Ad Code

Responsive Advertisement

♪ " အားသွင်းရင် ဒါတွေ စဉ်းစား " ဆောင်းပါးရှင် - နောင်စိုး (ထားဝယ်) ♫


အိုင်တီပစ္စည်း၊ မိုဘိုင်းပစ္စည်းတွေကို အသုံးများလာတယ်။ အဲဒီပစ္စည်းကို အိမ်ထဲမှာထိုင်မသုံးဘဲ အပြင်သယ် သုံးဖို့ရည်ရွယ်ထားတော့ သူ့မှာ ဘက်ထရီအားကိုးနဲ့ အလုပ်လုပ်နိုင်အောင် စီစဉ်ထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အဲဒီပစ္စည်းတွေကို မကြာမကြာ အားသွင်းကြရပါတယ်။ Pokémon Go ကစားတဲ့လူတွေများ ဘက်ထရီအားအပြည့်သွင်းတာတောင် မလောက်လို့ Powerbank နှစ်လုံးလောက်ဆောင်ရပါသေးတယ်။

ဖုန်းတွေ၊ တက်ဘလက်တွေ၊ ကွန်ပျူတာတွေ အားသွင်းတာ အလွယ်သားမဟုတ်လား။ အားသွင်းကြိုးလေး ထိုးပြီး အိမ်သုံးမီး ပလပ်ပေါက်မှာ ထိုးထားလိုက်ရုံလေးဥစ္စာ။ ဟုတ်ကဲ့ ... လူဗြိန်းတွေတွေးရင်တော့ ရိုးရိုးလေးပါပဲ။ အဲဒီ ရိုးရိုးလေးအတိုင်းလုပ်ကြလို့ ကွန်ပျူတာတွေ သက်တမ်းစေ့မနေတာ၊ Hard disk တို့ motherboard တို့ သက်တမ်းတိုတိုနဲ့ကြွတာ မကြာခဏတွေ့ရပါတယ်။ ဒါကြောင့် အားသွင်းတဲ့ အလုပ်ကို စနစ်တကျလုပ်ကြပါမယ်။

ပထမဆုံး အားသွင်းတဲ့စနစ်အကြောင်း အရင်ဆုံးလေ့လာကြပါမယ်။ ခေတ်သစ်အားသွင်းစနစ်မှာ ဖုန်း၊ တက်ဘလက်နဲ့ ကွန်ပျူတာ ဘက်ထရီတွေကို တသမတ်အရှိန်နှုန်းနဲ့ အားသွင်းတာမဟုတ်ပါဘူး။ မိုဘိုင်းဖုန်းထဲက Battery Doctor တို့ Du Battery Saver တို့ရဲ့အားသွင်းပုံကို ခဏတဖြုတ်စောင့်ကြည့်ရင် သိနိုင်ပါတယ်။ ဘက်ထရီအား သိပ်နည်းသွားတဲ့အခါ (ဥပမာပြောရရင် ဘက်ထရီ ၈ဝ ရာခိုင်နှုန်းအောက် အ တိုင်းအတာထိကျသွားတဲ့အခါ) အားသွင်းနှုန်းကို ခပ်မြန်မြန်သွင်းပါတယ်။

ဒါပေမဲ့ ဘက်ထရီအား ၈ဝ ရာခိုင်နှုန်း ရောက်ပြီဆိုတာနဲ့ အားသွင်းနှုန်းကို နှေးနှေးထားလိုက်ပါတယ်။ ၈ဝ-၁ဝဝ ကြား အားသွင်းနှုန်းဟာ ဝ-၈ဝ ကြား အားသွင်းနှုန်းထက် နှစ်ဆကျော်နှေးပါတယ်။ စကားအဖြစ်ပြောတာပါ။ ဘက်ထရီကို မလွှဲသာမရှောင်သာ အခြေအနေကလွဲပြီး သုံညရောက်အောင် မသုံးသင့်ပါဘူး။ အနည်းဆုံး ၁ဝ ရာခိုင်နှုန်းတော့ ကျန်သင့်ပါတယ်။

