာ လို့က တစ်ကြောင်း၊ အိုမင်းလာလို့ တရားကျင့်ကြံအားထုတ်တဲ့အခါမှာ ခန္ဓာက မလိုက်တာကတစ်ကြောင်း စတဲ့ နောင်တတွေ၊ သံဝေဂ တွေ နဲ့ နောက်ဆုံးတော့ ရသမျှအချိန်လေးမှာဘဲ ရသလောက် ဘုရားရှိခိုး၊ဂုဏ်တော်တွေလောက်ဘဲ ရွတ်ဖတ် ပူဇော်ရုံလောက် နဲ့ဘဝကူးကြရတဲ့လူတွေ ဒု နဲ့ဒေးရှိသလို၊ သံဝေဂ လည်းမရ၊ ကြိုးစားအားထုတ်ရမယ် ဆိုတာ တော့ဖြင့် သိတော့ သိပါရဲ့သို့သော်..ရတနာသုံးပါး ကြည်ညိုရင် ရပြီ ဆိုတာ လောက်နဲ့ဘဲ ဘဝ ဆုံးသွားတဲ့ ပုဂ္ဂိုလ်တွေလည်းရှိ ကြပါတယ်။
ဘာနဲ့သွားတူနေ သလဲဆိုတော့..
ဥပမာ...
အရက်စွဲနေတဲ့..သူ၊ ဆေးလိပ်စွဲနေတဲ့..သူနဲ့တူပါတယ်။
အဲဒီလိုပုဂ္ဂိုလ် တွေက အရက်တွေ၊ ဆေးလိပ် တွေ ဟာ သောက်သုံးရင် ကျန်းမာရေး အတွက် မကောင်းမှန်းသိကြပါတယ်။ ဒါပေမဲ့..သူတို့ကိုယ်တိုင် က မဖြတ်နိုင်တာပါ။ အဲဒီလိုပါဘဲ အသက်ကြီးလာပြီ၊ အရွယ်လေးရှိတုန်းတရားအားထုတ်ပါလားလို့ပြောကြည့်ပါလား။ အချည်းနှီးပါ..ဘဲ။
တရားအားထုတ်တယ် ဆိုတာ ကိုယ် ကိုယ်တိုင် ကိုယ်က စိတ်ပါလက်ပါ နဲ့ကိုယ့်အသိ၊ ကိုယ့်သံဝေဂ နဲ့ဖြစ်လာပြီး တကယ်တန်း ကျိုးစားအားထုတ်မှသာလျှင် ပိုမိုပြီးအကျိုးထိရောက်မှုရှိစေပါတယ်။
ဥပမာအားဖြင့်ပေါ့လေ.. 
သားသမီး က မိမိရဲ့"မိဘ၊ဦးလေး နဲ့အဒေါ်" စတဲ့ မိမိနဲ့ နီးစပ်ရာဆွေမျိုးတွေထဲက လူကြီးသူမ တွေ ကို တရားတွေအားထုတ်စေချင်တယ်၊ တရားတွေ နာစေချင်တယ်။သို့သော် မိမိက သူတို့တွေထက် ငယ်ရွယ်သူလည်း ဖြစ်နေတဲ့ အတွက် အဲဒီ " မိဘ၊ ဦးလေး နဲ့အဒေါ်" တွေ ကို နားဝင်အောင်ပြောဖို့ခက်ပါတယ်။ အဲဒီလို လူတွေဟာ သေချင်းတရားဆိုတာ အချိန်မရွေး၊ အရွယ်မရွေး ကြုံတွေ့လာနိုင်တယ် ဆိုတာ သိကြပေမဲ့ လက်တွေ့မကြုံရသေးတဲ့အတွက်ကြောင့် လစ်လျူပြုကြတဲ့ သူတွေဖြစ်ပါတယ်။ ဒါဟာ မောဟဆိုတဲ့မသိစိတ်တွေ ကြောင့် ဖြစ်ရတာပါ။
ဥပမာ..ဆိုကြပါစို့...
