Telenor ဖုန်း အသုံးပြုသူများအနေဖြင့် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံများသို့ တစ်မိနစ်လျှင် ၂၅ ကျပ် နှုန်းဖြင့် ခေါ်ဆိုနိုင်ရန် ဆောင်ရွက်လိုက်ကြောင်း သိရသည်။

အဆိုပါ အစီအစဉ်မှာ ထိုင်းနိုင်ငံရှိ dtac နှင့် မလေးရှားရှိ digi ဖုန်းများသုံးစွဲသူများအား ခေါ်ဆိုနိုင် မည်ဖြစ်ကြောင်း၊ စာတိုပေးပို့မှုအတွက် sms တစ်စောင်လျှင် ၁၅ ကျပ်နှုန်းထားဖြင့် ပေးပို့နိုင်ကြောင်း၊ ယင်းဝန်ဆောင်မှုအား ရက် ၃၀ သက်တမ်းအတွက် တစ်ကြိမ် စာရင်းပေးသွင်းခ ၂၀၀ ကျပ်ဖြင့် ရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

စာရင်းပေးသွင်းရန်အတွက် 500 သို့ CLIDD ဟု စာတိုပေးပို့ရယူနိုင်ကြောင်းနှင့် Prepaid အသုံးပြုသူများ အနေဖြင့် *979*2*5*1# သို့ဆက်သွယ်၍ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။ ထိုင်းနှင့် မလေးရှားသို့ မြန်မာနိုင်ငံတွင်းမှ Telenor ဖုန်းဖြင့် ခေါ်ဆိုပါက ပုံမှန်ကျသင့်နှုန်းထားမှာ တစ်မိနစ် ၂၀၀ ကျပ်ဖြစ်ကြောင်းသိရသည်။

“ထိုင်းနဲ့ မလေးရှားကို သွားရောက်လည်ပတ်ချိန်မှာလည်း ပြည်တွင်းကျသင့်နှုန်းနီးပါး အသံနဲ့ ဒေတာ ဝန်ဆောင်မှုတွေကို ရရှိဖို့ အစီအစဉ်ကို အစောပိုင်းကတည်းက မိတ်ဆက်ပြီး ဖြစ်ပါတယ်” ဟု Telenor Myanmar ၏ Marketing Officer ဖြစ်သူ Joslin Myrthong က ပြောကြားသည်။ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံသို့ အလည်အပတ်သွားရောက်ကြသည့် မြန်မာနိုင်ငံသားများ အတွက် တစ်ကြိမ် စာရင်းပေးသွင်းခ ၅၀၀ ကျပ် ကျသင့်မည့် အထူး ဝန်ဆောင်မှုတစ်ခုကို တယ်လီနောမြန်မာက ပြီးခဲ့သည့် ဒီဇင်ဘာလက မိတ်ဆက်ခဲ့ခြင်း ဖြစ်ပြီး ယင်းအစီအစဉ်ကို တစ်ကြိမ်လျှင် စတင် စာရင်းသွင်းချိန်ကစကာ ၂၄ နာရီကြာ အသုံးပြုနိုင်မည်ဖြစ်သည်။

ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံသို့ ရောက်ရှိနေစဉ် ကာလအတွင်း ရောက်ရှိနိုင်ငံ၏ မည်သည့်ပြည်တွင်း ဖုန်းနံပါတ်ကို မဆို ဖုန်းခေါ်ဆိုမှုများအား ၂၅ ကျပ်/မိနစ် နှုန်းနှင့် ပြုလုပ်နိုင်မည် ဖြစ်ပြီး (ဥပမာအားဖြင့် ထိုင်းနိုင်ငံတွင် dtac, True နှင့် AIS, မလေးရှားနိုင်ငံတွင် MAXIS, Celcom နှင့် digi) မြန်မာနိုင်ငံမှ မည်သည့် ဖုန်းနံပါတ်ကိုမဆို ၁၅၀ ကျပ်/မိနစ် နှုန်းထားဖြင့် ခေါ်ဆိုနိုင်မည် ဖြစ်သည်။

မည်သည့် အဝင်ဖုန်းလက်ခံမှုကိုမဆို ၅၀ ကျပ်/မိနစ် နှုန်းထားဖြင့် လက်ခံပြောဆိုနိုင်မည် ဖြစ်သည်။ စာတိုပေးပို့မှုများ အား sms တစ်စောင်လျှင် ၁၅ ကျပ်နှုန်းထားဖြင့် ပေးပို့နိုင်မည်ဖြစ်ပြီး အဝင်စာတို လက်ခံမှုများကိုမူ အခမဲ့လက်ခံနိုင်သည်ဟုသိရသည်။


-ထွန်းထွန်း

Credit to ==>> Internet Journal