Saturday, March 19, 2016

၁၆ ရာစု ဓည၀တီမင်းတို့၏ ခေါင်းဆောင်မှုကို လေ့လာခြင်း


Myanmar B2B Management Magazine

ရေးသူ-ဦးကျော်ကျော်လှိုင် (SMART)
‪#‎kyawkyawhlaing‬
၁၆ ရာစု ဒုတိယနှစ်ဆယ့်ငါးနှစ်အစဦးမှစ၍ တောင်ငူတွင် တပင် ရွှေထီး၊ ဟံသာဝတီတွင် သုရှင်တကာရွတ်ပိ၊ အင်းဝတွင် သိုဟန် ဘွား၊ ထိုနောက် အုန်းဘောင်ခုံမှိုင်းတို့ အသီးသီးအုပ်ချုပ်လျက်ရှိရာ အနောက်ဘက်ကမ်းရိုးတန်းဓည၀တီတွင် မင်းပါကြီးအုပ်ချုပ်လျက် ရှိသည်။ အိမ်နီးနားချင်းနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံတွင် ထိုအချိန် အခါက ဒေလီကိုဗဟိုပြု၍ မဟာမေဒင်မင်းတို့ စိုးမိုးလျက်ရှိကြသည်။
မင်းပါကြီးသည် ယခင်မင်းများလက်ထက်က မဟာမေဒင် တို့အားဆုံးရှုံးခဲ့ရသည့် ဘင်္ဂါ ၁၂ မြို့ကိုပြန်လည်ရယူလိုသည်နှင့် ၁၅၃၂ နိုဝင်ဘာလ၌ ကြည်းတပ်၊ ရေတပ်ပြင်ဆင်လျက် အိန္ဒိယ ဘက်သို့ချီတက်ကာ စစ်တကောင်း (Chittagong) နှင့် ဒါဂါမြို့ (Dacca) တို့ကိုသိမ်းယူသည်။ ဒါဂါမြို့ဝယ်တပ်ခွဲထားပြီး ဒေလီ မင်းထံ ဘင်္ဂါ ၁၂ မြို့ကို အသာအကြည်ပြန်လည်ပေးအပ်ရန်၊ ထိုသို့ ပေးအပ်လျှင် မောက်သူဇာ (Cox Bazaar) အထိသာသိမ်းယူမည်၊ စစ်ပြိုင်လျှင် ဒေလီအထိချီတက်လာမည်ဖြစ်ကြောင်းကို သ၀ဏ်လွှာ ပေးပို့သည်။ ဒေလီမင်းက ဘင်္ဂါ ၁၂ မြို့ကိုပြန်လည်ပေးအပ်ခဲ့၍ နောက်တစ်နှစ်မေလ၌ ပြန်ခဲ့သည်။
အိန္ဒိယပြည်ဂိုအာကမ်းခြေကိုသိမ်းယူထားသည့် ပေါ်တူဂီ တို့သည် ၁၅၃၇ ခု၌ နယ်မြေရလိုမှုဖြင့် ဓည၀တီကို လာရောက် တိုက်ခိုက်ကြရာ မင်းပါကြီး၏ရေကြောင်းစစ်သည်များက ၀ါးဖောင် ကြီးများဖွဲ့၍ ကောက်ရိုးများကို လူရုပ်ပြုလုပ်ကာယမ်းအိုးများမြှုပ် လျက် ပေါ်တူဂီသင်္ဘောများရှိရာသို့ ရေကျနှင့်မျှောလိုက်ကြသည်။ ပေါ်တူဂီတို့က စစ်ချီလာပြီအမှတ်နှင့် သေနတ်အမြောက်ပစ်ခတ် တိုက်ခိုက်ရာ ယမ်းအိုးများပေါက်ကွဲမီးလောင်ကုန်သဖြင့် ပေါ်တူဂီ သင်္ဘောများကိုမီးစွဲလောင်လေသည်။ မီးဘေးမှလွတ်သည့် ကျန် သင်္ဘောတို့က ပင်လယ်သို့ဆုတ်ခွာထွက်ပြေးကြရသည့်အခါ ဓည၀တီ ရေတပ်က လိုက်လံတိုက်ခိုက်ကြသဖြင့် ဖရိုဖရဲဖြစ်သွားပြီး အနိုင်နိုင် ရုန်းထွက်ကြရသည်
