Ad Code

Responsive Advertisement

အမေရိကန် ဓာတ်ပုံဆရာ ဒေးဗစ်ဟိသ်ဟာ မြန်မာနိုင်ငံရဲ့ လူနေမှု ဓလေ့စရိုက်နဲ့ သဘာဝ ရှုခင်း


အမေရိကန် ဓာတ်ပုံဆရာ ဒေးဗစ်ဟိသ်ဟာ မြန်မာနိုင်ငံရဲ့ လူနေမှု ဓလေ့စရိုက်နဲ့ သဘာဝ ရှုခင်းတွေကို အထူးတလည် စိတ်ဝင်စားခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကယ်လီဖိုးနီးယား နယ်သားဟာ အရှေ့တောင်အာရှ ဒေသရဲ့ ရွှေနိုင်ငံလို့ တင်စားခေါ်ဝေါ်ကြတဲ့ မြန်မာနိုင်ငံကို ငါးနှစ်တာအတွင်း ရှစ်ကြိမ်ထိ လာရောက်ပြီး စိတ်ကူးဆန်းသစ်တဲ့ ဓာတ်ပုံတွေကို ရိုက်ယူစုစည်းခဲ့ပါတယ်။
အဲဒီနောက်မှာတော့ သူဟာ Burma: An Enchanted Spirit ဆိုတဲ့ ဓာတ်ပုံမှတ်တမ်း စာအုပ်ကို ထုတ်ဝေခဲ့ပါတယ်။ အဲဒီ စာအုပ်ကတော့ မြန်မာနိုင်ငံထဲက ဒေသအသီးသီးကို ကားနဲ့၊ ရထားနဲ့၊ လေယာဉ်နဲ့၊ သင်္ဘောနဲ့ မျိုးစုံ သွားလာခဲ့သလို အရမ်းဝေးလံ ခေါင်သီတဲ့ နေရာတွေကို ခြေလျင်လျှောက်ရင်း ဓာတ်ပုံကောင်းတွေ ရိုက်ယူခဲ့တဲ့ သူ့ရဲ့ ဝါသနာ အခြေပြု ခရီးစဉ်တွေကို ဂုဏ်ပြုထားတဲ့ အထိမ်းအမှတ် တစ်ခုလည်း ဖြစ်ပါတယ်။ သူရောက်ခဲ့တဲ့ ရွာတချို့ဆိုရင် အနောက်နိုင်ငံသား တစ်ယောက်ကို ဘယ်တုန်းကမှ မမြင်ဖူးလောက်အောင် ဝေးလံ သီခေါင်လှတယ်လို့ ဟိသ်က ဆိုပါတယ်။
ဟိသ်ရဲ့ စာအုပ်မှာ ဖော်ပြပါရှိပြီး အံ့ဩဘနန်း ရင်သပ်ရှုမောဖွယ် အနုပညာ ပုံရိပ်တွေအဖြစ် ထင်ဟပ်ကျန်နေတဲ့ မြန်မာ့မူရင်းအလှ ဓာတ်ပုံတချို့ကို စုစည်း ဖော်ပြပေးလိုက်ပါတယ်။



ရထားပေါ်မှာ ဖရဲသီးရောင်းနေတဲ့ ကလေးမလေး တစ်ယောက်ရဲ့ ပုံပါ။ ရထားစီး ခရီးသည်တွေရဲ့ နိစ္စဓူဝ ဖြတ်သန်းမှု ပုံရိပ်ကိုလည်း ထင်ဟပ်စေပါတယ်။

ဒီဓာတ်ပုံကို ရိုက်ထားတဲ့ ရထားကို ၁၉၅၀ ပြည့်လွန်နှစ်တွေ ကတည်းက အသုံးပြုနေခဲ့တာ ဖြစ်ပေမယ့် အခုနောက်ပိုင်းမှာတော့ အသစ်တွေ လဲလှယ်နေပြီလို့လည်း ဟိသ် ဆိုပါတယ်။