သူတို့တွေ နေမကောင်းဖြစ်တဲ့ အခါပေါ့လေ..ဆရာဝန် နဲ့ကြိတ်တိုင်ပင်ပြီး၊ " ကင်ဆာ ဖြစ်နေပြီ၊ နောက်အလွန်ဆုံး( ၃ ) ဘဲ ခံတော့မယ်" လို ပြောကြည့်ပါလား၊..အများစု ကတော့ဖြင့် သေခြင်းတရားက နီးကပ်နေပြီဆိုတာ အဲဒီအခါမှ သေချာပေါက်သိပြီး တမလွန်မှာ အပါယ်ကျမှာ ကြောက်ကြတော့တာပါဘဲ။ အဲဒီအခါမျိုးမှာမှဘဲ အကြောက်တရား ကြောင့် တရားဖက်ကို ဦးလှည့်လာနိုင်ကြပါတော့မယ်။အဲဒီလိုမျိုး ထိပ်တိုက်ကြုံလာတဲ့အခါကျမှသာ "ငါ မှငါ" ဆိုတဲ့ ပုဂ္ဂိုလ်အတွက် ချွတ်လို့ရမှာပါ။
ဒီလိုနဲ့နောက်ဆုံး မိမိရောဂါ က ဖိစီးလာတဲ့အချိန်ကျတော့မှ သံဝေဂ တွေ ဖြစ်ပြီး တရားအားထုတ်ဖို့သိလိုက်တဲ့အချိန်မှာ ခန္ဓာက မလိုက်နိုင်လို့တရားမထိုင်နိုင်၊ တရားအားထုတ်လို့မရနိုင် ကြသူများအနေ နဲ့ မိမိတို့တရားအားမထုတ်နိုင်တဲ့ အပေါ်စိတ်ဓာတ်ကျစရာ မဖြစ်စေဖို့အတွက် နဲ့ကျန်တဲ့ အချိန်တိုလေးမှာ ကပ်ပြီး နောင်တ ရမိသူတို့အတွက် "တရားရှုမှတ်နည်း " အကျဉ်းလေး ကို ဓမ္မမိတ်ဆွေ တို့အတွက် ရည်ရွယ်ပြီးမျှဝေပေးရရင် အကျိုးရှိမယ်လို့ယူဆ၍ ဓမ္မဒါန ပြုလိုက်ပါတယ်။
တကယ်တော့ ဝိပဿနာအလုပ်ဆိုတာ...
အားမှ.. ဒါမှမဟုတ် ရိပ်သာ နဲ့တရားစခန်းတွေ ကို သွားလုပ်မှသာ တရားရတယ် ဆိုပြီး တထစ်ချ မှတ်ယူမထားပါနဲ့အုံး.. လို့ဦးစွာပြောပါရစေ။
တရားရိပ်သာ.. တရားစခန်း သွားတယ်ဆိုတာ....
ဘုရားရှင် လက်ထက်ကလို ဘုရားရှင်ထံ "တရားရှုနည်း" ( ကမ္မဌာန်း ) သွားတောင်း တဲ့ သဘောပါ။ 
" တရားရှုနည်း.. တရားမှတ်နည်း " သိပြီးဆိုရင်... ဝိပဿနာ ဆိုတာ.. ခန္ဓာကို ရှု တာ ဖြစ်တဲ့ အတွက် မိမိတို့ရဲ့ ခန္ဓာဟာ တကယ့်အစစ်အမှန် တရားရှုရမဲ့ "ရိပ်သာဌာနကြီး" ပါဘဲ.. ဆိုတာ အရင်ဆုံး မှတ်ယူထားရမှာ ဖြစ်ပါတယ်။
တရားရှုမှတ်တယ်ဆိုတာ ဘုရားရှင် လက်ထက်က ဟင်းချက်ရင်း... ခြေဆေးရင်း.. စတဲ့ အလုပ်ခွင်ထဲမှာပဲ တရားထူး ရသွားတဲ့ ပုဂ္ဂိုလ်တွေ ရှိကြပါတယ်။ အဲဒီ ပုဂ္ဂိုလ်တွေလိုပဲ မိမိတို့ လုပ်ငန်းခွင်းထဲမှာ လုပ်လို့ရအောင် ဗုဒ္ဓမြတ်စွာက နည်းလမ်း ပေးခဲ့တာ ဖြစ်ပါတယ်။
ဘုရားရှင်လက်ထက်က တရားထူးရကြတယ်ဆိုတာ ပါရမီ ရင့်ကျက်လို့ ရတာလည်း ဖြစ်ပါတယ်။
ဒီတော့ ဓမ္မမိတ်ဆွေ က မိမိ "မဂ်ဖိုလ်" မရတာ ကို ပါရမီ မရင့်ကျက်လို့ ဆိုပြီး "ပါရမီ" ကို လွဲချစရာ အကြောင်းတော့ ရှိပါတယ်။
ဒါပေမဲ့ "ပါရမီ" နဲ့ပတ်သက်ပြီး "မိုးကုတ် ဆရာတော်ဘုရားကြီး" အလိုအရဆိုရင်တော့...
"ခင်ဗျားတို့ ပါရမီကို လွဲချမနေနဲ့ ၊ ပါရမီရင့်ကျက်လို့ ဘုရား သာသနာနဲ့ ကြုံကြိုက်တဲ့ လူ့ဘဝ ရနေတာ”
လို့ မိန့်ကြားဘူး ပါတယ်။
တကယ်တော့ အလုပ်တခုကို တကယ်လုပ်မယ် ဆိုရင်တော့ လုပ်ဖြစ်ဖို့ သာ အဓိက ဖြစ်ပါတယ်။
ဝိပဿနာ အလုပ်ဆိုတာ "ဘယ်နေရာ မဆို..နေရာမရွေး " လုပ်လို့ရနိုင်ပါတယ်။
ဥပမာ.... 