၁၅၄၁ ခု၌ တောင်ငူမှတပ်တို့က သံတွဲမြို့ကိုထိပါးလာရာ ရွပ်ရွပ်ချွံချွံခုခံသည်နှင့် ပြန်လည်ဆုတ်ခွာသွားကြောင်း ဓည၀တီ မှတ်တမ်းတို့တွင်ဆိုထားသည်။ ဆက်လက်၍ တပင်ရွှေထီး ကိုယ်တော်တိုင်ချီတက်လာပြီး တိုက်ခိုက်သော်လည်းမရရှိဘဲ မဟာ မိတ်ပြုလိုကြောင်းစကားဆိုသည်နှင့် မင်းပါကြီးကလက်ခံကြောင်း၊ မင်းပါကြီး၏အမတ် ပညာရှိမဟာပညာကျော်နှင့် စကားဆိုကြောင်း ဆိုထားသည်။ စာဟောင်းတို့တွင်ကား ၁၅၄၅ ခု၌ မင်းပါကြီး နတ်ရွာစံ၍ သားတော်တိက္ခာမင်းဆက်ခံသည့်အခါ သံတွဲစား မင်းအောင်လှက ဓည၀တီမင်းအားမကျိုးမနွံဘဲ ဟံသာဝတီ တပင် ရွှေထီးထံ စစ်ကူတောင်းသည်ဟုတွေ့ရသည်။ ထိုအခါ ဓည၀တီက သံတွဲကိုသိမ်းပိုက်လိုက်၍ တပင်ရွှေထီးကိုယ်တော်တိုင်ချီတက်၍ သံတွဲကိုအောင်မြင်သည့်အခါ ဓည၀တီမင်းက မဟာမိတ်ပြု လိုကြောင်း သံဃာလေးပါးကိုစေလွှတ်လာသည်ဟုဆိုသည်။ တပင် ရွှေထီးကလက်ခံ၍ ၁၅၄၆ ခုနှစ်၊ ဖေဖော်ဝါရီလ၌ နေပြည်တော်သို့ ပြန်သည်ဟုတွေ့ရသည်။ မည်သို့ဆိုစေကာမူ ဟံသာဝတီနှင့်ဓည၀တီ တို့မဟာမိတ်ဖြစ်ကြသည်မှာကား ထင်ရှားပါသည်။
မင်းပါကြီးရှိစဉ်က ရှစ်သောင်းစေတီတည်၍ သားတော် တိက္ခာမင်းက မြို့၏အရှေ့မြောက်ယွန်းတွင် ကိုးသောင်းစေတီတည် သဖြင့် ထိုဒေသ၀ယ် ယခုတိုင်အောင် “အဘရှစ်သောင်း၊ သားကိုး သောင်း” ဟုဆိုစမှတ်ပြုကြသည်။ ၁၅၅၆ ခုနှစ်၌ တိက္ခာမင်းကို သားတော်မင်းစောလှကနန်းဆက်ခံသည့်အခါ ဟံသာဝတီတွင် ဘုရင့်နောင်စိုးစံချိန်ဖြစ်သည်။ မင်းစောလှသည် မဟာမုနိ တန်ဆောင်းကြီးကိုအသစ်မွမ်းမံ၍ ၁၅၆၁ ခုနှစ်၌ ဒုက္ကသိန်နှင့်တကွ ကျောင်းတိုက်ကြီးများဆောက်လုပ်လှူဒါန်းသည်။ ဘုရင့်နောင် မင်းတရားကြီးသည် တပင်ရွှေထီးလက်ထက်က ဓည၀တီနှင့် မဟာမိတ်ပြုထားခြင်းကို ဆက်ခံထိန်းသိမ်းထားလိုသဖြင့် ဒုတိယ မြန်မာနိုင်ငံတော်တည်ထောင်ရာတွင် ဓည၀တီကိုချီတက်ခြင်း မပြု ခဲ့ဟန်တူသည်။