ပင်လယ်ပျော် ဂျစ်ပစီတွေလို့ တင်စားခံရတဲ့ ဆလုံလူမျိုးတွေ ပင်လယ်ထဲမှာ ငါးဖမ်းနေတာကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။
ဟိသ်ဟာ စာမျက်နှာ ၂၄၈ မျက်နှာ ပါရှိတဲ့ စာအုပ်ကို ရေးသားပြုစုဖို့ လေယာဉ်ခရီး ၃၈ ကြိမ်၊ ဗီဇာလျှောက်ထားမှု ၁၀ ကြိမ် အပါအဝင် အမျိုးမျိုး အပင်ပန်းခံ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။



ဒါကတော့ ဟိသ်အကြိုက်ဆုံး ဓာတ်ပုံတွေထဲက တစ်ခုပါ။ ပုဂံက ဘုန်းကြီးကျောင်းလေး တစ်ခုမှာ ရိုက်ထားတာ ဖြစ်ပါတယ်။ 

ဒီကိုရင်လေးတွေက အမြဲတမ်း ရယ်မောနေတတ်ပြီး စပ်စပ်စုစုလည်း မေးမြန်းတတ်တယ်လို့ သူက ပြောပြပါတယ်။ သူတို့နဲ့ စကားပြောရတာ တကယ့်ကို နှစ်သက်စရာပါပဲလို့ အမေရိကန်ကြီးက ဝန်ခံပါတယ်။


နာမည်ကြီး ဦးပိန်တံတားကို ဖြတ်သန်းသွားရင်း တောင်သမန် အင်းထဲမှာ အမျိုးသမီးတစ်ယောက် ငါးဖမ်းနေပုံကို မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။ အင်းရေပြင်မှာတော့ ဖြူလွလွ မိုးတိမ်တွေက အရိပ်ထင်ပြီး အမြင်ထူးခြားနေပါတယ်။

သူ့ရဲ့ ဧည့်လမ်းညွှန် ကိုယ်တိုင်ကလည်း ဓာတ်ပုံဆရာ တစ်ယောက်ဖြစ်ပြီး အလင်းအမှောင် သဘောတရားတွေကို ကောင်းကောင်း နားလည်သူပါ။ ဒါကြောင့်လည်း ဓာတ်ပုံရိုက်ဖို့ အသင့်တော်ဆုံး နေဝင်ချိန်၊ နေထွက်ချိန်တွေကို ရွေးချယ် အကြံပေးတတ်တယ်လို့ ဟိသ်က အသိအမှတ်ပြု ချီးကျူးထားပါတယ်။


မန္တလေး၊ အမရပူရက တောင်သမန်အင်းထဲမှာ နေဝင်ချိန် လုပ်ငန်းသိမ်းတဲ့ သမ္ဗာန်သမား နှစ်ယောက်ကို ဦးပိန်တံတား နောက်ခံနဲ့ တွေ့မြင်ရပုံပါ။

“ကျွန်တော့် ဧည့်လမ်းညွှန် ကိုဝင်းက ဘုန်းကြီးလူထွက် တစ်ယောက်ပဲ။ သူ့နိုင်ငံနဲ့ သူ့နိုင်ငံသားတွေ အပေါ်မှာ အရမ်း အလေးအနက် သဘောထားတဲ့ သူပါ။ ကျွန်တော်တို့ရဲ့ စေတနာနဲ့ ပွင့်လင်းမှုကို မြန်မာနိုင်ငံသားတွေကလည်း နားလည် ခံစားမိပုံရတယ်။ အဲဒီအတွက် သူတို့ဘက်ကလည်း ပိုပြီးတော့ နွေးနွေးထွေးထွေး လိုလိုလားလား ကူညီခဲ့ကြတယ်”လို့ ဟိသ်က သူ့အတွေ့အကြုံကို ပြောပါတယ်။


