Ad Code

Responsive Advertisement

ထိုင်းစစ်အစိုးရက တရားမ၀င်အလုပ်သမားပြစ်ဒဏ်ဆိုင်ရာ ဥပဒေကို ၆ လဆိုင်းငံ့မည်


=============================================
By နန်းမြနဒီ 4 July 2017
ထိုင်းနိုင်ငံရောက် တရားမ၀င်အလုပ်သမားတွေကို ဖမ်းဆီးနှိမ်နှင်းဖို့အတွက် ဇွန် ၂၂ ရက်က ထုတ်ပြန်ပြီး ဇွန် ၂၃ မှာ စတင်ကျင့်သုံးခဲ့တဲ့ ဘီအီး ၂၀၁၇ အလုပ်သမားဥပဒေပါ ပုဒ်မ ၄ ခုကို ၆ လကြာ ဆိုင်းငံ့ထားမယ့်
အကြောင်း ထိုင်းစစ်ကောင်စီအစိုးရက ဒီကနေ့ နေ့စွဲနဲ့ ထုတ်ပြန်ကြေညာ ပါတယ်။
ဇူလိုင် ၄ ရက်နေ့ ထိုင်းနိုင်ငံတည်ငြိမ်အေးချမ်းရေးအဖွဲ့ ခေါ် စစ်ကောင်စီအစိုးရရဲ့ အစည်းအဝေးအပြီး ခုလိုဆုံးဖြတ်လိုက်တာလို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ၀င်းထိုင်း ဆုဝါးရီးက သတင်းထောက်တွေကို ပြောပါတယ်။
ဆိုင်းငံ့ထားမယ့် အက်ဥပဒေ ပုဒ်မတွေထဲမှာ တရားမ၀င်အလုပ်သမားအပေါ် အရေးယူခြင်းဆိုင်ရာ ပုဒ်မ ၁၀၁ ၊ ခွင့်ပြုချက်မရှိတဲ့ လုပ်ငန်းတွေမှာ အလုပ်သမားကို ခိုင်းစေတဲ့ အလုပ်ရှင်များအပေါ် အရေးယူခြင်းဆိုင်ရာ ပုဒ်မ ၁၀၂ ၊ အထောက်အထားမရှိတဲ့သူတွေကို လက်ခံထားခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂၂ နဲ့ ဌာနဆိုင်ရာကိုစာနဲ့ အကြောင်းကြားခြင်းမရှိဘဲ လုပ်ငန်းလုပ်ကိုင်ခြင်း ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၁၉ တို့ ဖြစ်ပါတယ်။
အထက်ပါ ဥပဒေ ၄ ခုကို စစ်ကောင်စီအစိုးရလုပ်ပိုင်ခွင့် ပုဒ်မ ၄၄ နဲ့ ဆိုင်းငံ့ခဲ့တာဖြစ်ပြီး ဆိုင်းငံ့ကာလမှာ ၂၀၁၇ ဇူလိုင်လ ၂၃ ရက်နေ့မှ ၂၀၁၈ ဇန်န၀ါရီလ ၁ ရက်နေ့ထိ ၆ လကြာမြင့်မှာ ဖြစ်ပါတယ်။
သက်ဆိုင်ရာအလုပ်ရှင် / အလုပ်သမားတွေအနေနဲ့ ဥပဒေဆိုင်းငံ့ထားတဲ့ ၆ လတာ ကာလအတွင်း လိုအပ်တဲ့စာရွက်စာတမ်းအထောက်အထားမှတ်ပုံတင်တွေ ပြီးပြည့်စုံအောင် ပြန်လုပ်ရမယ်လို့လည်း ဗိုလ်မှူးကြီး ၀င်းထိုင်း ဆုဝါးရီးက ပြောပါတယ်။
ဒါ့အပြင် အစိုးရ၀န်ထမ်းတွေအနေနဲ့ လာဘ်စားငွေညှစ် အမြတ်ထုတ်တာတွေ လုံးဝမပြုလုပ်ဖို့ ဒီကနေ့ အစည်းအဝေးမှာ ၀န်ကြီးချုပ် ပရယုဒ်ကျန်အိုးချားက အဓိက ညွှန်ကြားခဲ့တယ်လို့ လည်းဆိုပါတယ်။
တိုင်ကြားစာအရ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့နယ်ထဲမှာ ထိုင်းဝန်ထမ်းတွေက အလုပ်သမားတွေဆီကနေ ငွေညှစ်ယူမှုတွေရှိနေတယ်ဆိုတာကို သိရှိရကြောင်း၊ ဒါကြောင့် ဒီကိစ္စကို စစ်ဆေးအရေးယူပြီး နောက်နောင် အလားတူ ကိစ္စရပ်မျိုးထပ်မံ ပေါ်ပေါက်မှုမရှိအောင် ကြတ်မတ်ထိန်းသိမ်းဖို့ တာ့ခ်ခရိုင်ဝန်ကိုကော အမှတ် ၃ စစ်တိုင်းဒေသ တပ်ရင်းမှူးနဲ့ သက်ဆိုင်ရာကို မှာကြားသွားတယ်လို့လည်း ထိုင်းစစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူက ပြောသွားပါတယ်။
ဇွန် ၂၂ ရက်က ထုတ်ပြန်ခဲ့တဲ့ ဘီအီး ၂၀၁၇ အလုပ်သမားဥပဒေထဲမှာ အလုပ်သမား ဥပဒေချိုးဖောက်ရင် ဒဏ်ငွေ အနည်းဆုံးဘတ် ၄ သိန်းမှ ၈ သိန်းထိ ပေးရနိုင်တာနဲ့ အာဏာပိုင်တွေက တရားမ၀င်အလုပ်သမားတွေကို နေ့စဉ်လိုရှာဖွေဖမ်းဆီးနေတာတွေကြောင့် မြန်မာ၊ လာအို နဲ့ ကမ္ဘောဒီးယားနိုင်ငံတွေက ရွှေ့ပြောင်းလုပ်သားပေါင်း ၃ သောင်းကျော် မိခင်နိုင်ငံ ပြန်သွားခဲ့ကြပါတယ်။
ဒါကြောင့် ထိုင်းနိုင်ငံမှာ အလုပ်သမားပြတ်လပ်မှုပြဿနာနဲ့ ကြုံရနေရပြီး စီးပွားရေးပါ ထိခိုက်နိုင်ကြောင်း ထိုင်းနိုင်ငံလုပ်ငန်းရှင်များအသင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်တွေ၊ အလုပ်သမား သမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေကထောက်ပြပြီး ဥပဒေ ဖြေလျော့ပေးဖို့ နဲ့ ပြန်လည်စဉ်းစားပေးဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။
(ကိုးကား – ပို့စ်ထူဒေးသတင်း )
© DVB.
ဆက်လက်ဖတ်ရန် => Read More
Video

Post a Comment

0 Comments

Close Menu