၁ဝ-၈ဝ ရာခိုင်နှုန်းကြား အားသွင်းချိန်ဟာ အတော်လေးမြန်ပါတယ်။ သူ့အားသွင်းကြိုးအမှန်ဆိုရင် ၇၅ မိနစ်လောက်နဲ့ ၈ဝ ရာခိုင်နှုန်းကို ရောက်ပါတယ်။ ကိုယ့်ပစ္စည်းကလည်း ဘက်ထရီ ၈ဝ ရာခိုင်နှုန်းဝင်နေပြီ။ အဲဒီအချိန်မှာ အပြင်သွားစရာရှိတယ်ဆိုရင် နောက် ၂ဝ ရာခိုင်နှုန်းကို မစောင့်သင့်ပါဘူး။ အားသွင်းကြိုးကိုဖြုတ်ပြီး တစ်ခါတည်း ယူသွားသင့်ပါတယ်။ ပညာရှင်တွေထောက်ခံတဲ့ ဘက်ထရီအသုံးချ ရာခိုင်နှုန်းဟာ ၄ဝ-၈ဝ ကြားဖြစ်ပါတယ်။

၎ဝ ရာခိုင်နှုန်းဝန်းကျင်အထိကျရင် အားသွင်းပြီး ၈ဝ ရာခိုင်နှုန်းပြည့်တာနဲ့ ဖြတ်လိုက်ရင် ဘက်ထရီကို အနည်းဆုံး အားသွင်းကြိမ်ရေ ၃ဝဝ အထိ စွမ်းအားပြည့်သုံးနိုင်မယ်လို့ ဆိုပါတယ်။ တကယ်တမ်း ပြောရရင် ဘက်ထရီဟာ အမြဲတစေ ၁ဝဝ ရာခိုင်နှုန်းပြည့် အားမသွင်းသင့်ပါဘူး။ ၉ဝ ရာခိုင်နှုန်းထိ အားသွင်းရင် လုံလောက်နေပါပြီ။ ဘက်ထရီ Calibrate လုပ်တယ်ဆိုတာမျိုးအနေနဲ့ တစ်လမှာတစ်ခါလောက်ပဲ ၁ဝဝ ရာခိုင်နှုန်းအထိ အားသွင်းသင့်ပါတယ်။

အားသွင်းတဲ့အခါမှာ အားသွင်းကြိုးက အတော်လေးအခရာကျပါတယ်။ ဖုန်းတွေ၊ Laptop ကွန်ပျူတာတွေကို မူရင်းအားသွင်းကြိုးနဲ့ သွင်းရမယ်ဆိုတဲ့ခေတ်မရှိတော့ပါဘူး။ ခေါင်းတူရင် သွင်းလို့ရပါတယ်။ ဒါပေမဲ့ အားသွင်းချိန်မှန်းဆရတာ အတော်ခက်သွားပါတယ်။ မူရင်းကြိုးထက် အားကြီးတဲ့ကြိုးနဲ့သွင်းရင် အားသွင်းချိန် ပိုမြန်ပြီး အားနည်းတဲ့ ကြိုးနဲ့သွင်းရင် အားသွင်းချိန် ပိုကြာသွားပါမယ်။ အားသွင်းကြိုးတွေက ကြာလာရင် ချို့ယွင်းတယ်၊ ပျက်တယ်၊ စည်းကမ်းမရှိရှင် ပျောက်လည်းပျောက်တတ်ပါတယ်။ လိုအပ်လို့ မူရင်းမဟုတ်တဲ့ အားသွင်းကြိုး ဝယ်သုံးရရင် မူရင်းကြိုးနဲ့ အားသွင်းအတိုင်းအတာနီးစပ်တာကို ဝယ်သင့်ပါတယ်။