ငါးဖမ်းလုပ်သားတစ်ယောက် ပိုက်ချဖို့ ပြင်ဆင်နေတာကို အဖြူအမည်း ဓာတ်ပုံအဖြစ် ရိုက်ယူထားတာပါ။

တချို့ကျေးရွာတွေက ဒေသခံတွေဟာ သူတို့ရဲ့ နိစ္စဓူဝ အလုပ်အကိုင်တွေကို ဓာတ်ပုံမှတ်တမ်း တင်တဲ့အခါ အံ့ဩကြတယ်လို့ ဟိသ်က ဆိုပါတယ်။ ဒါမျိုးကို သူတို့ မကြုံဖူးလို့ပါ။ ဒါပေမဲ့ ဟိသ်ရဲ့ ဖော်ရွေမှုကို သဘောကျပြီး စိတ်လိုလက်ရ ကူညီကြပါတယ်တဲ့။

နှစ်သန်းပေါင်း ၅၀၀ လောက် သက်တမ်း ရှိနေပြီဆိုတဲ့ ကျောက်ဂူကြီး တစ်ခုတည်းမှာ ဗုဒ္ဓအလောင်းတော် သိဒ္ဓတ္ထမင်းသား ဒုက္ကရစရိယ ကျင့်ကြံနေပုံ ရုပ်ပွားတော်ကို ပန်း၊ ဆီမီး၊ ရေချမ်း ကပ်လှူနေတဲ့ ရဟန်းတော်တစ်ပါးရဲ့ ပုံရိပ်ပါ။

“မြန်မာနိုင်ငံသားတွေဟာ ဘဝကို ပျော်ရွှင်တဲ့ ရှုထောင့်ကနေ ချဉ်းကပ်တတ်ကြတယ်။ အံ့ဩစရာ ကောင်းလောက်အောင် ဟာသဉာဏ် ရှိကြတယ်။ အပြန်အလှန် ရိုင်းပင်း ကူညီတတ်တယ်။ မြန်မာနိုင်ငံကို သွားရောက် လည်ပတ်နေတဲ့ ကာလတွေမှာ ပျော်ရွှင်မှုရဲ့ အနှစ်သာရက ဘာလဲ ဆိုတာကို သူတို့ဆီကနေ ကျွန်တော် အများကြီး သင်ယူခွင့် ရလာခဲ့ပါတယ်”လို့လည်း ဟိသ်က အမှတ်တရ ပြောပြသွားခဲ့ပါတယ်။


ကရင်ပြည်နယ်၊ ကျောက်ကလပ် ရေကန်ထဲမှာ ကိုရင်လေးနှစ်ပါး လှေလှော်နေတဲ့ မြင်ကွင်းဟာ သဘာဝ နောက်ခံရှုခင်းနဲ့ ပေါင်းဖက်လိုက်တဲ့အခါ စိတ်ကြည်နူးစရာ ဖြစ်လာတယ်လို့ ဟိသ်က မှတ်ချက်ပြုခဲ့ပါတယ်။ 

ဟိသ်က မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး သူ့စိတ်အာရုံကို ပထမဆုံး ဖမ်းစားလာတာဟာ ဒေသခံတွေပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ “ဒီနိုင်ငံက လူတွေလောက် သဒ္ဓါတရား ထက်သန်တဲ့၊ ပျော်ပျော်နေတတ်တဲ့၊ လောကဓံကို ခံနိုင်ရည်ရှိတဲ့၊ ပွင့်ပွင့်လင်းလင်း ဆက်ဆံတတ်တာမျိုး တခြား ဘယ်နေရာမှာမှ မတွေ့ဖူးဘူး”လို့ သူက ပြောပြပါတယ်။


