Ad Code

Responsive Advertisement

(၃၈)ဖြာ မင်္ဂလာတရားတော်

၁။ ပေါင်းသင်းဆက်ဆံရေး မင်္ဂလာ(၃) ပါ: 
 
 - လူမိုက်ဆိုလျှင် ရှောင်သွေလွဲလို့၊ မမှီဝဲနဲ့ ကင်းအောင်နေ၊
ပညာရှိကို အရှည်တွဲလို့၊ မှီဝဲဆည်းကပ် နည်းယူစေ၊
သုံးပါးရတနာ မိဘများနှင့်၊ ဆရာသမားကို ပူဇော်လေ၊
ချမ်းသာကိုပေး ဆက်ဆံရေး၊ မျှော်တွေး သုံးချက်ပေ၊
အဲဒါမှ ..... ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။
.....................................................................................................................

၂။ နေထိုင်ရေး မင်္ဂလာ(၃)ပါး
- ကုသိုလ် ပညာ ဥစ္စာရဖို့၊ သင့်ရာဒေသ အမြဲနေ၊
ရှေးကတင်ကြို ပြုခဲ့ဖူးသည့်၊ ကောင်းမှု အထူး ရှိပါစေ၊

မိမိကိုယ်ကို ကောင်းအောင် ထိန်းလို့၊ မတိမ်းစေနဲ့ ဆောက်တည်လေ၊
ဥစ္စာကိုပေး နေထိုင်ရေး၊ မျှော်တွေး သုံးချက်ပေ၊
အဲဒါမှ ..... ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။
...............................................................................

၃။ သင်ကြားရေး မင်္ဂလာ ၄ပါး
တတ်ကောင်းတတ်ရာ ဟူသမျှကို၊ ကြားမြင်သုတ ရှိပါစေ၊
အိုးအိမ်တည်ထောင် ဝမ်းစာရေးနဲ့၊
အသက်မွေးဖို့ အတတ်သင်လေ၊
လူနှင့်ဆိုင်ရာ ကျင့်ဝတ်များကို
ကောင်းစွာသင်ကြား နားလည်စေ၊
မှန်ကန်ယဉ်ကျေး ချိုသာအေး၊ ဆိုရေးတတ်ပါစေ၊
အဲဒါမှ ..... ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။
........................................................................

၄။ ပြုစုရေး မင်္ဂလာ ၃ ပါး 
မြင်းမိုရ်ရွှေတောင် မိဘကြွေးကို၊ ကောင်းစွာဆပ်ပေး ဝတ်ကျေကျေ၊
ကြွေးသစ်ချကာ သားနှင့်မယား၊ မြှောက်စားချီးမြှင့် ဝတ်ကုန်စေ၊
အလုပ်တာဝန် မလစ်ဟင်းနှင့်၊ အပြစ်ကင်းအောင် လုပ်ပါလေ၊
စည်းစိမ်ကိုပေး ပြုစုရေး၊ မျှော်တွေး သုံးချက်ပေ၊
အဲဒါမှ ..... ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။
.....................................................................................................................

၅။ လိုက်နာကျင့်သုံးရေး မင်္ဂလာ ၄ ပါး 
သုံးတန်စေတနာ ဖြူစင်လန်းလို့၊ ပေးကမ်းဝေမျှ လှုနိုင်စေ၊
ကိုယ်နှုတ်စိတ်ကြံ မမိုက်မှားနဲ့၊ သုစရိုက်တရားကို ကြင့်ပါလေ၊
ဆွေမျိုးတွေကို ပြင်ပမထားနဲ့၊ သင်္ဂဟတရားနဲ့ ချီးမြှောက်လေ၊
သန့်စင်ပြစ်မျိုး လူထုကျိုး၊ သည်ပိုးဆောင်ရွက်စေ၊
အဲဒါမှ ..... ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။
.....................................................................................................................

၆။ ရှောင်ကြဉ်ရေး မင်္ဂလာ ၄ ပါး 
 
 မကောင်းမှုတွေ ဟူသမျှကို၊ မတွေ့ခင်က ရှောင်ကြဉ်လေ၊
တွေ့ကြုံလာရင် မလွန်ကြူးနဲ့၊ အထူးသဖြင့် စောင့်စည်းနေ၊
အရက်သေစာ မသောက်စားနဲ့၊ မှောက်မှားတတ်တဲ့ အရာပေ၊
လုပ်ကိုင်ပြောကြား သတိထား၊ တရားမမေ့စေ၊
အဲဒါမှ ..... ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။
.....................................................................................................................

