Ad Code

Responsive Advertisement

လိပ်ကျွန်းအမှု မြန်မာနှစ်ဦးလွတ်မြောက်ရေး ထိုင်းဘုရင်ထံ မြန်မာတစ်သိန်း နီးပါး လက်မှတ်ရေးထိုးတောင်းဆို


ရန်ကုန်၊ မတ်၎
ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုတွင် သေဒဏ်ချမှတ်ခံရသည့် မြန်မာနှစ်ဦး လွတ်မြောက်ရေးအတွက် မြန်မာတစ်သိန်းနီးပါးလက်မှတ်ရေးထိုး တောင်းဆိုထားသည့် တောင်းဆိုစာကို ထိုင်းသံရုံးမှတစ်ဆင့် ထိုင်းဘုရင်မင်းမြတ်ထံ သို့ ပေးပို့လိုက်ပြီဖြစ်ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံးထံမှ သိရသည်။
မြန်မာနှစ်ဦးလွတ်မြောက်ရေး၊ တရားမျှတမှုကိုဖော်ဆောင်ရေးတို့အတွက် ယင်းသို့တောင်းဆိုရခြင်းဖြစ်ပြီး မြန်မာပြည်သူ ၉၇,၀၀၀ကျော် လက်မှတ်ရေး ထိုးထားသည့်တောင်းဆိုစာများကို မတ်လ၄ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးသို့ သွားရောက်ပေးပို့လိုက်ပြီဖြစ်ကြောင်း အဆိုပါအဖွဲ့မှ အဆိုပါအစည်းအရုံး၏လူ့အခွင့်အရေးတာဝန်ခံ ကိုတင်ဦးကပြောကြားသည်။
လက်မှတ်ရေးထိုးထားသည့် မူရင်းစာရွက်များကို ထိုင်းဘုရင်မင်းမြတ်ထံ သို့ပေးပို့ရန်၊ မိတ္တူကို ထိုင်းဝန်ကြီးချုပ်ထံပေးပို့ပေးရန်ဖြစ်ပြီး ထိုင်းသံရုံးသို့ အပ်နှံခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
“Counsellor ကလက်ခံပါတယ်။ ထိုင်းဘုရင်နဲ့အစိုးရဆီကိ မဖြစ်ဖြစ်အောင် ပို့ပေးမယ်။ ဒီရက်ပိုင်းအတွင်းမှာပို့ပေးမယ်လို့ ကတိပေးပါတယ်” ဟု ကိုတင်ဦးကပြောဆိုသည်။
လက်မှတ်များကို ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၅မြို့နယ်၊ ရန်ကုန်တိုင်းဒေသ ကြီးနှင့် ထိုင်းနယ်စပ်တို့တွင်ကောက်ယူခဲ့ခြင်းဖြစ်ပြီး မြန်မာ၉၇,၀၃၇ဦး လက်မှတ်ရေးထိုးခဲ့ကြကြောင်း ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်
လူငယ်များအစည်းအရုံးထံမှသိရှိရသည်။
“ပြည်သူကိုးသောင်းကျော်က ဒီစီရင်ချက်ကိုလက်မခံဘူးဆိုတာ သူတို့ ဆီရောက်သွားမယ်။ ပြန်လည်သုံးသပ်တဲ့နေရာမှာ၊ အယူခံဝင်တဲ့နေရာမှာ အကျိုးသက်ရောက်မှု တစ်စုံတစ်ရာရှိနိုင်မယ်လို့ ယုံကြည်ပြီးတော့ပို့ပေးတာပါ” ဟု ကိုတင်ဦးကပြောကြားသည်။
လက်မှတ်ကောက်ယူမှုကို ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်များ အစည်းအရုံး၊ ရခိုင်အမျိုးသမီးအစည်းအရုံး၊ ရခိုင်အမျိုးသမီးများကွန်ရက်၊ ရခိုင်မျိုးဆက်သစ်အဖွဲ့၊ တက္ကသိုလ်ရခိုင်လူငယ်များအသင်း၊ ရခိုင်ကျောင်းသား သမဂ္ဂ-ဒဂုံတက္ကသိုလ်(ရန်ကုန်) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
လိပ်ကျွန်းတွင် ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနှင့်ပတ်သက်၍ မြန် မာနှစ်ဦးကို ပြစ်မှုပုဒ်မ ၇ခုဖြင့်တရားစွဲဆိုကာ ပြီးခဲ့သည့် ဒီဇင်ဘာ လ၂၄ရက်နေ့တွင် ကော့စမွေတရားရုံးကသေဒဏ်ချမှတ်ခဲ့သည်။
ယင်းပြစ်ဒဏ်ကို အယူခံဝင်ရန် ထိုင်းရှေ့နေများကောင်စီက ပြင်ဆင်နေပြီး လာမည့်မတ်လ ၂၄ရက်နေ့ နောက်ဆုံးထားအယူခံဝင်ရမည်ဖြစ်သည်။

Ref:https://www.facebook.com/thevoiceweekly/?fref=nf

Post a Comment

0 Comments

Close Menu