၁၅၇၁ ခုနှစ်၌ မင်းပါကြီး၏သားအထွေး မင်းဖလောင်း သည် ဓည၀တီတွင်နန်းတက်လာသည်။ ပတ်ဝန်းကျင်မြို့ရွာတို့က သစ္စာခံကြ၍ ဓည၀တီမှာငြိမ်းငြိမ်းချမ်းချမ်းရှိကာ စီးပွားရေးလည်း တိုးတက်မှုရှိလာသည်။ ဟံသာဝတီလက်အောက်ခံမော်ဖီက ပုန်ကန်၍ ဘုရင့်နောင်တပ်တို့နှိမ်နင်းရစဉ် ထိုမှလူအချို့သည် ပြည်၊ တောင်ငူသို့ဝင်ရောက်ခိုလှုံသည့်နည်းတူ ဓည၀တီသို့လည်း ခိုလှုံ လာကြသည်။ မင်းဖလောင်းသည် ဓည၀တီကိုအခိုင်အလုံပြု၍သာ နေပြီး သာသနာကိုသာဦးတည်ချီးမြှောက်ကာ စစ်မက်ခင်းကျင်း မှုကားမရှိခဲ့ချေ
မင်းဖလောင်းနတ်ရွာစံလျှင် ၁၅၉၃ ခုနှစ်၌ အိမ်ရှေ့မင်း သတိုးဓမ္မရာဇာသည် ခမည်းတော်အရိုက်အရာကိုဆက်ခံသည်။ ဘိသိက်ခံသည့်အခါ မင်းရာဇာဟူသောဘွဲ့ကိုခံယူသည်။ ထိုအချိန်၌ ဟံသာဝတီတွင် နန္ဒဘုရင်မှာ တန်ခိုးအာဏာလျော့ပါးလာချိန်ဖြစ် သည်။ ၁၅၉၅ ခု၌ မင်းရာဇာ၏ညီတော် စစ်တကောင်းစား ပုန်ကန် ခြားနား၍ မင်းရာဇာကနှိမ်နင်းပြီး ပညာရှိမဟာပညာကျော်အား စစ်တကောင်းကိုစားစေသည်။ မဟာပညာကျော်၏သား ကျီးညို အား ရောင်ဖြူမြို့ကိုလည်းကောင်း၊ သားတစ်ဦးဖြစ်သူ ဒီဃအား မောက်သူဇာမြို့ကို စားစေသည်။
၁၅၉၇ ခုနှစ်၌ တောင်ငူမင်းရဲကျော်ထင်သည် နောင်တော် ဟံသာဝတီမင်းကိုလုပ်ကြံလိုသဖြင့် မင်းရာဇာကြီးထံသို့ လက်ဆောင် ပဏ္ဏာများဖြင့် ကြည်တောင်စားနှင့် ကင်းသာစားတို့ကို သံစေလွှတ် စစ်ကူတောင်းလာသည်။ မင်းရာဇာကြီးက ““ဟံသာဝတီ ပြည်ကြီး သည် တိုင်းကားနိုင်ငံကျယ်၍ ဆင်မြင်းဗိုလ်ပါ များလှသည်။ မှူးကောင်းမတ်ကောင်းလည်းများသည်။ ယင်းတို့ကိုပင်လုပ်ကြံ၍ ဖြစ်နိုင်ချိမ့်မည်လော”” ဟုမိန့်လျှင် သံတို့က ““ဆင်ဖြူဆင်နီများသခင် ဘ၀ရှင်မင်းတရားကြီးဘုရား (ဘုရင့်နောင်ကိုဆိုလိုသည်) ရှိတော်မူ သည့်ကာလ တိုင်းနိုင်ငံကျယ်၍ မှူးကောင်းမတ်ကောင်း၊ ဆင်မြင်း၊ ဗိုလ်ပါများသည်မှန်၏။ ယခုသားတော်ဘုရားတွင် မင်းညီမင်းသား