=====================================
*********************
မိဘမေတ္တာနဲ့ နှိုင်းယှဉ်ရင် မြေကြီးရဲ့ကျယ်ပြန့်ခြင်းဟာ ၀ါးရွက်လောက်ပဲရှိသတဲ့။ မြင်းမိုရ်တောင်ရဲ့ မြင့်မားခြင်းဟာ နွားဦးချိုမျှဖြစ်သတဲ့။ မဟာသမုဒ္ဒရာရဲ့ နက်ရှိုင်းခြင်းဟာ နွားခြေရာခွက်ထဲက ရေလောက်သာရှိသတဲ့။ မိဘတို့ရဲ့ မေတ္တာဟာ ရေထုမြေထုတို့ထက်မက ကြီးကျယ်သတဲ့။ အတိုင်းအဆမဲ့၊ အကန့်အသတ်မဲ့ခြင်း ဖြစ်ပါသတဲ့။
*********************
ယခင်ကဆို ပြာသိုလမှာ တရားပွဲစီစဉ်သူများက "အမေနေ့" အထူးတရားပွဲဆိုပြီး သတ်မှတ်ကာ ပင့်ကြတယ်။
ဆရာကြီးဦးသုခက ပြာသိုလပြည့်နေ့ကို အမေနေ့ရယ်လို့ပြောပြီး ဟောပြောပွဲတွေနဲ့ လမ်းဖောက်ခဲ့လို့ "အမေနေ့" ဆိုတာဖြစ်လာခဲ့တာ။
ဆရာကြီးက အေးချမ်းတဲ့ရာသီမို့ အမေ့မေတ္တာကို ကိုယ်စားပြုပြီး အမေနေ့လို့သတ်မှတ်ကာ မိဘဂုဏ်ကျေးဇူးတွေကို အောက်မေ့အမှတ်ရလျက် ကျေးဇူးဆပ်ကြဖို့၊ မပြစ်မှားကြဖို့ ခေတ်လူငယ်တွေကို အသိပေးချင်ပုံရပါတယ်။
ဗုဒ္ဓဒေသနာတော်မှာတော့ ပြာသိုလပြည့်နေ့ကို အမေနေ့ရယ်လို့ တသီးတသန့် ဟောထားတာမရှိပါ။
မိဘကျေးဇူးကို သိတတ်ခြင်းကား လူသာဓုခေါ်၊ နတ်သာဓုခေါ် ကောင်းတဲ့ကိစ္စပါ။ မြန်မာတို့ရဲ့လူမှုနယ်ပယ်မှာ မိဘဆိုတာအိမ်ဦးခန်းမှာ အပိုင်စားနေကြရသူတွေ၊ စားဦးစားဖျားကိုလည်း ဦးချခံစားကြရသူတွေ ဖြစ်ပါတယ်။ မိသားစုထမင်းဝိုင်းမှာ မိဘကိုဦးချပြီးမှ စားကြရတဲ့ဓလေ့ အမှန်ရှိခဲ့ပါတယ်။ ကြက်သားဟင်းချက်ရင် မိဘဟာ အလေးအမြတ်ထားဦးချခံဖြစ်လို့ အသည်းအမြစ်ကို စားကြရသူတွေဖြစ်ပါတယ်။ မိသားစုထမင်းဝိုင်းနဲ့ ကြက်သားဟင်း သူစိမ်းပြင်ပြင် အလှမ်းဝေးကွာလှတဲ့ ယနေ့ခေတ်မှာတော့ မိဘတို့ ဦးချခံ စားဦးစားဖျား ယဉ်ကျေးမှုရှိနိုင်ကြသေးရဲ့လားမသိ။
