Ad Code

Responsive Advertisement

Don't wait for tomorrow to enjoy your life...


အောင်မြင်နေတဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ဦးဟာ နွေရာသီ အားလပ်ရက်မှာ ကမ်းခြေတစ်နေရာမှာရှိတဲ့ သူ့ရဲ့ အပန်းဖြေ အိမ်ကလေးကို သွားရောက် လည်ပတ်ခဲ့တယ်... သူ့နေရာက ဆင်းရဲသား တံငါသည်မိသားစု နေထိုင်တဲ့ တဲအိမ်ငယ်လေးနဲ့ မလှမ်းမကမ်းမှာ ရှိနေတယ်... မနက်ပိုင်း ဖမ်းလို့ရတဲ့ ငါးတွေကို မွန်းလွဲပိုင်း ဈေးထဲမှာ ရောင်းချနေတဲ့ တံငါသည်ကို သူ နေ့စဉ် စောင့်ကြည့်ခဲ့တယ်... တံငါသည်ဟာ ငါးတွေ ရောင်းချပြီးတဲ့အခါ သစ်ပင်အောက်မှာ ဇနီးဖြစ်သူနဲ့အတူ ရေနွေးခြမ်း ထိုင်သောက်ရင်း သဲသောင်ပြင်မှာ ပျှော်ရွှင်စွာ ကစားနေကြတဲ့ သူတို့ရဲ့ ကလေးတွေကို ကြည့်ပြီး ပီတိဖြစ်နေကြတယ်... 

ဒီတံငါသည်ဟာ နေ့တိုင်းလိုလို သစ်ပင်အရိပ်အောက်မှာ မိသားစုနဲ့အတူ ရေနွေးထိုင်သောက်ရင်း သူ့ရဲ့ နေ့တစ်ဝက်တာ အချိန်ကို ကုန်ဆုံးစေခဲ့တယ်... ဒါကို သိချင်နေတဲ့ လုပ်ငန်းရှင်က တံငါသည်အနားကို ကပ်ပြီး... "နေ့တစ်ဝက်လုံးလုံး အလုပ်မလုပ်ပဲနဲ့ သစ်ပင်အောက်မှာ ဘာဖြစ်လို့ အခုလို အချိန်ထိုင်ဖြုန်းနေတာလဲ..." လို့ မေးလိုက်တယ်... ဆင်းရဲသား တံငါသည်က သူ့အနေနဲ့ ယနေ့အတွက် ငါးဖမ်းတာဟာ လုံးလောက်သွားပြီ ဆိုတဲ့အကြောင်း ပြန်ဖြေလိုက်တယ်... ဒီအခါ လုပ်ငန်းရှင်က ဒီတံငါသည်ကိုတော့ အကြံဉာဏ်ပေးမှ ဖြစ်မယ်လို့ ယူဆလိုက်ပြီး... "ခင်ဗျားအနေနဲ့ အခုလို ဒီသစ်ပင်အောက်မှာ ထိုင်ပြီး အချိန်ဖြုန်းနေမယ့်အစား ငါးတွေ များများပိုရအောင် မဖမ်းချင်ဘူးလား?..." လို့ ဆိုပြီး မေးလိုက်တယ်... 

တံငါသည်... "ကျုပ်က ငါးတွေ အများကြီး ဖမ်းပြီးတော့ ဘာလုပ်ရမှာလဲ?..."

လုပ်ငန်းရှင်... "ခင်ဗျား ငါးတွေ အများကြီး ရမယ်ဗျာ... ရောင်းမယ်... ၀င်ငွေ ပိုရမယ်... ပြီတော့ ငါးဖမ်းလှေ အကြီးကြီး ၀ယ်လို့ ရတာပေါ့..."

တံငါသည်... "အဲဒီနောက် ကျုပ်က ဘာလုပ်ရမှာလဲ?..."

လုပ်ငန်းရှင်... "ရေနက်ပိုင်းတွေအထိ သွားပြီး ငါးတွေ အများကြီး ဖမ်းလို့ရမယ်... ၀င်ငွေလည်း ပိုပြီးတော့ တိုးလာမှာပေါ့ဗျာ..."

တံငါသည်... "အဲဒီနောက် ကျုပ်က ဘာလုပ်ရမှာလဲ?..."

လုပ်ငန်းရှင်... "ငါးဖမ်းလှေကြီးတွေ အများကြီး ၀ယ်လို့ရမယ်... ခင်ဗျားရဲ့ ဦးဆောင်မှုအောက်မှာ အလုပ်သမားတွေ အများကြီးကို အလုပ်ပေးလို့ရမယ်... ၀င်ငွေတွေလည်း တိုးသထက် တိုးလာမှာပေါ့ဗျာ..."

တံငါသည်... "အဲဒီနောက် ကျုပ်က ဘာလုပ်ရမှာလဲ?..."

လုပ်ငန်းရှင်... "ဒါဆိုရင် ခင်ဗျားလည်း ကျုပ်လို အောင်မြင်တဲ့ လုပ်ငန်းရှင်တစ်ဦး ဖြစ်လာမှာပေါ့..."

တံငါသည်... "အဲဒီနောက် ကျုပ်က ဘာလုပ်ရမှာလဲ?..."

လုပ်ငန်းရှင်... "အဲဒီနောက် ခင်ဗျားလည်း အေးချမ်းပျှော်ရွှင်တဲ့ ဘ၀တစ်ခုကို ပိုင်ဆိုင်ပြီပေါ့ဗျား...."

တံငါသည်... "ကျုပ်ကရော အခုဘာလုပ်နေတယ်လို့ ခင်ဗျားက ထင်လို့လဲ?....။"

(အေးချမ်းပျှော်ရွှင်တဲ့ ဘ၀တစ်ခု ပိုင်ဆိုင်ဖို့အတွက် မနက်ဖြန်အထိ စောင့်ဆိုင်းစရာ မလိုအပ်သလို... ချမ်းသာကြွယ်ဝမှုတွေ၊ ရာထူး စည်းစိမ်တွေလည်း မလိုအပ်ပါဘူး... ဘ၀ဆိုတဲ့ အချိန်ဟာ အလွန်တိုတောင်းပါတယ်... ပျှော်ရွှင်အေးချမ်းတဲ့ ဘ၀ကို ယခုကတည်းက အပြည့်အ၀ ခံစားလိုက်ပါ...)

As some great men have said "My riches consist not in the extent of my possessions but in the fewness of my wants."

ကိုမျိုး
ref:wittycracks
-------------------------------------- 
လွမ်းမပြေ သုတရပ်ဝန်း(lwanmapyay.blogspot.comFacebook Page Twitter Google+

Post a Comment

0 Comments

Close Menu