မင်းမျိုးမင်းမှူးမတ်သူရဲသူခက်တို့ကို မသိမ်းမဆည်း၊ မပေးမကမ်း၊ နည်းအောင်သာပြုလေ့ရှိတော်မူသောကြောင့် နိုင်ငံတော်တစ်ဝန်း တွင်ရှိသော တိုင်းကြီးပြည်ကြီး ထီးဆောင်းမင်းတကာတို့သည် ရိုင်းပျ၍ အသီးအသီးခြားနားကြလေသည်။ သားတော်အငယ် ပြည် ဘုရင်သတိုးဓမ္မရာဇာလည်း နောင်တော်တို့အပြုအမူကို ကြိုက်တော် မမူ၊ ဧရာဝတီမြစ်အနောက်ဘက်တွင်ရှိသော စကု၊ စလင်းပြည်ကြီး များကို သိမ်းယူခြားနားလေသည်။ ယခုလည်း ဦးရီးတော် တောင်ငူ ဘုရင်ရှိသော ဆင်ကြီး၊ မြင်းကြီး၊ သမီးတော်ကို သိမ်းယူမည့်အခြင်း အရာကိုပြုသောကြောင့် ဦးရီးတော်က အကြောင်းကိုကြားလာ ရသည်”” ဟုလျှောက်ကြသည်။
မင်းရာဇာကြီးက ““သည်အတိုင်းမှန်လျှင် ကိုယ်မချိသော် အမိသားကို ထားနိုင်မည်လော”” ဟုမိန့်ကာ အရေးစကားပြီးလျှင် မည်သည့်နေ့ရက်၌ချီလာမည်ဟု ရာဇသံတွင်မှာသည်။ ၁၅၉၇ ခုနှစ်၊ ဖေဖော်ဝါရီလ၌ မင်းရာဇာကြီး၏သားတော် မဟာဥပရာဇာ မင်းခမောင်းနှင့် စိန်တင်စားဥက္ကာပျံတို့သည် ကူရွပ်၊ သမ္ဗာန်၊ တိုက်လှေငါးရာကျော်နှင့် သန်လျင်သို့ချီလာကာ သန်လျင်မြို့ကို တိုက်ယူပြီး မြို့တွင်းဝင်ကာ အခိုင်အမာနေလေသည်။ ၁၅၉၇ ခုနှစ်၊ မတ်လ၌ တောင်ငူမှတပ်ခုနစ်တပ် ဟံသာဝတီသို့ချီ၍ ကောလိယ အရပ်တွင်တပ်တည်ကာ ဟံသာဝတီကိုရံသည်။ ၁၅၉၈ ခုနှစ် ဓည၀တီမှ မင်းရာဇာကြီးကိုယ်တိုင် ရေကြောင်းချီလာကာ ဟံသာဝတီမြို့၏ အနောက်ဘက်မှလည်းကောင်း၊ တောင်ငူမင်းက အရှေ့ဘက်မှလည်းကောင်း၊ တောင်ငူမင်း၏သားတော် နတ်သျှင်နောင်က မြောက်ဘက်မှလည်းကောင်း၊ မင်းခမောင်းက တောင်ဘက်မှလည်းကောင်း ၀န်းရံကြပြီး မြို့၏စားနပ်ရိက္ခာကို ပိတ်ဆို့ကြလေသည်။ မြို့တွင်းတွင် အစားအသောက်ရှားပါးလာ၍ မင်းဆွေမျိုးရိုးထင်ရှားသူတို့ တောင်ငူမင်း၏တပ်နှင့် မင်းရာဇာ ကြီးတပ်သို့ ၀င်ရောက်ခိုလှုံကြသည်။ ဟံသာဝတီဘုရင့်သားတော် မင်းရဲကျော်စွာလည်း ဟံသာဝတီတွင် သူရဲသူခက်အမှုထမ်း နည်း သွားသဖြင့် မြို့ပြကိုအခိုင်အမာပြု၍ခုခံသော်လည်း