Ad Code

Responsive Advertisement

♪ “PC ကွန်ပျူတာတစ်လုံး၏ စွမ်းဆောင်ရည်မျိုး ပေးစွမ်းနိုင်တော့မည့် IOS 11” ♫


နာမည်ကျော် iPad အပါအဝင် စွမ်းဆောင်ရည်မြင့် Tablet များသည် ကွန်ပျူတာဆိုင်ရာလုပ်ဆောင်ချက် များ၏ အနာဂတ်ဖြစ်လာပါမည်လား။ ယခုလ ၅ ရက်နေ့က အသစ်ထွက်ရှိခဲ့သော iOS 11 သာ မျှော်လင့်ထား သည့် Feature များကို အောင်အောင်မြင်မြင်စွမ်းဆောင်ပြနိုင်ခဲ့ပါက iPad များသည် PC ကွန်ပျူတာများ၏နေရာကို အစားထိုး ဝင်ရောက်နိုင်မည် ဟု Apple ကုမ္ပဏီက ယုံကြည်ထားပုံရလေသည်။

Apple ကုမ္ပဏီ၏မိတ်ဆက်ကြေညာချက်အရ OS 11 ၏ Feature အသစ်များသည် iPad အား ကွန်ပျူတာတစ်လုံးကဲ့သို့ အသုံးချစေခိုင်းနိုင်ဖွယ်ရှိကြောင်း ပညာရှင်အများစုကလည်း သုံးသပ် ထားကြသည်။ ယခင်ကထွက်ပေါ်ခဲ့သော Apple ၏ mac OS သည် Siri ၊ Touch Bar စသည့် iOS ၏ Feature အများအပြားကို ယူငင်အသုံးပြု ထားကြောင်း သိရှိကြပြီးဖြစ်ပါလိမ့်မည်။ ထို့အတူပင် iPad သည်လည်း mas OS ၏ အားသာချက်များကို iOS 11 နှင့်အတူ ကူးပြောင်း လက်ခံနိုင်စွမ်းရှိမည်သာဖြစ်၏ ။ ရုပ်ဝတ္ထုပိုင်းအနေဖြင့်လည်း iPad များကို အထိုင်ချထားပုံသည်လည်း Mac ကွန်ပျူတာများနှင့် ဆင်တူ လာခဲ့ပြီဖြစ်သည်။ iPad များ၏မျက်နှာပြင်ပေါ်မှ icon လေးများသည် လည်း iOS 11 ကြောင့် Mac ကွန်ပျူတာများမှ icon များ၏ပုံစံအတိုင်း ပြောင်းလဲလာခဲ့သည်ကို တွေ့ရသည်။

<ကွန်ပျူတာတစ်လုံး၏ Feature များ>

ဗြိတိန်အခြေစိုက်နည်းပညာဈေးကွက်စစ်တမ်းကုမ္ပဏီ Global Data မှ သုံးစွဲသူပလက်ဖောင်းများနှင့် ထုတ်ကုန်ပစ္စည်း လေ့လာသုံးသပ်ရေး ဒါရိုက်တာ Avi Greengart က “iOS 11 ရဲ့ လှည့်ကွက်က Mobile OS မှာ ကွန်ပျူတာတစ်လုံးကို အသုံးပြုလို့ရမယ့် Feature တွေအလုံ အလောက်ထည့်သွင်းပေးနိုင်ခဲ့တာပါပဲ” ဟု သုံးသပ်ပြောကြားခဲ့သည်။ အထူးသဖြင့် Desktop ကွန်ပျူတာတစ်လုံးတွင်သာ ပြုလုပ်နိုင်သော Drag and Drop Feature ၊ စခရင်ကို မြင်ကွင်း ၂ မျိုးခွဲခြား နိုင်ခြင်းများကို iOS 11 တွင် ပြုလုပ်နိုင်ပြီဖြစ်သည်။ Software နှစ်မျိုးကို တစ်ပြိုင်နက် တည်းဖွင့်ပြီး ဘေးဘယ်ညာရွှေ့ပြောင်း နိုင်ခြင်းကလည်း iOS 11 ကို ပို၍ စွမ်းဆောင်ရည်မြင့်မားသော Operating System အဖြစ်သို့ရောက် ရှိစေခဲ့သည်။ တစ်နည်းပြောရလျှင် User များအနေဖြင့် iOS 11 ကြောင့် ၎င်းတို့၏ iPad များကို PC ကွန်ပျူတာတစ်လုံးကဲ့သို့ အသုံးပြု မောင်းနှင်နိုင်တော့မည်ဖြစ်သည်။