ချောင်းထဲမှာ ငါးဖမ်းနေတဲ့ သနပ်ခါး ပါးကွက်ကျား အမျိုးသမီးရယ်၊ ချင်းတွင်းမြစ်ကမ်းက ကြက်သွန်စိုက် လုပ်သား တစ်ယောက်ရယ်ရဲ့ ပုံရိပ်တွေကတော့ မြန်မာ့ ကျေးလက်နေ လူတန်းစားတွေရဲ့ ဘဝကို ဖော်ညွှန်းပြဖို့ ရည်ရွယ်တဲ့အကြောင်း ဟိသ်က ဆိုပါတယ်။

ဟိသ်က သူမြန်မာနိုင်ငံကို လွန်ခဲ့တဲ့ ၆ နှစ်က ပထမဆုံးအကြိမ် ရောက်ခဲ့တုန်းကနဲ့ ဒီနေ့ခေတ်မှာတော့ လူနေမှု ပုံစံတွေ တော်တော်လေး ပြောင်းလဲသွားပြီလို့လည်း မှတ်ချက်ပြုထားပါတယ်။



မယ်သီလရှင် ဆရာလေး တစ်ယောက်ရဲ့ နုနယ်ပျိုမြစ်မှုနဲ့ စူးစမ်းမှုကို ထင်ဟပ်စေတဲ့ ဓာတ်ပုံပါ။ 

မြန်မာနိုင်ငံရဲ့ ရိုးရာဓလေ့စရိုက်တွေကို ခေတ်သစ် ကမ္ဘာကြီးနဲ့ မိတ်ဆက်ထိတွေ့ပေးဖို့ ရည်ရွယ်ကြောင်း ဟိသ်က ပြောပါတယ်။


မြန်မာနိုင်ငံရဲ့ အဓိက ယဉ်ကျေးမှု နယ်မြေတစ်ခုဖြစ်တဲ့ ပုဂံမြို့ဟောင်းက အာနန္ဒာ၊ သဗ္ဗေညု စေတီတော်တွေကို အဓိက ပေါ်လွင်အောင် ရိုက်ကူးထားတဲ့ နေဝင်ရှုခင်းဓာတ်ပုံ ဖြစ်ပါတယ်။

စေတီပုထိုးဟောင်း ၂၀၀၀ ကျော် ရှိနေတဲ့ ပုဂံဟာ မြန်မာနိုင်ငံမှာ သူအကြိုက်ဆုံး နေရာပဲလို့လည်း ဟိသ်က ဆိုပါသေးတယ်။ “ဒီလောက် လှပတဲ့ တိုင်းပြည်မှာ နှစ်သက်စရာ အကောင်းဆုံးကတော့ ပုဂံပဲလို့ ထောက်ခံရမယ်။ စေတီပုထိုးဟောင်းတွေ ၂၀၀၀ ကျော်လောက် စုနေတာကို တွေ့မြင်ရတာက တခြားကမ္ဘာ တစ်ခုကို ရောက်နေသလို ခံစားရတယ်။ ပုဂံကနေ နေဝင်နေထွက် ရှုခင်းတွေကို စောင့်ကြည့်ရတာဟာ ကျွန်တော် ကြုံဖူးသမျှ အထူးကဲဆုံး အတွေ့အကြုံပဲ။ ခင်ဗျားဆိုရင်လည်း ကြည်နူးစိတ်နဲ့ လွယ်လွယ်ပဲ မျက်ရည်လည်လာလိမ့်မယ်”လို့ သူက ဟောကိန်းထုတ်လိုက်ပါတယ်။


ညနေခင်းအချိန် လုံမပျိုတစ်ယောက် ရေခပ်ဆင်းနေတဲ့ ဓာတ်ပုံပါ။ 

မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် စရောက်တုန်းက ဒီနိုင်ငံရဲ့ လူနေမှု ဘဝဟာ ကမ္ဘာကြီးနဲ့ အရမ်းကို ကင်းကွာပြီး သီးသန့် ဆန်နေခဲ့တယ်လို့ ခံစားမိတဲ့အကြောင်းလည်း ဟိသ်က ဆိုပါတယ်။


Post a Comment

0 Comments

Close Menu