အစား အသောက်မရှိက အချည်းနှီးသာဟုအမှတ်ရှိသောကြောင့် တောင်ငူ မင်းထံသို့ ““စည်းစိမ်မပျက် အသက်ချမ်းသာပေးလျှင် အညံ့ခံပါမည်”” ဟု အထောက်တော်စေလွှတ်သည်။ တောင်ငူမင်းက ““အညံ့ခံဝင်ခဲ့ ငါ့သမီးနှင့်စုံဖက်၍ သူကောင်းပြုတော်မူမည်”” ဟူ၍မှာသည်။ ဟံသာဝတီမင်းနန္ဒဘုရင်လည်း မကြာမီ အညံ့ခံရသည်ကိုဖော်ပြခဲ့ ပြီးဖြစ်ပါသည်။
တောင်ငူမင်းသည် ဟံသာဝတီတစ်မြို့လုံးကိုရလျှင် မင်းရာဇာကြီးထံသို့ အထူးထူးသောပုဆိုးကောင်း၊ ခါသာ၊ မိုင်းလုံ ရွှေဖျင်၊ မုန့်၊ ယို၊ သနပ်များစွာကို လူသုံးထောင်အားကိုင်စေ၍ မင်းညီမင်းသား၊ မင်းမှူးမင်းမတ်အပေါင်းကြပ်မတ်စေလျက်ပို့သည်။ ထို့နောက် ဆင်ဖြူတစ်စီးနှင့် ဟံသာဝတီဘုရင့်သမီးတော် မင်းသမီး ခင်မနှောင်းကို မိဖုရားကြီးအဆောင်အယောင်နှင့်တကွ အထိန်း အချီးကတော် လေးယောက်၊ ကိုယ်လုပ်တော် သုံးကျိပ်ပေး၍ ဝေါနှင့် မင်းရာဇာကြီးထံဆက်သသည်။
ထိုအချိန်၌ အယုဒ္ဓယမင်းက ဟံသာဝတီကိုတိုက်မည်ဟု စစ်ချီလာကြောင်းကြားသိသော မင်းရာဇာကြီးသည် ဟံသာဝတီ ရွှေနန်းတော်ကစ၍ ကျောင်းကြီး၊ အိမ်ကြီး၊ ကျီကြီးရှိသမျှကို မီးတိုက်၍ မီးငြိမ်းလျှင် သံထည်ဟူသမျှကိုယူ၍ ဓည၀တီသို့ပို့သည်။ အနောက်ဘက်သို့သွားလိုသည့် ဘုန်းကြီးများကိုလည်း ရုပ်တု၊ ပိဋကတ်ကျမ်းဂန်တို့နှင့်တကွ လှေနှင့်ပို့သည်။ မင်းရာဇာက အလုံး အရင်းနှင့်တောမှနေ၍ အယုဒ္ဓယမင်းထံပို့သောရိက္ခာများကို ဆီးကြိုတိုက်သည်။ ရိက္ခာများ အယုဒ္ဓယမင်းထံမရောက်နိုင်၍ အယုဒ္ဓယ တပ်တို့ငတ်မွတ်ကုန်ကြရာ တစ်လကျော်ခန့်ရှိလျှင် ရိက္ခာပြတ်သည်နှင့် ၁၆၀၀ ပြည့်နှစ်၊ ဧပြီလတွင်း၌ အယုဒ္ဓယသို့ ပြန်လည်ဆုတ်ခွာသွားကြသည်။ ထိုအခါမှ မင်းရာဇာကြီးသည် ဓည၀တီသို့ပြန်ကာခင်မနှောင်းကိုဘိသိက်သွန်း၍ မိဖုရား မြှောက်ကာ ဒိုင်းစု၊ သင်းစု၊ မြင်းစု များစွာပေးသည်။