သာမန်လူနဲ့ ဘယ်လိုမှ မနီးစပ်နိုင်တဲ့ Ampere တွေ Watt တွေကိုတော့ မသိသိအောင် ကြိုးစားဖို့လိုပါတယ်။ Ampere ကိုတော့ mAh ဆိုတာ Ah ဆိုတာမျိုးတွေနဲ့ တွေ့ရပါမယ်။ အားသွင်းကြိုးမှာ mAh ကြီးရင် အားသွင်းတာ ပိုမြန်ပါတယ်။ ဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာတစ်လုံးရဲ့ အမြင့်ဆုံးခွင့်ပြုနိုင်တဲ့ အားသွင်းနှုန်း ထက် အများကြီးပိုမြင့်တဲ့ အားသွင်းကြိုးကို မသုံးသင့်ပါဘူး။ လက်ခံနိုင်တာထက် အများကြီးပိုမြင့်တဲ့ နှုန်းနဲ့ အားသွင်းနေမယ်ဆိုရင် အနှေးနဲ့အမြန် အဲဒီပစ္စည်း ပျက်ပါလိမ့်မယ်။ အခုနောက်ပိုင်းထွက်တဲ့ အဆင့်မြင့် မိုဘိုင်းဖုန်းတွေမှာ Quick Charge 2.0 တို့၊ 3.0 တို့လို အမြန်အားသွင်းစနစ်တွေ ပါလာတဲ့အတွက် မူရင်းထက် အဆမတန်အားကြီးတဲ့ အားသွင်းကြိုးတွေကို သတိထားရပါမယ်။

Laptop ကွန်ပျူတာတွေမှာလည်း ဒီလိုအဖြစ်မျိုးနဲ့ ခပ်ဆင်ဆင်တူပါတယ်။ ဒီကွန်ပျူတာတွေမှာ အားသွင်းကြိုးစနစ်က မော်ဒယ်ချင်း မနီးစပ်ရင် ထပ်တူဖြစ်ခဲပါတယ်။ နီးနီးစပ်စပ်တူရင်တောင် များသောအားဖြင့် အားသွင်းကြိုးတွေက ၆ဝ Watts ကနေ ၉ဝ Watts ကြားဖြစ်လေ့ ရှိပါတယ်။ ကွန်ပျူတာနဲ့ ကွက်တိတော်တဲ့ Standard plug ကို သုံးလေ့ရှိပါတယ်။ ဈေးပေါတဲ့ အားသွင်းကြိုးတွေလည်းရှိတယ်။ Compatible လို့ ဆိုပြီး များသောအားဖြင့် တရုတ်ကလာပါတယ်။ ကွန်ပျူတာအတွက် စိတ်ချရမှုဟာ မူရင်းကြိုးလို မကောင်းပါဘူး။ ထုတ်လုပ်တဲ့ ကုမ္ပဏီနာမည်နဲ့ CE အမှတ်အသားတွေကို စစ်ဆေးပြီး ဝယ်ဖို့လိုပါတယ်။

အားသွင်းတဲ့ကိစ္စမှာ အကြီးအကျယ်ဆုံးအမှားက အားသွင်းနေရင်း ပစ္စည်းကိုသုံးတာပါ။ ဥပမာပြောရရင် GPS သုံးပြီး Pokémon ဖမ်းတဲ့အခါ ပါဝါအစားကြမ်းလို့ Powerbank ထိုးထားပြီး ဆက်ကစားတာမျိုးဖြစ်ပါတယ်။ ဖုန်း၊ တက်ဘလက်၊ Laptop အားလုံးဟာ အလုပ်လုပ်နေပြီဆိုရင် ဂိမ်းကစားနေပြီဆိုရင် ပါဝါအရမ်းသုံးပါတယ်။ အင်တာနက်ကြည့်တာဟာ ပါဝါအစား အသက်သာဆုံးလို့ ဆိုတာတောင် idle mode မှာထက် ပါဝါစားပါသေး တယ်။ အားသွင်းနေရင်းပစ္စည်းကိုသုံးတဲ့အတွက် ဘက်ထရီအားပြည့်ဖို့အချိန်အများကြီးကြာပါတယ်။ အားကုန်လုနီးနီး ဖုန်း၊ Laptop ဆိုရင် အားသွင်းချိန်သိပ်ကြာသွားနိုင်တာမို့ အလုပ်သွားနောက်ကျတာ၊ အပြင်သွား နောက်ကျတာလည်းဖြစ်မယ်။ ဖုန်း၊ တက်ဘလက်၊ Laptop တွေဟာ အားသွင်းတဲ့အလုပ်နဲ့ ပါဝါစားတဲ့ အလုပ်နှစ်ခုကို တစ်ပြိုင်တည်းလုပ်တာမို့ heat ပိုတက်ပြီး ပစ္စည်းအသက်တိုပါမယ်။

