Ad Code

Responsive Advertisement

ဆရာတော် ဦးဇောတိက ( မဟာမြိုင် တောရ ) " ဗုဒ္ဓ၏ ရင်ခွင်မှာ "- " သတိဆိုတဲ့ နေအိမ် " စာအုပ်မှ



သေခါနီးမှာ သတိကောင်းကောင်းနဲ့ ခန္ဓာမှာ ဖြစ်တာ စိတ်မှာ ဖြစ်တာတွေကို ရှုသိပြီး သေရတာ အကောင်းဆုံး ဖြစ်ပါတယ်။ အဲဒီလို သေခါနီးမှာ သတိကောင်းနေဖို့ ဆိုတာ မသေခင် နှစ်ပေါင်းများစွာကတည်းက ကြိုတင်လေ့ကျင့်ထားမှ ဖြစ်နိုင်မယ်။ ဒါ့ကြောင့် အမြဲတမ်း အတတ်နိုင်ဆုံး
သတိကောင်းကောင်းနဲ့ ကြည်ကြည်လင်လင်
သိနေနိုင်အောင် ကိုယ့်စိတ်ကိုကိုယ် သိနေတဲ့ အကျင့်ကို လုပ်ထားရမယ်။ ဒါဟာ မသေခင်မှာ အကောင်းဆုံးနေနည်းဖြစ်ပြီး သေခါနီးမှာ အကောင်းဆုံး သေနီး
ဖြစ်ပါတယ်။
သေခါနီးမှာ သတိကိုပဲ အားကိုးရမယ်။သတိရှိမှ ခန္ဓာမှာ ဖြစ်ပျက်နေတာကို သိနိုင်မယ်။ အနတ္တကို သိရင်းနဲ့ သေရတာ ကောင်းတယ်။အတ္တစွဲနဲ့ သေရတာ ဆင်းရဲတယ်။ အမြဲတမ်း အနတ္တ္တကို
ဉာဏ်မှာ မြင်နေအောင် နှလုံးသွင်းတဲ့ အလေ့အကျင့် ရှိနေအောင် ကြိုးစားပါ။
Every time we meditate , each time we return to the truth of the moment , we prepare to die.
တရားအားထုတ်တိုင်း ပစ္စုပ္ပန်မှာ ဖြစ်ဆဲ ရုပ်နာမ်ကို သိတိုင်းသေဖို့ ပြင်နေတာပါပဲ။
တရားအားထုတ်တိုင်း သူ့သဘော သူဆောင်နေတဲ့ I ပုဂ္ဂိုလ် သတ္တဝါ မဟုတ်တဲ့ I အလိုအတိုင်း မဖြစ်တဲ့ I ဆင်းရဲတဲ့ မမြဲတဲ့ ရုပ်တရား I နာမ်တရားတွေကို ဉာဏ်မှာ မြင်ရတဲ့အတွက် ချစ်ခြင်း I မုန်းခြင်း I ဝမ်းသာခြင်း I ဝမ်းနည်းခြင်း မဖြစ်ပဲ ဥပေက္ခာစိတ်နဲ့ နေသွားနိုင်တယ်။သေခါနီးမှာလည်း ဒီလို သိရင်း သေသွားနိုင်တယ်။ဒါဟာ အကောင်းဆုံး သေနည်းပဲ။ တချို့က သေခါနီးမှာ ကိုယ်ပြုခဲ့တဲ့ ကုသိုလ်ကို အမှတ်ရဖို့ ပြောကြတယ်။ကောင်းတော့ ကောင်းပါတယ်။ အကောင်းဆုံးတော့ မဟုတ်ဘူး။ငါပြုခဲ့တဲ့ ကုသိုလ်ဆိုပြီး ငါစွဲပါနေသေးတယ်။
At the moment of death I would like to be with friends who both accept and
are at peace with my death . I 'd like someone to remind me to let go as I go thought the process of dying .
" Let go ." "Let go. " Don't hold
on to anything.