ရပ်နေစဉ် ...စားနေစဉ်...အိပ်နေစဉ်.. လမ်းလျောက် နေစဉ်... လုပ်ငန်းလုပ်နေစဉ်...ယုတ်စွအဆုံး..အပေါ့အပါး သွားတဲ့ နေရာက အစ ဝိပဿနာ အလုပ်လုပ်ရတဲ့ နည်းတွေ ဗုဒ္ဓမြတ်စွာက သင်ပေးခဲ့တာ ဖြစ်ပါတယ်။
ဝိပဿနာ ဆိုတာ တကယ်တော့ နေ့စဉ်.. စားနေစဉ်.. သွားနေစဉ်.. စတဲ့အလုပ်တွေထဲမှာ "အသိ၊ သတိ၊ဝိရီယ" ထည့်ပေးလိုက်တဲ့ သဘောကို ဝိပဿနာ ရုပ်တရား၊ နာမ်တရားတို့ "သတိပညာ" တရားထည့်ပြီး "အထူးရှုမှတ်ခြင်း" လို့ခေါ်တာဖြစ်ပါတယ်။
အဓိကကတော့ "သတိ" ဦးစားပေးထည့်ပေးလိုက်တာပါ။ တဆင့်ချင်းပြီး တဆင့် ချင်း ဒီလို ဆက်လက် ကျင့်ကြံရင်း ဉာဏ် အဆင့်ဟာ မြင့်သွားမှာဖြစ်ပါတယ်။ ဒီနေရာမှာ အဓိကမူ တစ်ခုကို ပြောပြ ရမည်ဆိုရင်..
"အာနာပါန" လို့ခေါ်တဲ့.. မိမိတို့ရဲ့ "ထွက်လေ ဝင်လေ" လေး မှတ်တဲ့ သဘောကို နမူအနေနဲ့ သိထားသင့် ပါတယ်။
ဒီနမူနာအတိုင်း ကျန်တာတွေ မှတ်တာကလည်း အတူတူပါဘဲ။
အဲဒီတော့ ကိုယ်ခန္ဓာကိုယ် (သို့) ကိုယ့် အလုပ်ထဲမှာ..
"ငါ ၊ငါ့ဥစ္စာ၊ အတ္တစွဲ"မပါဘဲ နဲ့အမြဲထာဝရ တရားရှုမှတ်ဖို့ အထင် ရှားဆုံးနေရာ ဖြစ်တဲ့..
မိမိတို့ရဲ့ နှားခေါင်းဖျား၊ နှာသီးဖျားတွေ မှာ စိတ်ကို သတိတရားနဲ့ စောင့်ထားပြီး ထွက်လေ၊ ဝင်လေ (ဖောဋ္ဌဗ္ဗာရုံ) လို့ ခေါ်တဲ့ အတွေ့အထိသဘော၊ ဝါယော (လေ)ဓာတ်က ထိထိသွားတဲ့ " အဖြစ်အပျက်" ကို သိအောင် ရှုမှတ်နေရမှာ ဖြစ်ပါတယ်။
( ဒီနေရာမှာ.. သေသေချာချာ အာရုံစိုက်ဖတ်ပါ )
◆ လေ လေး ထိထိသွားတဲ့ တွေ့ထိမှုသဘော (ဖောဋ္ဌဗ္ဗာရု) ထဲမှာလည်း.."ငါမပါ"၊ ထိပြီးတော့ ပျက်သွားတဲ့..ဟာ ပဲ၊
အထိခံ ရတဲ့ ကိုယ်(ကာယ) ရုပ်ထဲမှာလည်း "ငါ" မပါဘူး၊
ထိပြီးတော့ ပျက်သွားတာပဲ။
ထိတာကို သိသိနေတဲ့ "ထိ,သိ" စိတ်ဆို တာ လည်း ငါမဟုတ်၊ ငါမပါဘူး၊
"ထိ, သိ" ပြီး ပျက်သွားတာပဲ။
◆ ဒီနေရာမှာ “ငါ”ဆိုတာ တရားသဘောအရ “ငါ” (အတ္တ) မရှိတဲ့ သဘောပါ။
အပြော “ငါ”၊ ခေါ်ဝေါ်ပြောဆိုမှု (သမ္မုတိ) အနေနဲ့ကတော့ ခေါ်ဝေါ်ပြောဆိုမှု “ငါ”ဆိုတာ ရှိပါတယ်။ "ငါ” ပယ်ရမယ် (ဒါမှမဟုတ်) အပြော "ငါ” မရှိဘူးလို့ ဘုရားရှင်ကလည်း မဟောခဲ့ပါဘူး၊ သမ္မုတိ "ငါ” ဆိုတာ ရှိပါတယ်။
အမှန်စင်စစ် (ပရမတ္ထ) သဘောအရ မိမိတို့ရဲ့ ရုပ်-နာမ် ခန္ဓာထဲမှာ “ငါ” ဆိုတဲ့ “အတ္တ” မရှိဘူးလို့ ပြောလိုတာပါ။
အဲဒီလို ရုပ်တရား နာမ်တရား တွေရဲ့ဖြစ်ပျက်မှုကို ရုပ်နာမ် သက်သက် ငါ၊ ငါ့ဥစ္စာ၊ ငါ့ဟာဆိုတဲ့ အစွဲဥပါဒါန် မမှီ၊ မစွဲ၊ မပါဘဲ နဲ့သတိ၊ ပညာ၊ သမာဓိ တရားတို့ ဖြင့်သန့်ရှင်း စင်ကြယ်စွာ ဂဃနဏ ပြတ်ပြတ်သားသားနဲ့ ရှုမှတ်ပွားများ နေရင် ဝိပဿနာဉာဏ်စဉ်တွေ အဆင့်ဆင့်တက်ပြီးတော့...