ထိုအခါမှစ၍ တောင်ငူမင်းက ဓည၀တီမင်းအားတူတော်၊ ဓည၀တီမင်းက တောင်ငူမင်းအား ဦးရီးတော်ဟူသောအခေါ်အဝေါ် ပြုကြသည်။ နောင်အခါ မင်းနှစ်ပါးစေလွှတ်သည့် သံတမန်တို့အား လမ်းခရီးတွင်ရှိသည့် လူဆိုးလူသွမ်းတို့က လုယက်ကြသည်ကိုကြား သိလျှင် ဓည၀တီမင်းက လူသုံးရာကျော်ခန့်ကို လက်နက်ကိရိယာ ဖြင့်တပ်ဆင်ပေးလျက် တောင်ငူမင်းထံ “ကေတုမတီနှင့် ဓည၀တီ ကြားတွင် လူပြေး၊ လူပုန်းတို့ဖျက်ဆီးလုယူသောကြောင့် သံတမန်၊ အစေအပါးမရောက်နိုင်ရှိရသည်။ ကျွန်ုပ်က အလုံးအရင်းနှင့် သန်လျင်မြို့တွင်နေမှ နှစ်ပြည်ထောင် သံတမန်အရောက်အပေါက် လွယ်၍ ရွှေတစ်ပြားတည်းကဲ့သို့ဖြစ်မည်” စာပို့သည်။ တောင်ငူမင်း ကလည်း သန်လျင်တွင်အခိုင်အလုံနေမှ သံတမန်အရောင်းအ၀ယ် သွားလာသာမည်အကြံတော်ရှိ၍ ““တူတော်က အလုံးအရင်းနှင့် သန်လျင်တွင်နေစေ”” ဟုမှာသည်။
မင်းရာဇာကြီးက ပေါ်တူဂီ ဘရင်ဂျီ ငဇင်ကာကို သင်္ဘော သုံးစင်း၊ လွန်းကြင်လှေတစ်ရာကျော်၊ လူနှစ်ထောင်ခန့်နှင့် သန်လျင် တွင် အခိုင်အမာနေစေသည်။ ငဇင်ကာသည် တောင်ငူမင်းနှင့် ဓည၀တီမင်းတို့အား လက်ဆောင်မပြတ်ဆက်သပြီး မုတ္တမစား ဗညားဒလနှင့်လည်းအရောင်းအ၀ယ်ပြုကာ လက်ဆောင်ပဏ္ဏာ ပို့ဆက်၍ အဆွေခင်ပွန်းဖွဲ့သည်။ ဗညားဒလ၏သား ဗညားနွယ်အား မိမိ၏ သမီးနှင့်ထိမ်းမြားလျက် ခမည်းခမက်ဖွဲ့ကြသည်။ ၁၆၀၃ ခုနှစ်၌ တောင်ငူကိုရော ဓည၀တီကိုပါ မကျိုးမနွံပြု၍ လက်ဆောင် မဆက်ဘဲနေရုံမက ထိုနှစ်ပြည်အရောင်းအ၀ယ်ပြုသူတို့အား လမ်း ခရီးမှနေ၍ ချုပ်ထားလေသည်။
ထိုအကြောင်းများကြောင့် ဓည၀တီမှတပ်များ၊ တောင်ငူမှ တပ်များ သန်လျင်ကိုတိုက်ရန်ချီတက်လာကြသည်။ ဓည၀တီတပ်ကို ဥပရာဇာကိုယ်တိုင်ဦးဆောင်လာသည်။ ငဇင်ကာလည်း ဂိုအာသို့ ထွက်ပြေးမည့်အကြံနှင့် မန်အလွဲအရပ်သို့သင်္ဘောများနှင့်ထွက် လာပြီး မပြေးသာသည်နှင့် ကျောက်ဆူးချ၍ ပြောင်းသေနတ်တို့ဖြင့် ခုခံသည်။ တောင်ငူတပ်များ မကော်အရပ်သို့ရောက်ပြီး သန်လျင်သို့ မရောက်လာမီ ဓည၀တီဥပရာဇာတပ်ပျက်၍ ဥပရာဇာကို ငဇင်ကာ ရသွားသည်။ မင်းရာဇာကြီးလည်း သားတော်ကို ရန်သူရသွားကြောင်း