သေခါနီးမှာ အနားမှာ မိတ်ဆွေကောင်းတွေ ရှိနေစေချင်တယ်။ သေမှာကို လက်ခံနိုင်တဲ့ မိတ်ဆွေတွေI သေတာနဲ့ ပတ်သက်ပြီး စိတ်လှုပ်ရှားမူ I ဆင်းရဲမှု မဖြစ်ပဲ ငြိမ်းချမ်းနေတဲ့သူတွေ ရှိနေစေချင်တယ်။ " ဘာကိုမှ မစွဲနဲ့ I လွှတ်လိုက် လွှတ်လိုက် " လို့ တစ်ယောက်ယောက်က သတိပေးစေချင်တယ်။
သေခါနီး လူအနားမှာ ငိုကြွေးတာ I တခြား လောကီ စကားတွေ ပြောနေတာ မကောင်းဘူး။သေခါနီး လူဟာ ကြားနိုင်သေးတယ်။နှလုံးသွင်း လွဲသွားနိုင်တယ်။ ပင်ကိုယ်က တရားအားထုတ်တဲ့ အလေ့အကျင့်ရှိ တဲ့သူ ဆိုရင်တော့ တရားနှလုံးသွင်းဖို့ သတိပေးတာ အကောင်းဆုံးပဲ။
ဆရာတော် ဦးဇောတိက
( မဟာမြိုင် တောရ )
" ဗုဒ္ဓ၏ ရင်ခွင်မှာ "-
" သတိဆိုတဲ့ နေအိမ် " စာအုပ်မှ
................................................
သေခါနီးကျမှ စဉ်းစားမိတယ်။ " ငါ့ဘဝဟာ တကယ်တော့ သူများအတွက် နေခဲ့တာပါ။ " လူတွေကတော့ ကိုယ့်ဘဝကို ကိုယ့်အတွက် ကိုယ်နေတယ်လို့ ထင်ကြတယ်။ အတ္တစွဲကြီးကြီးနဲ့ ဒီလိုပဲ ထင်ကြမှာပဲ။ ဘယ်လောက်ပဲ အတ္တစွဲကြီးကြီးနဲ့ တွေးတွေး လူတွေဟာ ကိုယ့်ဘဝကို ကိုယ့်အတွက် ကိုယ်နေတာ မဟုတ်ပါဘူး။သူများအတွက် နေပေးနေတာပါ။ဆိုလိုတဲ့ အဓိပ္ပာယ်က သူများအထင်ကြီးအောင် နေကြတာပါ။ သူများကျေနပ်အောင် နေကြတာပါ။ ကိုယ်ကိုယ်တိုင် သေခါနီး ပြန်စဉ်းစားတဲ့ အခါမှာမှ အဲဒါကို အင်မတန် ရှင်းရှင်းလင်းလင်း ကွက်ကွက်ကွင်းကွင်း မြင်လာတယ်။
သတိနဲ့ ဉာဏ်နဲ့နေတတ်တဲ့ လူတွေဆိုရင် သေခါနီးမှာ ဘဝကို ပိုပြီးတော့ လေးလေးနက်နက် သိနိုင်တယ်။ သေခါနီးမှာ အသိဉာဏ်တစ်မျိုး
ပြောင်းသွားတယ်လို့ ဆိုနိုင်တယ်။စောစောကတည်းက တရားအားထုတ်တဲ့ အလေ့အကျင့် ရှိခဲ့ရင် ပိုပြီးတော့ ဖြစ်နိုင်တယ်။
ကိုယ့်ဘဝကို ပြန်သုံးသပ်ကြည့်တဲ့ အခါ ဘယ်အလုပ်ဟာ အရေး
အကြီးဆုံးလဲ ဆိုတာ မြင်နိုင်တယ်။ရှင်းနေတယ်။ငါအရေးကြီးတယ် ထင်ပြီး လုပ်ခဲ့တဲ့ အလုပ်တွေဟာ အမှန်တော့ ပတ်ဝန်းကျင်ရဲ့ အထင်ကြီးမှု ရဖို့ပဲ ဆိုတာ ရှင်းရှင်းကြီး သိလာတယ်။တကယ် အဓိက အကျဆုံး အလုပ်က ဘာလဲဆိုတော့ " အသိဉာဏ် " လို့ အဖြေထွက်လာတယ်။
ဘဝ ဖြစ်လာတာဟာ အသိဉာဏ် ရဖို့။ အသိဉာဏ် ရဖို့ဆိုရင် စိတ်ဓာတ်မြင့်မားမှ စိတ်ဓာတ်မြင့်မြတ်မှုရှိမှ ဖြစ်နိုင်မယ်။ အသိဉာဏ် မြင့်မားမှုနဲ့ စိတ်ဓာတ် မြင့်မြတ်မှုဟာ တွဲနေတယ်။ ဥပမာ အနေနဲ့ ပြောရရင် စားဝတိနေရေးဟာ အဆောက်အအုံ အုတ်မြစ်နဲ့တူတယ်။ အသိဉာဏ် မြင့်မားမှုနဲ့ စိတ်ဓာတ်မြင့်မားမှုဟာ အမိုးနှစ်ဖက်နဲ့ တူတယ်။