၇။ စိတ်ထားရေး မင်္ဂလာ ၅ ပါး
 
 အသက်ဂုဏ်ဝါ ကိုယ့်ထက်ကြီးက၊ ဆည်းကပ်ခစား ရိုသေလေ၊
မာနတံခွန် ဂုဏ်မကြွနဲ့၊ ကိုယ့်ကိုယ်နှိမ်ချ အမြဲနေ၊
လောဘအပို လိုမလိုက်နဲ့၊ ကိုယ်ထိုက်တာနဲ့ ကျေနပ်လေ၊
ကိုယ့်ပေါ်ပြုဖူး သူ့ကျေးဇူး၊ အထူးသိတတ်စေ၊
ကောင်းကျိုးဆင့်ပွား မြတ်တရား၊ နာကြားမပြတ်ပေ၊
အဲဒါမှ ..... ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။
.....................................................................................................................

၈။ သည်းခံရေး မင်္ဂလာ ၄ ပါး 
ဝတ် စား နေထိုင် ရန်ခပ်သိမ်း၊ စိတ်ကိုချုပ်ထိန်း သည်းခံလေ၊
ကျိုးကြောင်း ပြညွှန် ဆုံးမစကားကို၊ ပြောကြားလာက နာလွယ်စေ၊
သူမြတ်ပုဂ္ဂိလ် ဟူသမျှ၊ မကြာခဏ တွေ့ဆုံလေ၊
သဘာဝတွေး မှန်ကန်ရေး၊ ဆွေးနွေး မပြတ်ပေ၊
အဲဒါမှ ..... ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။
.....................................................................................................................

၉။ ခြိုးခြံရေး မင်္ဂလာ ၄ ပါး 
 
လောကီအာရုံ ဇိမ်ယစ်မူးလို့၊ အပျော်မကြူးနဲ့ ခြိုးခြံလေ၊
မေတ္တာ ဗြဟ္မစိုရ် လက်ကိုင်သုံးလို့၊ သူမြတ်ကျင်.ထုံး ယွင်းမသွေ၊
လေးပါးသစ္စာ ဉာဏ်မြင်ကြည့်လို့၊ အမှန်သိအောင် ကြိုးစားလေ၊
ဒုက္ခလွတ်ကင်း နိဗ္ဗာန်ချဉ်း၊ အလင်းပေါက်နိုင်စေ၊
အဲဒါမှ ..... ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။
................................................................................................................

၁၀။ စိတ်ဓာတ်ခိုင်ခံ့ရေး မင်္ဂလာ ၄ ပါး
 
 ဆင်းရဲချမ်းသာ သဘာဝ၊ တွေ့ကြုံနေကျ လူတိုင်းပေ၊
ကောင်းဆိုးနှစ်တန် အစုံတွဲလို့၊ တစ်လှဲ့စီလှည့် အမြဲနေ၊
လောကဓံကြုံ မဖြုံတမ်းပေါ့၊ မတုန်စမ်းနဲ့ စိတ်ခိုင်စေ၊
သောကကိုထိန်း ရမ္မက်သိမ်း၊ အေးငြိမ်း ချမ်းသာနေ၊
အဲဒါမှ ..... ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။
......................... 
မေတ္တာဖြင်. စုစည်းတင်ပြသူ
အနှိုင်းမဲ.စာတိုပေစများ
Ref: http://tmtyr.blogspot.com/2013/08/blog-post_2897.html