ကြားသိလျှင် တိုက်လှေသုံးရာကျော်နှင့် ကိုယ်တော်တိုင်ချီလာကာ တောင်ငူအိမ်ရှေ့မင်းနှင့်ပေါင်းစည်းကာ သန်လျင်ကိုဝန်းရံသည်။ ငဇင်ကာက အလျှော့မပေးဘဲ မြို့ကိုသာအခိုင်အမာပြု၍နေသည်။ အချိန်ကြာမြင့်စွာဝန်းရံသော်လည်း အညံ့မခံဘဲ ကြံ့ကြံ့ခံနေသဖြင့် ဥပရာဇာကိုပေးအပ်ရန်တောင်းခံသည်။ ငဇင်ကာက ““မလေးမစား ငါတို့ကျွန်ဟူ၍မဆိုနှင့်၊ ပြည်ထောင်ချင်းမင်းဟူ၍ဆို၊ ယင်းသို့ဆိုမှ ဥပရာဇာကိုငါပေးမည်”” ဟူ၍တုံ့ပြန်သည်။ ဓည၀တီမင်းနှင့် တောင်ငူအိမ်ရှေ့မင်းတို့လည်း ငဇင်ကာသည် မုတ္တမဗညားဒလနှင့် ခမည်းခမက်ဖြစ်ကြသောကြောင့် ဤမျှတင်းမာနေသည်ကို သိကြ သော်လည်း ငဇင်ကာအလိုကိုလိုက်ရသည်။ အရေးစကားပြောပြီး နောက် ““နောက်နောင် သန်လျင်မြို့ကိုမလုပ်ကြံပြီ”” ဟု မင်းနှစ်ပါး ကတိပြုမှ ငဇင်ကာက ဥပရာဇာကိုပို့လာသည်။ ဥပရာဇာကိုရလျှင် မင်းနှစ်ပါးလည်း လက်ဆောင်လဲလှယ်ကာ မိမိတို့ပြည်ထောင် မိမိတို့ပြန်ကြရသည်။
နောက်ပိုင်း၌ ငဇင်ကာသည် ပုသိမ်သင်္ဘောဆိပ်၊ ဒလ သင်္ဘောဆိပ်တို့ကိုပါ လက်ဝါးကြီးအုပ်၍ အရောင်းအ၀ယ်ကို ထိန်းချုပ်ထားရုံမက စေတီပုထိုးတို့၏ဋ္ဌာပနာကိုဖောက်ကြောင်း ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ မင်းရာဇာကြီးမှာ သားတော်အား ငဲ့ကွက်၍ ငဇင်ကာအားအလျှော့ပေးခဲ့ရပြီးနောက် ၁၆၀၅ ခုနှစ်၌ သားတော်မင်းခမောင်းသည် သံတွဲမှနေ၍ ပုန်ကန်သည်နှင့် တွေ့ကြုံရသည်။ မင်းရာဇာကြီးက တပ်များနှင့်နှိမ်နင်းပြီး သားတော်အား အပြစ်ပေးမည့်ဆဲဆဲ၌ ကွယ်လွန်သွားပြီဖြစ်သည့် မဟာပညာကျော်၏သား ပညာဝံသအမတ်က တောင်းပန်သဖြင့် အသက်ဘေးမှချမ်းသာခွင့်ပေးလိုက်သည်။ မင်းရာဇာကြီးသည် မြောက်ဦးမြို့တော် အနောက်ဘက်၊ ရွှေဆည်ဝကမ်းထိပ်အနီးမှ ရရှိသည့်ဆင်းတုတော်ကို ထိုနေရာတွင်ပင် မဟာရံတံတိုင်းနှင့်တကွ သိမ်ကျောင်းဆောက်လုပ်ကိုးကွယ်တည်ထားသည်။ သီဟိုဠ်ကျွန်းနှင့် လည်း မဟာမိတ်ဖွဲ့ခဲ့သည်။ နောင်အခါ အင်းဝတွင်စိုးစံသည့် ဓမ္မရာဇာနှင့် သံခင်းတမန်ခင်းဆောင်ရွက်ခဲ့ကြောင်းကို ထိုအကြောင်းတွင်ဆိုပါမည်။ ၁၆၁၂ ခုနှစ်၌ မင်းရာဇာကြီး နတ်ရွာ စံ၍ သားတော်မင်းခမောင်းက နရာဓိပတိဝရဓမ္မရာဇာ ဘွဲ့ခံလျက် နန်းတက်ပါသည်။