ငါဟာ အသိဉာဏ် ရှာဖို့အတွက် ဘယ်လောက် အချိန်ပေးခဲ့လဲ။
ကျောင်းတွေနေခဲ့တယ်။ တက္တသိုလ်တွေ နေခဲ့တယ်။ဒါပေမယ့် ဒါဟာ စားဝတ်နေရေး အတွက် အထောက်အပံ့ဖြစ်မယ့် အလုပ်အကိုင်တစ်ခု ရအောင် ပညာသင်ခဲ့တာပဲ။ အဲဒါဟာ အလေးနက်ဆုံး အသိဉာဏ် မဟုတ်သေးဘူး ။ သိပ္ပံပညာရပ်တွေ နည်းပညာဆိုင်ရာ ပညာ စာရင်းအင်းပညာ စတာတွေဟာ အသိဉာဏ် မဟုတ်ဘူး။ အလေးနက်ဆုံး အသိဉာဏ်က ဘဝနဲ့ ပတ်သက်တဲ့ အသိဉာဏ်ပဲ။အဲဒီ ဘဝနဲ့ ပတ်သက်တဲ့ အသိဉာဏ်ရဖို့ကိုတော့ သိပ်အချိန်မပေးနိုင်ကြဘူး။
ဒီလိုပဲ နေသွားရင်း သေခါနီး အခါမှာ ငါ တစ်သက်လုံး
အပေါ်ယံလေး ရှပ်ပြီး နေတာပဲ ဆိုပြီး ယူကျုံး မရ ဖြစ်ရလိမ့်မယ်။ အကယ်၍များ ငါ မသေရင် တကယ် တန်ဖိုး အရှိဆုံး အလုပ်ကို လုပ်ဖြစ်အောင် လုပ်မယ်လို့ တွေးမိတတ်တယ်။
ငယ်ငယ်က ဖတ်ဖူးတဲ့ စာပေတွေထဲမှာ Read the best book first or you will not have another chance to read it at all. ဆိုတာ မှတ်သားထားဖူးတယ်။ " အကောင်းဆုံး စာအုပ်ကို အရင်ဆုံး ဖတ်ပါ။ သို့မဟုတ်ရင် အဲဒီ စာအုပ်ကို ဖတ်ဖို့ အခွင့်အရေး နောက်ထပ် ရမှာ မဟုတ်တော့ဘူး " တဲ့။ အဲဒီ စကားလုံးရဲ့ ဆင့်ပွား အဓိပ္ပာယ်ဖြစ်တဲ့ " အရေး အကြီးဆုံး အလုပ်ကို အရင် လုပ်ပါ။ သို့မဟုတ်ရင်တော့ အဲဒီ အလုပ်ကို လုပ်ဖို့ရာ အချိန်ရမှာ မဟုတ်တော့ဘူး။ " ဆိုရင် အဓိပ္ပာယ်ကို ပိုပြီး လေးလေးနက်နက် သဘောပေါက်သွားလိမ့်မယ်။
အရေးအကြီးဆုံး အလုပ်ကို လုပ်ရမှာ ဆိုတော့ တစ်ခြားအလုပ်တွေ ပစ်ထားရမှာလား ဆိုတော့ အဲဒီလိုလည်း မရပြန်ဘူးနော်။ လူ့လောက လူ့အသိုင်းအဝိုင်းမှာ နေတဲ့ လူတွေ ဆိုတော့ စားဝတ်နေရေး ကိစ္စ သားရေးသမီးရေး ကိစ္စ စားရေးသောက်ရေး ကိစ္စ လူမှုရေးကိစ္စ တိုင်းရေးပြည်ရေးကိစ္စ ဘာသာရေးကိစ္စတွေ အင်မတန် များပါတယ်။ ဒါတွေကို လုပ်ရင်းကပဲ တစ်ဖက်တစ်လမ်းက ရသလောက် အချိန်ကို မရမက ရအောင် ယူပြီးတော့ လေးနက်တဲ့ မြင့်မြတ်တဲ့ အသိဉာဏ် ရဖို့ကို လုပ်ရဦးမှာပဲ။ မလုပ်လို့ကို မဖြစ်ဘူး။
ဆရာတော် ဦးဇောတိက
( မဟာမြိုင် တောရ )
" သတိဆိုတဲ့ နေအိမ် " စာအုပ်မှ
ဘဝ page မှ
Refs ဓမ္မရေချမ်းစင် 

Post a Comment

0 Comments

Close Menu