တကယ်တော့ Apple ကုမ္ပဏီသည် ယခင်က လုံးဝမရှိခဲ့ဖူးသော iOS ၏ ကြီးမားကျယ်ပြန့်လှသော စွမ်းဆောင်ရည်များကို iOS 11 နှင့်အတူ ထုတ်ဖော်ပြသလိုက်ခြင်းသာ ဖြစ်တော့သည်။ ဥပမာအားဖြင့် File များကို လမ်းကြောင်းရှာခေါ်ယူနိုင် သည့် File Browser သည် PC ကွန်ပျူတာများ၏ အားသာချက် တစ်ရပ်ဖြစ်သော်လည်း ယခု iPad များတွင် အသုံးချနိုင်နေပြီဖြစ်သည်။ ရုံးပိုင်းဆိုင်ရာအလုပ်များကို ပိုမိုချောမွေ့စွာလုပ်ကိုင်နိုင်စေမည့် ဖိုင်သစ် တည်ဆောက်ခြင်း၊ Share ပေးခြင်းများကို PC ကွန်ပျူတာများကဲ့သို့ စွမ်းဆောင်ပြနိုင်ခြင်းက iPad များ၏ အကြီးမားဆုံးအားသာချက်များ ဖြစ်လာဖွယ်ရှိနေသည်။ ယခင်က iPad များအား PC ကွန်ပျူတာများ ၏ခေါင်းတစ်လုံးပိုနိမ့်နေစေရန် တားဆီးထားသည့်အရာ ကလည်း ဖိုင်များကို အလွယ်တကူတည်ဆောက်၊ မျှဝကာ Browsing လုပ်နိုင်စွမ်း ကင်းမဲ့နေခြင်းပင် ဖြစ်၏ ။ ယခု iOS 11 တွင် ပါဝင်လာသော File များနှင့်ပတ်သက်သော စီမံခန့်ခွဲမှုအားသာချက်များက iPad အတွင်းရှိ Local File များကိုသာမက Dropbox၊ Google Drive စသည့် Cloud Service များကိုလည်း လှမ်း၍ယူငင်မျှဝေနိုင်ဦးမည်ဖြစ်သည်။

<Apple Pencil ၏ အထောက်အပံ့>

Screen မြင်ကွင်းကို ၂ ခြမ်းခွဲ၍ App နှစ်ခုကို အသုံးပြုနိုင်သော iOS 11 ၏စွမ်းဆောင်ရည်မျိုးသည် Mac OS တွင် ပါဝင်သော Mission Control စနစ်နှင့် အနည်းငယ်ဆင်တူသည်ဟု ထင်ရသည်။ iOS 11 နှင့်အတူ iPad များအပေါ် နောက်ထပ်မျှော်လင့်စရာတစ်ခုကတော့ Apple Pencil ဟူသောအမည်ဖြင့် ထွက်ပေါ်လာမည့် စာရေးတံတစ်မျိုးပင်။ ထို Apple Pencil နှင့််အတူ iPad များသည် Windows OS သုံး PC ကွန်ပျူတာ များနှင့် အလဲအလှယ်လုပ် အသုံးပြုနိုင်သည့် အခြေအနေသို့ ဆိုက်ရောက်လာဖွယ်ရှိနေပြီဖြစ်သည်။ iPad Screen ပေါ်တွင် အမှတ်အသားပြုလုပ်ခြင်း၊ Screenshot များကို Share ပေးခြင်း၊ အရေးပေါ် မှတ်စုများကို အလျင်စလိုရေးမှတ်ခြင်းများတွင် Apple Pencil က PC ကွန်ပျူတာမှ Mouse တစ်လုံးနှယ် အသုံးဝင်လိမ့်မည်ဖြစ်သည်။ သို့ရာတွင် Apple Pencil ဖြင့် အသုံးမချနိုင်သော ရုံးပိုင်းဆိုင်ရာ အလုပ်များလည်းရှိပါသေးသည်။ ဥပမာအားဖြင့် Microsoft Office တွင် ပါဝင်သော Software အချို့နှင့် အလားတူအခြေအနေများကို ဆောင်ရွက် သောအခါ တွင်မူ Apple ၏ Laptop ကွန်ပျူတာစစ်စစ်များဖြင့်သာ ပြုလုပ်နိုင်ပေမည်။