Laptop ကိုပိတ်ထားပြီး အားသွင်းမယ်၊ ဖုန်းနဲ့ တက်ဘလက်ကို Airplane mode လုပ်ထားပြီး အားသွင်းမယ်ဆိုရင် အားပြည့်တာပိုမြန်ပါမယ်။ Laptop ကတော့ မြန်မြန်ဆန်ဆန်ပြန်သုံးချင်ရင် sleep mode မှာထားလို့လည်း ရပါတယ်။ Airplane ကတော့ ကြိုးမဲ့ဆက်သွယ်မှုအားလုံးကို  (ဖုန်းလိုင်းအပါအဝင်) ဖြတ်ချလိုက်တာမို့ sleep mode မှာ ထားလိုက်သလိုပါပဲ။ ကိုယ့်ဖုန်းက Quick charge 3.0 ပါတယ်။ အားသွင်း ချိန်ဆယ်မိနစ်လောက်ပဲရမယ်ဆိုရင် Airplane mode မှာထားပြီး screen ကို ပိတ်အားသွင်းပါ။ နာရီဝက်၊ တစ်နာရီ အားသွင်းချိန်ရမယ်ဆိုရင် ပြန်ဝင်တဲ့ကိစ္စဟာ ဖုန်းပိတ်ပြီးပြန်ဖွင့်တာထက် အားကုန်သက်သာပါတယ်။

နောက်တစ်ခုက ကားထဲမှာပါတဲ့ charger socket ကိုသုံးပြီး အားသွင်းတဲ့ကိစ္စပါ။ ကားအပေါ်မူတည်ပြီး တချို့ကားတွေက စက်ပိတ်ထားရင်တောင် အားသွင်းပေးနိုင်ပါတယ်။ တချို့က ဖုန်းကို ကားထဲက charger မှာ တစေအားသွင်းထားတာတွေ့ရပါတယ်။ တကယ်အားသွင်းဖို့လိုမှ အားသွင်းကြိုးတပ်သင့်ပြီး ဖုန်းအသုံးမရှိရင် အားသွင်းကြိုး ဖြုတ်ထားသင့်ပါတယ်။ စက်ပိတ်ထားတုန်းအားသွင်းပေးနိုင်ရင် ကားဘက်ထရီကိုဆွဲစားပါမယ်။ အားကောင်းမောင်းသန် ဘက်ထရီ အသစ်ဆိုရင် ပြဿနာမရှိပေမယ့် ဘက်ထရီကျလာတဲ့အခါ ကားစက်နှိုးရင် ဒုက္ခပေးနိုင်ပါတယ်။ ကားရဲ့လျှပ်စစ်ထုတ်လုပ်မှု Stable မဖြစ်တဲ့အခါမျိုးမှာ ကား Charger ကတစ်ဆင့် အားသွင်းတာဟာ ဖုန်းအတွက် အန္တရာယ်ရှိနိုင်ပါတယ်။

ကားထဲက Charger ထက်စာရင် powerbank က ပိုပြီး စိတ်ချရပါတယ်။ Powerbank တွေမှာ 10000 mAh စွမ်းအားတူရင်တောင် Power factor မတူတာမို့ အားထုတ်ပေးနိုင်တဲ့ စွမ်းရည်ခြင်းမတူပါဘူး။ အားထုတ်ပေးနိုင်စွမ်း ကို သိချင်ရင် Powerbank ရဲ့စွမ်းအားကို Power factor နဲ့ မြှောက်ရပါတယ်။ Powerbank အများစုဟာ Power factor 0.6 ပဲရှိလို့ 10000 mAh Powerbank ဟာ 6000 mAh ပဲပြန်ထုတ်ပေးနိုင်ပါတယ်။ ကမ္ဘာ့အကောင်းဆုံး Powerbank တွေမှာ Power factor 0.8 ရှိပါတယ်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal
http://www.winkabarkyaw.net/2016/09/blog-post_12.html

Post a Comment

0 Comments

Close Menu