မင်္ဂလသုတ်မှာ "မာတာပိတုဥပဋ္ဌာနံ- မိဘတို့ကို ပြုစုလုပ်ကျွေးခြင်းသည် စီးပွားချမ်းသာကို ပြီးစေတတ်သဖြင့် ကောင်းမြတ်တဲ့မင်္ဂလာ" လို့ ဟောကြားတော်မူပါတယ်။ မိဘကိုမပြုစု၊ မလုပ်ကျွေးတဲ့ သားသမီးကို ၀သလ-လူယုတ်မာလို့လည်း မိန့်တော်မူပါတယ်။ (၃၈) ဖြာ မင်္ဂလာတရားနဲ့ ယဉ်ပါးနေတဲ့ မြန်မာလူမျိုးတို့အဖို့ မိဘကိုပြုစုလုပ်ကျွေးခြင်းဟာ တသီးတသန့်ရယ်လို့ ပြောနေစရာကို မလိုပါ။ (၃၈) ဖြာမင်္ဂလာနဲ့ ဝေးကွာလာတဲ့အပြင် ကျပ်တည်းဆင်းရဲလှတဲ့ ယနေ့ခေတ်မှာတော့ မိအိုဖအိုတို့လမ်းပေါ် ကိုယ့်ဝမ်းစာကိုယ်ရှာပြီး တောင်းရမ်းစားသောက်နေကြတာကို ဂျာနယ်တို့၊ သတင်းစာတို့မှာ တွေ့နေရပါတယ်။
အမေဆိုတာ သားသမီးကို နို့ချိုတိုက်ကျွေးသူ၊ သားသမီးကို မြတ်နိုးယုယသူဖြစ်ပါတယ်။ အဖေဆိုတာကတော့ သားသမီးကို စောင့်ရှောက်တတ်သူဖြစ်ပါတယ်။
အလှပျက်မှာစိုးလို့ သားသမီးကို နို့မတိုက်တဲ့အမေနဲ့၊ သားသမီးကို မစောင့်ရှောက်တဲ့အဖေတို့ကို မိဘဆိုတဲ့အသိနဲ့ ကျေးဇူးသိတတ်တဲ့ သားလိမ္မာ၊ သမီးလိမ္မာတွေ အမြောက်အမြားရှိကြသလို ကျကျနန မွေးမြူစောင့်ရှောက်ပါလျက်နဲ့ ကျေးဇူးမသိတတ်တဲ့ သားဆိုးသမီးမိုက်တွေလည်း ပေါမှပေါရယ်။
မိဘကို ပြုစုလုပ်ကျွေးခြင်းဆိုတာ ခြေဆေးပေးခြင်း၊ နှိပ်နယ်ပေးခြင်း၊ ရေချိုးပေးခြင်း၊ စားသောက်ဖွယ်ရာ၊ နေထိုင်စရာ၊ ဆေးဝါးကုသပေးခြင်း၊ အ၀တ်အထည်ဆင်မြန်းပေးခြင်းတို့ ဖြစ်ပါတယ်။
မိဘတို့ကို ပြုစုစောင့်ရှောက်လုပ်ကျွေးခြင်းဖြင့် ဘေးရန်ကင်းပုံ၊ အကျိုးခံစားရပုံကို ဟောကြားခဲ့တဲ့ ဇာတ်တော်တွေ ပိဋကတ်တော်မှာ များစွာတွေ့ရပါတယ်။
ဆော့ကစားတဲ့အရွယ်မှာ ဖုန်များ အညစ်အကြေးများနဲ့ ပေကျံနေဦးတော့ မြတ်မြတ်နိုးနိုးနဲ့ သားသမီးကို ပွေ့ပိုက်နမ်းရှုပ်တတ်တာ အမေများသာဖြစ်ပါတယ်။
"မြင်းမိုရ်တောင်ဦး၊ မကကြူးသား" ဆိုတာဟာ မိဘတို့ဂုဏ်ကို အမှန်တကယ်မြင်သူတို့ ချီးကျူးခဲ့တာပါ။ ရုပ်ဝတ္ထုတို့ အဆန်းတကြယ် တိုးတက်ခေတ်မီလာတဲ့ ယနေ့ခေတ်မှာ ခေတ်ကိုလိုက်ပါရင်းနဲ့ မိဘတို့အပေါ် မေတ္တာစေတနာ အားပျော့လာတာတွေကိုလည်း ရိပ်စားမိကြမယ်ထင်ပါတယ်။