လက်ရှိအနေအထားအရ iOS 11 ဖြင့်မောင်းနှင်သော iPad များသည် ကွန်ပျူတာတစ်လုံး၏အနေအထား ကိုတော့ အပြည့်အဝမ ပိုင်ဆိုင်နိုင်သေး ပါ။ Mouse မရှိသလို Keyboard ကိုလည်း Touch အဖြစ်သာ ထိတွေ့အသုံးပြုနေရဦးမည်ဖြစ် သည်။ သို့ရာတွင် iOS များ၏ သဘောသဘာဝကိုက ထိတွေ့ပွတ်ဆွဲဖို့အတွက်သာ ဦးစားပေးဖန်တီးထားသည့် Interface စနစ်တစ်မျိုးဖြစ်နေသည်ကိုလည်းမေ့ထား၍မရပါ။ ယင်းအချက်နှင့်ပတ်သက်၍ Global Data မှ မစ္စတာ Greengart က “iOS Software တွေဟာ တိကျရေရာတဲ့နေရာမှာ လက်ချောင်း ဒါမှမဟုတ် စာရေးတံတစ်မျိုး နဲ့ ထောက်ပြီး ရေးသား ထိတွေ့ရတဲ့ အမျိုးအစားပါ။ ဒါ့ကြောင့် Apple Pencil အဖြစ် ထွက်ပေါ် လာမယ့်စာရေးတံဟာ ပုံမှန်စာရွက်စာတမ်းတွေရဲ့နေရာကို အစားထိုး ဖြည့်ဆည်းပေးနိုင်မယ့် အလားအလာရှိနေပါတယ်” ဟု သုံးသပ်သွားခဲ့ သည်။

iPad ၏မျက်နှာပြင်ပေါ်၌ စာရေးတံသုံးရခြင်းမှာ အပိုအသုံးအဆောင် တစ်ခုကဲ့သို့ ထင်ရသော်လည်း အနာဂတ်တွင် Windows OS သုံး ကွန်ပျူတာများ၏နေရာတွင် အစားထိုးဝင်ရောက်မည့်လမ်းကြောင်း ကိုတော့ အနှောင့်အယှက်ပေးလိမ့် မည်မဟုတ်ပါ။ အကယ်၍ စာကြောင်းရေအမြောက်အမြား ရိုက်နှိပ်ရေးသားရန်လိုအပ်လာသောအခါ တွင်လည်း Apple ၏ Smart Keyboard က ကောင်းစွာထောက်ပံ့ ပေးနိုင်သောကြောင့်ပင်။ Apple ကုမ္ပဏီ၏ iPad ရောင်းအားသည် ပြီးခဲ့သောနှစ် များအတွင်း သိသိသာသာကျဆင်းသွား ခဲ့သော်လည်း ဖောက်သည်များ၏ အသိအမှတ်ပြုမှုကိုတော့ ရရှိထားဆဲဖြစ်လေသည်။ အထူးသဖြင့် မျက်နှာပြင် ၁၀ လက်မခွဲရှိသော iPad Pro ကဲ့သို့ ထုတ်ကုန်မျိုးသည် ၎င်း၏ဈေးကွက်အဆင့်အတန်းကို ထိန်းထားနိုင် ဆဲဖြစ်၏ ။