ဓည၀တီမင်းတို့၏ ခေါင်းဆောင်မှုစွမ်းရည်ကိုလေ့လာခြင်း
၁။ မင်းပါကြီးသည် ယခင်ဓည၀တီမင်းများ ဆုံးရှုံးခဲ့ရသည့် နယ်ပယ်များကို ပြန်ရအောင်စွမ်းဆောင်နိုင်သူဖြစ်၍ လက်ရုံးရည်နှလုံးရည်ပြည့်စုံသော ခေါင်းဆောင်တစ်ဦး ဖြစ်ပါသည်။
၂။ မင်းပါကြီးနှင့်မင်းပါကြီး၏သားတော် တိက္ခာမင်းတို့သည် တပင်ရွှေထီးမှစ၍ ဘုရင့်နောင်မင်းတရားကြီးတိုင်အောင် မဟာမိတ်ပြုနိုင်ခဲ့ကြပါသည်။ ဓည၀တီနှင့် တောင်ငူ မဟာမိတ်ခိုင်မြဲအောင်စွမ်းဆောင်နိုင်ခဲ့သည့်မင်းပါကြီးနှင့် မင်းပါကြီး၏သားတော် တိက္ခာမင်းတို့၏ အမြော်အမြင် ကြီးမှုကိုလေးစားမိပါသည်။
၃။ မင်းပါကြီး၏သားအထွေး မင်းဖလောင်းသည် စစ်ခင်း ခြင်းမပြု၊ သာသနာကိုသာဦးတည်ချီးမြှောက်ကာ ဓည၀တီ ကို အခိုင်အလုံပြု၍နေသည်ကိုကြည့်လျှင် သာမန်မင်း တစ်ပါးဟုသာ ထင်စရာရှိပါသည်။ စာရေးသူကတော့ မိမိအားသာချက်၊ အားနည်းချက်ကိုသိသော ခေါင်းဆောင် တစ်ယောက်ဟုချီးမွမ်းလိုပါသည်။ စစ်မက်မခင်း၍လည်း မင်းဖလောင်းလက်ထက်တွင် ဓည၀တီသည် အေးအေး ချမ်းချမ်းဖြင့် စီးပွားရေးတိုးတက်ခဲ့ခြင်းဖြစ်သည်။
၎။ မင်းရာဇာကြီးမှာ အခွင့်အရေးကို မြင်တတ်သူ၊ အသုံးချ တတ်သူအဖြစ်မှတ်သားမိပါသည်။ သို့ရာတွင် ဟံသာဝတီ ကိုမီးတိုက်ခြင်း၊ ပေါ်တူကီငဇင်ကာကို နေရာပေးခဲ့ခြင်းတို့ သည် သမိုင်းတွင် အစွန်းအထင်းဖြင့် ကျန်ခဲ့သည်မှာတော့ ၀မ်းနည်းဖွယ်ရာဖြစ်ပါသည်။

ကျမ်းကိုးစာရင်း
၁။ မှန်နန်းမဟာရာဇ၀င်တော်ကြီး
၂။ ရခိုင်ရာဇ၀င် (ဦးအောင်သာဦး)
၃။ The land of the Great Image (Maurice Collis)
၎။ မြန်မာမင်းများအရေးတော်ပုံ ၆စောင်တွဲ
၅။ ရခိုင်ရာဇ၀င်သစ်ကျမ်း (ဒုတိယတွဲ) (စန္ဒမာလာလင်္ကာရ)
၆။ Arakan History (Abu Aaneen)

0 comments:

Post a Comment