၁။ အသေဝနာစဗာလာနံ = လူမိုက်တို့ကို မဆည်းကပ်ခြင်း၊
၂။ ပဏ္ဍိတာနဉ္စသေဝနာ = ပညာရှိတို့ကို ဆည်းကပ်ခြင်း၊
၃။ ပူဇာစပူဇနေယျာနံ = ပူဇော်ထိုက်သူတို့အား ပူဇော်ခြင်း၊
၄။ ပတိရူပဒေသဝါသောစ = သင့်တင့်သောအရပ်၌ နေထိုင်ခြင်း၊
၅။ ပုဗ္ဗေစ ကတပုညတာ = ပြုခဲ့သော ကောင်းမှုရှိသောသူဖြစ်ခြင်း၊
၆။ အတ္တသမာပဏီဓိ = မိမိကိုယ်ကို ကောင်းစွာဆောက်တည်ခြင်း၊
၇။ ဗာဟုဿစ္စ = အကြားအမြင် များသောသူဖြစ်ခြင်း၊
၈။ သိပ္ပ = လက်မှုပညာ အစရှိသော အပြစ်မရှိသော အတတ်တို့ကို တတ်ခြင်း၊
၉။ ဝိနယောစ သုသိက္ခိတော = ကောင်းစွာသင်အပ်သော ဝိနည်းတရားရှိခြင်း၊
၁၀။ သုဘာသိတဝါစာ = ကောင်းစွာဆိုခြင်း၊
၁၁။ မာတာပိတု ဥပဌာန = အမိအဘတို့ကို ကောင်းစွာလုပ်ကျွေးခြင်း၊
၁၂။ ပုတ္တဒါရဿသင်္ဂဟ = သားမယားတို့အား သင်္ဂြိုဟ်ထောက်ပံ့ခြင်း၊
၁၃။ အနာကုလကမ္မန္တာ = အနှောင့်အယှက်မရှိသော အမှုတို့ကိုသာပြုခြင်း၊
၁၄။ ဒါနဉ္စ = အလှူပေးခြင်း၊
၁၅။ ဓမ္မစရိယ = မြတ်သောအကျင့်တို့ကို ကျင့်ခြင်း၊
၁၆။ ဉာတကာနဉ္စသင်္ဂဟ = ဆွေးမျိုးတို့အား ထောက်ပံ့ခြင်း၊
၁၇။ အနဝဇ္ဇာနိကမ္မာနိ = အပြစ်မရှိသော အမှုတို့ကိုပြုခြင်း၊
၁၈။ ပါပအာရတီ = မကောင်းမှုမှ ဝေးစွာ ရှောင်ကြဉ်ခြင်း၊
၁၉။ ပါပဝိရတီ = မကောင်းမှုမှ အထူးရှောင်ကြဉ်ခြင်း၊
၂၀။ မဇ္ဇပါနသံသမော = သေရည်သေရက်ကို သောက်စားခြင်းမှ ရှောင်ကြဉ်ခြင်း၊
၂၁။ အပ္ပမာဒေါစ ဓမ္မေသု = ကောင်းမှုကုသိုလ်တို့၌ မမေ့မလျော့ခြင်း၊
၂၂။ ဂါရ၀ = ရိုသေထိုက်သူတို့အား ရိုသေခြင်း၊
၂၃။ နိဝါတ = မိမိကိုယ်ကို နှိမ့်ချခြင်း၊
၂၄။ သန္တုဌီ = ရောင့်ရဲလွယ်ခြင်း၊
၂၅။ ကတညုတ = သူပြုဖူးသော ကျေးဇူးကိုသိခြင်း၊
၂၆။ ကာလေန ဓမ္မဿဝန = သင့်တင့်လျောက်ပတ်သောအခါ၌ သူတော်ကောင်းတရားကို နာယူခြင်း၊
၂၇။ ခန္တီ = သည်းခံခြင်း၊
၂၈။ သောဝစဿတာ = သူတော်ကောင်းတို့ ဆုံးမအပ်သော စကားကို နာလွယ်ခြင်း၊
၂၉။ သမဏာနဉ္စ ဒဿန = ရဟန်းပုဏ္ဏားတို့အား ဖူးမြင်ခြင်း၊
၃၀။ ကာလေနဓမ္မသာကစ္ဆာ = သင့်တင့်လျောက်ပတ်သောအခါ၌ တရားတော်ကို ဆွေးနွေးမေးမြန်းခြင်း၊
၃၁။ တပေါ = ခြိုးခြံစွာကျင့်ခြင်း၊
၃၂။ ဗြဟ္မစရိယ = မြတ်သောအကျင့်တို့ကို ကျင့်ခြင်း၊
၃၃။ အရိယသစ္စာန ဒဿန = အရိယသစ္စာတို့ကို သိမြင်ခြင်း၊
၃၄။ နိဗ္ဗာန သစ္ဆိကိရိယာ = နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်း၊
၃၅။ န ကမ္ပတိ = လောကဓံတရားတို့နှင့်တွေ့သော် တုန်လှုပ်သောစိတ်မရှိခြင်း၊
၃၆။ အသောက = လောကဓံတရားတို့နှင့်တွေ့သော် စိုးရိမ်သောစိတ် မရှိခြင်း၊
၃၇။ ဝိရဇံ = လောကဓံတရားတို့နှင့်တွေ့သော် စိတ်၌ ရမ္မက်မရှိခြင်း၊
၃၈။ ခေမံ = လောကဓံတရားတို့နှင့်တွေ့သော် စိတ်၌ ဘေးမရှိခြင်း။

Credit : သုခမှတ်စု



Credit to All; 
မေတ္တာဖြင်. စုစည်းတင်ပြသူ 
- အနှိုင်းမဲ.စာတိုပေစများ 
- သုခမှတ်စု 
Video Credit to Mg Yin - https://www.youtube.com/watch?v=ePjA2h9ZzIk 

Post a Comment

0 Comments

Close Menu