"မိစ္ဆာဒိဋ္ဌိ (အယူမှားမှု)၊ ဝိစိကိစ္ဆာ (ဘုရား၊ တရား၊ သံဃာစသည် အပေါ်မှာယုံမှားမှု ) ကင်းလျက် မဂ်ဉာဏ် ဖိုလ်ဉာဏ် နဲ့ နိဗ္ဗာန်ကို မျက်မှောက် တွေ့မြင်ကာ အပါယ်တံခါးပိတ်လျက် အမြတ်ဆုံးချမ်းသာအစစ်ကို ရရှိခံစားကြရမှာ ဖြစ်ပါတယ်။
နိဗ္ဗာန်ကို ဒီဘဝမှာ မရသည်ဘဲ ထားဦးတော့... 
မိမိတို့တစ်တွေ နေ့စဉ် အလုပ်ထဲမှာ အထက်က နည်းအတိုင်း သတိလေးထည့်ပြီး တော့ လုပ်မယ်ဆိုရင်တော့..လောကီမှာ ချက်ချင်းလက်ငင်း အကျိုးပေးမှာပါက...
စိတ်ကြည်လင်မယ်၊
ကိုယ်လုပ်တဲ့ လုပ်ငန်း အစဉ်ပြေချောမွေ့မယ်၊ အန္တရာယ်ကင်းမယ်....စတဲ့ အကျိုး တွေ ခံစားကြရမှာပါ။
သတိမပါတဲ့ သူ..ရဲ့ အလုပ်ဟာ အမှားများပါတယ်၊ အန္တရာယ် များပါတယ် ဆိုတာကတော့ လူတိုင်း သိပြီးသား ဖြစ်ကြပါတယ်။ 
အဲဒီတော့ တရားထိုင်ပြီးအားထုတ်နေမှမဟုတ်ဘဲ..
နာမကျန်းဖြစ်နေသူများ၊ အသက်၍ အိုမင်းရင့်ရော်ပြီး ခန္ဓာသွားရာမလိုက်နိုင်ကြသူများ နဲ့မအားလပ်တဲ့ဓမ္မမိတ်ဆွေတို့အတွပ် မိမိတို့တစ်တွေ ရဲ့နေ့စဉ်အလုပ်မှာ "သတိ ပညာ" ထည့်ပြီး အဆင့်မြင့်တဲ့ ဝိပဿနာအဆီအနှစ်ကို နေ့စဉ် အလုပ်ကနေ ပြီး ထုတ်ယူနိုင်ကြပါစေ လို့ ဆန္ဒပြုရင်း ဓမ္မဒါနပြုလိုက်ပါတယ်။
( ခန္ဓာ-၅ပါးတစ်ဦး )
••••••••••••••••••••••••••••••••••
လက်ကိုင်ဖုန်း ဖြင့် စာစီရခြင်းဖြစ်သည့်အတွက် သတ်ပုံမှားယွင်းမှုများ တွေ့ရှိပါက သည်းခံခွင့်လွှတ်ပြီး ပြင်ဆင်ဖတ်ရှုပေးပါရန် မေတ္တာရပ်ခံပါသည်။(ခန္ဓာ-၅ပါးတစ်ဦး)
ကိုးကား-( ကျမ်းကိုး....သုတ်မဟာဝါ-မဟာသတိပဋ္ဌာနသုတ် )

Post a Comment

0 Comments

Close Menu