Ad Code

Responsive Advertisement

မြစ်ဆုံလျော်ကြေးကိစ္စ အစိုးရသစ်ကို ကူညီရန် မြန်မာစီးပွားရေးလုပ်ငန်းရှင်များ ဆုံးဖြတ်


မြစ်ဆုံလျော်ကြေးကိစ္စ အစိုးရသစ်ကို ကူညီရန် မြန်မာစီးပွားရေးလုပ်ငန်းရှင်များ ဆုံးဖြတ်
=====================================================

၇။ ဧပြီ

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ဖြေရှင်းရမယ့် ပုစ္ဆာတွေထဲကမှ အင်မတန်ဖြေရှင်းရ ခက်မည့် ပုစ္ဆာတစ်ခုဖြစ်သော ယခင်အစိုးရလက်ထက်က မြွေမသေတုတ်မကျိုးကျန်နေခဲ့သည့် မြစ်ဆုံရေကာတာ စီမံကိန်း ကိစ္စကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီ မြန်မာနိုင်ငံသို့ လာရောက်စဉ်က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီက မိမိတို့၏ မြစ်ဆုံစီမံကိန်းကို ရပ်တန့်လိုပါက အမေရိကန်ဒေါ်လာ သန်းပေါင်း (၆၃၀၀) ကို မြန်မာနိုင်ငံဘက်မှ လျောကြေးပေးရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ကို Real Religion News သတင်းထောက် စိုင်းခွန်ဆာ က ရယူခဲ့သည်။ ဆက်လက်၍ ယနေ့ မွန်းလွဲ (၁း၃၀) နာရီတွင် ရန်ကုန်မြို့ပြည်လမ်းပေါ်ရှိ Novotal ဟိုတယ်၌ ပြုလုပ်ခဲ့သည့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်ကြီးများ၏ တွေ့ဆုံမှုသည် မြန်မာနိုင်ငံ၏ အသက်သွေးကြော ဧရာဝတီမြစ်ကို ထိခိုက်စေမည့် မြစ်ဆုံစီမံကိန်းအတွက် လျော်ကြေးငွေကိစ္စနှင့် ပတ်သက်၍လည်း ဆွေးနွေးသွားခဲ့ကြောင်း သတင်းထောက် စိုင်းခွန်ဆာ က ဆိုသည်။

မြန်မာ့စီးပွားရေးလုပ်ငန်းရှင်ကြီးများ တွေ့ဆုံပွဲ၌ ဇေကမ္ဘာကုမ္ပဏီလီမိတက်မှ ဒေါက်တာဦးခင်ရွှေ၊ မက်စ်မြန်မာကုမ္ပဏီလီမိတက်မှ ဦးဇော်ဇော်၊ ထူးကုမ္ပဏီလီမိတက်မှ ဦးတေဇ၊ အေရှာဝေါလ်ကုမ္ပဏီလီမိတက်မှ ဦးလောစစ်ဟန်၏သား စတီဖင်လော၊ CB ဘဏ် ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ SPA ဂရုပ်မှ Serge Pun၊ ကမ္ဘောဇဘဏ်ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း၊ Myanmar Lighting ကုမ္ပဏီလီမိတက်မှ ဦးစိန်ဝမ်၊ နိုင်ဂရုပ်ဆောက်လုပ်ရေးမှ ဦးဇော်နိုင်ဦး၊ ရှိုင်းဆောက်လုပ်ရေးမှ ဦးအောင်ဇော်ဝင်း (USDP - မောင်တော)၊ ECO Asia (United Living Mall) မှ ဦးသန်းကြွယ်၊ Asia Winner လီမိတက်မှ ဦးအောင်နိုင် စသည် ဒိတ်ဒိတ်ကြဲ လုပ်ငန်းရှင်ကြီးများက တက်ရောက်ခဲ့ပြီး မြစ်ဆုံလျော်ကြေးနှင့် ပတ်သက်၍ ၎င်းတို့၏ ပုဂ္ဂလအမြင်များကို တင်ပြသွားခဲ့သည်။

ဇေကမ္ဘာဒေါက်တာခင်ရွှေက “ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ ယခင်စစ်အစိုးရ၊ စစ်ဝတ်စုံချွတ်အစိုးရလက်ထက်မှာရော အခုပြည်သူ့အစိုးရလက်ထက်မှာပါ တိုင်းပြည်အကျိုးကို တစ်ထောင့်တစ်နေရာကနေ ထမ်းရွက်သယ်ပိုးဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့ လုပ်ငန်းရှင်တွေအနေနဲ့ မြစ်ဆုံစီမံကိန်းလျော်ကြေးအတွက် ကူညီနိုင်သော ငွေပမာနကို ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြသွားပါမယ်” ဟု ပြောသည်။