<ပြန်လည်ဆန်းသစ်လာမည့် iPad များ>

အကယ်၍ စာဖတ်သူအနေဖြင့် စွမ်းဆောင်ရည်မြင့် PC ကွန်ပျူတာ များတွင်ကဲ့သို့ ဂရပ်ဖစ်ပိုင်းကောင်းကောင်း အသုံးပြုလိုလျှင်လည်း iOS 11 က အတိုင်းအတာတစ်ခုအထိ စွမ်းဆောင်ပေးနိုင်မည်ဖြစ်၏။ အထက်ကဆိုခဲ့သလိုပင် iPad များကို ကွန်ပျူတာများနှင့် တန်းတူညီ သွားပြီဟု မဆိုနိုင်သေးသည့်တိုင် iOS ၏ App များသည် တိုးတက်မှု မရှိသော Software များ မဟုတ်ကြတော့ပါ။ iOS 11 နှင့်အတူ Apple မှ ပေးစွမ်းသော Feature များ၊ Tool များအတွက် iPad Pro တွင် လုံလောက်သောလက်ခံနိုင်စွမ်းရှိထားပြီးဖြစ်လေသည်။ သို့သော် နည်းပညာဈေးကွက်သုံးသပ်ရေးအဖွဲ့ NPD Group မှ ဒုတိယဥက္ကဋ္ဌ Stephen Baker ကတော့ iOS 11 နှင့်ပတ်သက်၍ မတူညီသော အမြင်မျိုးရှိထားသည်ကိုတွေ့ရသည်။ ၎င်းက “iOS 11 ဟာ Apple ရဲ့ လမ်းကြောင်းသစ်ကို စဖောက်လုပ်နေရုံပဲရှိပါသေးတယ်။ iPad တွေ ကတော့ Apple ၏ကျယ်ပြန့်တဲ့ထုတ်ကုန်တွေဖြစ် လာဖို့ရှိနေပါပြီ။ တကယ့်စီးပွားရေးလုပ်ငန်းခွင်တွေ၊ ရုံးလုပ်ငန်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်တဲ့ Hardware ပစ္စည်းမျိုးဖြစ်လာပါလိမ့်မယ်”ဟု ပြောကြားခဲ့ သည်။

အချုပ်အားဖြင့်တော့ နည်းပညာဈေးကွက်တွင် Tablet များအနေဖြင့် ပွဲပန်းနေကြပြီဖြစ်သည်။ ကုမ္ပဏီမျိုးစုံ၊ အမှတ် တံဆိပ်မျိုးစုံဖြင့် ထွက်ပေါ် ခဲ့ပြီးသော Tablet များသည် နောက်ထပ်ထူးခြားဆန်းသစ်သော Software အထောက်အပံ့မရရှိ တော့ခြင်းကြောင့် လောင်စာကုန်သော ဒုံးပျံတစ်စင်း၏အခြေအနေသို့ ဆိုက်ရောက်လာခဲ့ပြီဖြစ်သည်။ ထို Table များအနက် iPad Pro သည် အတော်အတန် ထူထူထောင်ထောင် ဖြစ်နေသေးကြောင်း တွေ့ရသည်။ ထိုအချိန်တွင် ထွက်ပေါ်လာခဲ့သည့် iOS 11 ကတော့ iPad Pro နှင့် ထပ်မံထွက်ရှိလာမည့် iPad များကို သွေးသစ်လောင်းပေးမည့် OS စနစ်တစ်ခုဟု ဆိုရပါလိမ့်မည်။ ထိုအချက်ကို Apple တာဝန်ရှိသူများကလည်း သဘောပေါက်ပြီးသားဖြစ် ၏။ iOS ကို အဆင့်မမြှင့်နိုင်လျှင် သို့မဟုတ် iPad ကို လက်တွေ့ လုပ်ငန်းခွင်သုံးကွန်ပျူတာများကဲ့သို့ စွမ်းဆောင်ရည်မျိုး ထည့်သွင်း မပေးနိုင်လျှင် နောက်ကျကျန်ရစ်ခဲ့မည်ကို Apple တို့ သိထားပြီးဖြစ်သည်။

ထို့အပြင် သာမန်ရုံးဝန်ထမ်း၊ ကုမ္ပဏီဝန်ထမ်းမဟုတ်သော User အချို့အတွက် ပြေးရင်းလွှားရင်း အလုပ်လုပ်နိုင်ရန် လိုအပ်နေပြီဖြစ်သည်။ တစ်နည်းအားဖြင့် ထိုးထွင်းဖန်တီးမှုကို ဦးစားပေးသော အနုပညာရှင် အမျိုးမျိုး အတွက် iPad ကဲ့သို့ Potable အနေအထားမျိုးတွင် အလုပ်ကို ချောချောမွေ့မွေ့ လုပ်နိုင်ခြင်းက ပြီးပြည့်စုံမှုကိုရရှိနိုင်ပါလိမ့်မည်။ 


Ref : (iOS 11 Finally Makes the iPad a Capable Computer - By Andrew E. Freedman)

 
ကိုဆွဲ (မုံရွာ)

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

Post a Comment

0 Comments

Close Menu