"မြစ်ရေမှန်သမျှ ရေချိုများသာဖြစ်ပြီး အမြဲစီးဆင်း၏။ ပင်လယ်သမုဒ္ဒရာသို့ရောက်သွားသော် သောက်မရဖြစ်သွား၏။ မိဘဂုဏ်ကျေးဇူးသည်လည်း ကျေးဇူးတရားနားလည်သူများမှာသာ အမှန်ဂုဏ်ဖြစ်၏။ ကျေးဇူးဂုဏ်ကို မသိသူများသို့ရောက်ပါက အပြစ်သာဖြစ်ရတော့သည်" ဟု နီတိမှာဆိုပါတယ်။
သားသမီးတို့ကို ဖ၀ါးလက်နှစ်လုံး ပခုံးလက်နှစ်သစ်အရွယ်မှစ၍ ရှင်သန်ကြီးထွားစေရန် နည်းမျိုးစုံနဲ့ ပြုစုစောင့်ရှောက်ကြတယ်။ မိခင်က နို့ချိုတိုက်ကျွေးတယ်။ ၀ါးဖတ်ကလေးတွေ ခွံ့ကျွေးတယ်။ အမေရဲ့နှလုံးသားမှ စီးဆင်းတဲ့သွေးဟာ အမေ့မေတ္တာကြောင့် အရောင်နဲ့အရသာပြောင်းလျက် နို့ရည်ဖြစ်တာလို့ ဆိုပါတယ်။
သားသမီးတွေကို လောကကြီးအကြောင်းသိအောင်၊ မြင်အောင်၊ နေတတ်၊ ထိုင်တတ်၊ ပေါင်းတတ်၊ သင်းတတ်ရှိအောင် လက်ညှိုးညွှန်ပြ ဆုံးမကြပါတယ်။ သားသမီးတို့ကို လူဖြစ်အောင် ထုဆစ်ပေးလိုက်သူများဟာ မိဘတို့သာဖြစ်ပါတယ်။ သားသမီးဆိုတာ မိဘရှိမှဖြစ်ကြရတာပါ။ ဒါနဲ့တင် မိဘတို့ရဲ့ဂုဏ်ကျေးဇူးကို သိနိုင်ပါတယ်
သားသမီးတွေကို လောကကြီးအကြောင်းသိအောင်၊ မြင်အောင်၊ နေတတ်၊ ထိုင်တတ်၊ ပေါင်းတတ်၊ သင်းတတ်ရှိအောင် လက်ညှိုးညွှန်ပြ ဆုံးမကြပါတယ်။ သားသမီးတို့ကို လူဖြစ်အောင် ထုဆစ်ပေးလိုက်သူများဟာ မိဘတို့သာဖြစ်ပါတယ်။ သားသမီးဆိုတာ မိဘရှိမှဖြစ်ကြရတာပါ။ ဒါနဲ့တင် မိဘတို့ရဲ့ဂုဏ်ကျေးဇူးကို သိနိုင်ပါတယ်။
ဗြဟ္မာတို့သည် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားလေးပါး မကင်းကွာဘဲနဲ့ နေကြသလို မိဘများကလည်း သားသမီးတို့အပေါ် ဗြဟ္မစိုရ်တရားလေးပါး မကင်းဆိတ်ဘဲနဲ့ အမြဲနေနိုင်ကြပါသတဲ့။ ထို့ကြောင့် မိဘတို့ကို "ဗြဟ္မစိုရ် နှလုံးသားပိုင်ရှင်များ" လို့လည်း ဆိုပါတယ်။