ထူးကုမ္ပဏီလီမိတက်မှ ဦးတေဇကလည်း “ကျွန်တော့်အနေနဲ့ ဒီမြေမှာမွေး၊ ဒီမြေမှာကြီး၊ ဒီရေကိုသောက်သူတစ်ယောက် ဖြစ်တာကြောင့် ဒီနိုင်ငံရဲ့ အကောင်းအဆိုးကိစ္စတိုင်းဟာ ဘယ်အစိုးရအသုံးမကျသည်ဖြစ်ပါစေ၊ ကျွန်တော်နှင့် သက်ဆိုင်သလို ခံစားရပါတယ်။ ဒါကြောင့် မြစ်ဆုံ စီမံကိန်းလျော်ကြေးအတွက် ကျွန်တော်ပိုင် ပျံသန်းပြေးဆွဲလျက်ရှိသော လေယာဉ်တချို့ကို ရောင်းချပြီး ကူညီသွားပါမယ်” ဟု အားတက်သရောပြောကြားလိုက်သည်။

ဆက်လက်၍ မက်စ်မြန်မာ ဦးဇော်ဇော်က “ရှေ့က ကျွန်တော့်လုပ်ဖော်ကိုင်ဖက်တွေပြောသွားသလိုပါ၊ ဘယ်အစိုးရအသုံးမကျကျ၊ ဒီနိုင်ငံရဲ့အရေးကိစ္စက ကျွန်တော့်ကိစ္စပါ။ နိုင်ငံသူနိုင်ငံသားတိုင်း ပျော်ရွှင်စေချင်တာ ဟိုအရင်ကတည်းက ကျွန်တော့်ဆန္ဒပါ။ ဒါကြောင့်လည်း မြန်မာဘောလုံးအသင်းကို ကျွန်တော်ပိုင် ငွေကြေးတွေနဲ့ မြေတောင်မြှောက်ပေးခဲ့တာပါ။ အခုလည်း ကျွန်တော်တစ်ဦးတည်းပိုင်တဲ့ ဧရာဝတီဘဏ်တစ်ခုလုံးကို ရောင်းချပြီး နိုင်ငံတော်အတွက် ပေးဆပ်သွားပါမယ်” ဟု ကတိသစ္စာပြုလိုက်သည်။

နိုင်ဂရုပ်ဆောက်လုပ်ရေးမှ ဦးဇော်နိုင်ဦးကတော့ “ကျွန်တော်တို့ကတော့ ရှင်းတယ်။ မြန်မာပြည်ကိုချစ်တယ်၊ မြန်မာစကားကိုမြတ်နိုးတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ကို သူရဦးအောင်ကိုက ဧည့်နိုင်ငံသားတွေလို့ ပြောသွားတယ်။ ဒါကို အခဲမကျေဘူး၊ သဘောမကျဘူး၊ စိတ်ဆိုးတယ်။ ဒါပေမဲ့ ကျွန်တော်တတ်နိုင်တဲ့ဘက် ဆောက်ထားတဲ့တိုက်က ရောင်းရငွေ သိန်း ၃၀၀၀ လောက်တော့ ကူညီပေးသွားမယ်” ဟု ပြောသည်။

ရှိုင်းဆောက်လုပ်ရေးမှ ဦးအောင်ဇော်ဝင်း (USDP - မောင်တော) ကတော့ အခုလိုပြောပါတယ်။

“ဦးဇော်နိုင်ဦးပြောသွားသလိုပါပဲ။ ကျွန်တော်တို့ကို ဧည့်သည်လို့သတ်မှတ်တယ်။ ဒါကိုစိတ်နာတယ်။ ဒါပေမဲ့ တစ်ဖက်က ပြန်ကြည့်တော့ ဒီနိုင်ငံပေါ်မှာ လုပ်စားခဲ့ရင်းပဲ ကျွန်တော်တို့ ချမ်းသာခဲ့တာလေ။ ဒါကြောင့် ကျွန်တော်ပိုင် Hotel Esperado Yangon ကို တရုတ်လုပ်ငန်းရှင်တစ်ဦးဆီကိုရောင်းချပြီး လျော်ကြေးငွေမတည်ပေးသွားပါမယ်”

Asia (United Living Mall) မှ ဦးသန်းကြွယ်က “ကျွန်တော်ပိုင် Day To Day ရှော့ပင်းစင်တာကို KFC က ၀ယ်ယူဖို့ ကမ်းလှမ်းထားတာရှိပါတယ်။ ရောင်းချသွားပါမယ်။ ရတဲ့ငွေတွေ လှူဒါန်းသွားပါမယ်” ဟု ပြောလိုက်သည်။

ထို့နောက် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်ကြီးများက နိုင်ငံတော်သီချင်း ကမ္ဘာမကြေကို သံပြိုင်ဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

ဤသတင်းကို ရန်ကုန်အခြေစိုက် Real Religion News သတင်းထောက် စိုင်းခွန်ဆာက ပေးပို့သည်။

‪#‎မောင်ကာဠူး‬


Post a Comment

0 Comments

Close Menu