Ad Code

Responsive Advertisement

သတို့သား သတို့သမီးအပါအဝင် မင်္ဂလာပွဲလာသည့် ဧည့်သည်အများစု မုန့်ဟင်းခါးစားသုံးရာမှ အစာအဆိပ်သင့်


ဘုတလင်၊ဇွန်-၂၅

ဘုတလင်မြို့နယ်၊ ကျွန်းချောင်းကျေးရွာ မင်္ဂလာပွဲတစ်ခုတွင် ကျွေးမွေး ဧည့်ခံသည့် မုန့်ဟင်းခါးစားသုံးရာကတဆင့် သတိုးသား၊ သတိုးသမီးအပါအဝင် ဧည့်ခံပွဲလာ ဧည့်သည်(၇၀)ဦး ထက်မနည်း အစာ အဆိပ်သင့်မှု ဖြစ်ပွားသည်။

"မုန့်ဟင်းခါးစားပြီးဖြစ်တာလို့ သိရတယ်၊ အရမ်းဆိုးဆိုးဝါးဝါးကြီးတော့ မဟုတ်ပါဘူး၊ အသက်အန္တရာယ် အထိတော့ မစိုးရိမ်ရပါဘူး" ဟု ဘုတလင်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းသန်းဌေး က ချင်းတွင်းဂေဇက်ကို ပြောသည်။


ယနေ့ ဇွန်လ(၂၅)ရက်က ပြုလုပ်သည့် မင်္ဂလာပွဲမှ ကျွေးမွေးဧည့်ခံသည့် မုန့်ဟင်းခါးများစားသုံးရာက (၃)နာရီခန့်အကြာတွင် အော့အန်ခြင်း၊ ဝမ်းသွားခြင်းများ ဖြစ်ပွားပြီးဘုတလင်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရသည်။

"မုန့်ဖတ်တွေ ယူလာကတည်းက မုန့်ဖတ်တွေက အိနေတာတွေ၊ အရည်ထွက်နေတာတွေ ပါလာလို့ အထုပ်(၂)ထုပ်တောင် လွှင့်ပစ်ရတယ်" ဟု သတိုးသမီး၏ မိခင်က ချင်းတွင်းဂေဇက်ကို ပြောသည်။


အဆိုပါ မုန့်ဖတ်များကို လွှဲတဲကျေးရွာ မုန့်ဟင်းခါးဖတ် ပြုလုပ်သည့်ဆိုင်မှ ဝယ်ယူကျွေးမွေးခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်၍ ဘုတလင်မြို့မရဲစခန်းသို့ ဆက်သွယ်မေမြန်းရာတွင် "ဝမ်းလျှောဝမ်းပျက်တွေက ရာသီဥတု ပူပြင်းနေတာနဲ့လည်း ဆိုင်မယ်ထင်တယ်" ဟု ဘုတလင်မြို့မရဲစခန်းမှ တာဝန်ရှိ ရဲအရာရှိတစ်ဦး က ပြောသည်။


ယင်းနည်းတူ ရွှေတောင်ကျေးရွာ နာရေးရက်လည်တွင် ကျွေးမွေးသည့် မုန့်ဟင်းခါးကြောင့် လာရောက်စားသုံး သူ (၃၀)ဝန်းကျင်ခန့် မှာလည်း ဘုတလင်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရသည်။

ဖြိုးသက်၊ စိုင်းနောင်
Monywa Gazette
https://www.facebook.com/chindwingazet
http://www.thithtoolwin.com/

Post a Comment

0 Comments

Close Menu