ကိုယ်ဝန်ဆောင်ထားရပြီလို့သိကတည်းက မိဘတို့ဟာ "သားကလေး၊ သမီးကလေးတွေကို ခြေလက်အင်္ဂါပြည့်စုံ ကျန်းကျန်းမာမာနဲ့ မွေးဖွားလာဖို့ကို မေတ္တာစိတ်နဲ့ ကြိုတင်မျှော်တတ်ကြသတဲ့။ အင်္ဂါခြေလက်ပြည့်စုံစွာနဲ့ မွေးဖွားလာပြီဆိုတော့ မိဘတို့ရဲ့မေတ္တာစိတ်ဟာ တိုင်းဆမဲ့ဖြစ်ကြရသတဲ့။ အကယ်၍ အင်္ဂါခြေလက်မပြည့်စုံတဲ့ သားသမီးဖြစ်ခဲ့ရင်လည်း မေတ္တာမပျက်၊ ကရုဏာဖက်လျက် အသနားပင် ပိုကြရပြန်ရောတဲ့။
မွေးကင်းစအရွယ်၊ ပက်လက်စောင်း ယိုင်မထနိုင်တဲ့ နုနယ်မွေးကင်းစအရွယ်မှာ မှက်၊ ခြင်၊ ယင် မသန်းရလေအောင်၊ အအိပ်အနေ မဆင်းရဲရလေအောင်၊ ဆာလောင်မှုမဖြစ်ရလေအောင်၊ ချေးသေးတို့ စိုရွှဲမနေရလေအောင် ကရုဏာနဲ့ စောင့်ရှောက်ကြသတဲ့။ သားသမီးငိုသံကြားတယ်ဆိုရင်ပဲ ကြားတဲ့နေရာကပြေးလာတာ အမေပါ။ ကရုဏာက တိုက်တွန်းလို့ဖြစ်ပါတယ်။
ပြေးနိုင်၊ လွှားနိုင်၊ ဆော့ကစားနိုင်တဲ့အရွယ်၊ အတတ်ပညာ ပြည့်စုံတတ်မြောက်၊ စီးပွားဥစ္စာလည်း ကုံလုံကြွယ်ဝတဲ့ သားသမီးတို့ကို မုဒိတာနဲ့ကြည့်ပြီး ကြည်နူးကျေနပ်နေကြတာကလည်း မိဘများသာ ဖြစ်ပါတယ်။ သားသမီးတို့ ပြည့်စုံခြင်းကို မရှုဆိတ်တဲ့မိဘဆိုတာ လောကမှာမရှိပါ။
တစ်အိုးတစ်အိမ်ထူထောင်ပြီး၊ တသီးတခြားဖြစ်သွားတဲ့ သားသမီးတို့ကိုကြည့်ကာ "ငါ့သားကလေး၊ ငါ့သမီးကလေး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ပေပြီ အသက်မွေးဝမ်းကျောင်းနိုင်ပေပြီ" လို့ ကျေနပ်စွာနဲ့ ကြည့်ရှုတဲ့သဘောလည်းဖြစ်ကြသတဲ့။ ဒါကြောင့် "မိဘဆိုတာ ဗြဟ္မာကြီးတွေနဲ့တူတယ်လို့" ဟောခဲ့တာပါ။
သားသမီးတို့က အသက်ကြီးသွားတဲ့မိဘတို့ကို ပြန်လည်တုံ့ပြန်ကျွေးမွေးရမယ်။ မိဘတို့ရဲ့ကိစ္စကြီးငယ်အသွယ်သွယ်ကို စိတ်ပါဝင်စားစွာနဲ့ လိုက်ပါဆောင်ရွက်ကြရမယ်။ မိဘတို့ကျန်ရစ်ခဲ့တဲ့ အမွေအနှစ်ကို ခံစားထိုက်တဲ့သားလိမ္မာ။ သမီးလိမ္မာလေးများဖြစ်ကြရမယ်။ မိမွေဖမွေတို့ကို မပျောက်ပျက်အောင် ထိန်းသိမ်းနိုင်စွမ်းရှိကြရပါမယ်။ (မိဘက ဒါန၀တ်ရှိခဲ့ရင် အဲဒီဒါန၀တ်ကိုမပျက်စေရပါဘူး။) ကွယ်လွန်သွားတဲ့ မိဘတို့ကို ရည်ညွှန်းပြီး ကုသိုလ်ပြု၊ အမျှပေးဝေကြရပါမယ်။
မသေခင်မိဘကို ကျွေးရမယ်။ သေမှငိုနေလို့ အကျိုးမထူးဆိုတာကို သိကြပါတယ်။ အိမ်ဦးခန်းမှာ အိမ်မှာမိဘရှိနေတာကိုက ကျက်သရေရှိတယ်လို့ လက်ခံထားကြတဲ့ လူမျိုးဖြစ်ပါတယ်။ ဒါပေမဲ့ ကရင်ဒုံးယိမ်းကသလိုမျိုး တစ်မိသားစုလုံး လှုပ်ရှားနေကြရတဲ့ ဒီခေတ်ကြီးမှာ မိဘကိုစိတ်တိုင်းကျပြုစုဖို့ရာမှာ အခွင့်မသာ၊ အခါမသင့်ဖြစ်နေကြရရှာပါတယ်။ အမေကိုရှိခိုးပြီးမှအိပ်၊ အဖေကိုရှိခိုးပြီးမှအိပ်၊ မိဘရှေ့မှာ အနေအထိုင် ဂါရ၀ရှိပါစေ။ ကုန်းပြီးတော့သွား၊ ရိုသေနှိမ်ချပြောဆိုကြဆိုတဲ့ အလေ့အကျင့်ကောင်းတွေ ဒီကနေ့ခေတ်မှာ မတွေ့ရသလောက်ဖြစ်လာပါတယ်။ "အမေနေ့" တရားပွဲများပင် ယခုမရှိတော့၊ အထူးတရားပွဲဆိုပြီး လုပ်နေကြလေရဲ့။
အခြေအနေအရ မိဘကို ကျေးဇူးမဆပ်နိုင်ကြသေးပေမယ့် ကျေးဇူးတော့ မကန်းကြနဲ့၊ မိဘကို မျက်ရည်တစ်စက်ကျစေခြင်းဟာ သားသမီးတစ်သက်လုံး ဆင်းရဲစေဖို့ဖြစ်ပါသတဲ့။ မိဘကိုစော်ကားတဲ့သားသမီး မြေမျိုတတ်တယ်လို့ပင် ရှေးက အယူအစွဲရှိကြပါတယ်။
မိတ္တ၀ိန္ဒကအမည်ရသူဟာ ပင်လယ်ခရီးကို မသွားရန်တားနေတဲ့ အမေ့ရင်ဝခြေထောက်နဲ့ စုံကန်ထွက်ခဲ့လို့ ပင်လယ်ပြင်မှာပင် မုန်တိုင်းမိပြီး ဒုက္ခရောက်ခဲ့ရတယ်။ အဆုံးမှာတော့ ဦးခေါင်းကိုခွဲတဲ့ငရဲပန်းကို ရွှေပန်းထင်ပြီး ခေါင်းပေါ်ကို ကိုယ်တိုင်တင်ထားတာ သွေးစိမ်းရှင်ရှင်ထွက်ပြီး ပြင်းထန်စွာခံစားရပါတယ်။
သားသမီးဘ၀မှာ သားကောင်းသမီးမွန် မဖြစ်ခဲ့သူများဟာ မိဘဖြစ်တဲ့အခါ သားဆိုးသမီးဆိုးနဲ့ ကြုံရတတ်ပါတယ်။ ကာလ၀ိပါက် နောက်ပိုးတက်လို့ ဆိုတယ်မို့လား။
မိဘရဲ့မေတ္တာကို အေးမြတဲ့ရေစင်နဲ့နှိုင်းယှဉ်ဖွဲ့ဆိုသလို ဂုဏ်ကျေးဇူးကို ခြေဖျက်တတ်တဲ့ သားသမီးဆိုးတို့အတွက် မိဘတို့ဟာ မီးနဲ့လည်း ဥပမာပေး ဆုံးမတော်မူခဲ့ပါတယ်။ မီးဟာ ရိုသေစွာသုံးစွဲသူတို့အတွက် အကျိုးပြုသလို မရိုမသေပေါ့ဆစွာ သုံးစွဲသူများအဖို့ လောင်ကျွမ်းခြင်းကို ဖြစ်စေပါတယ်။ သို့နှယ် မိဘတို့အပေါ် ဖောက်ဖောက်ပြန်ပြန် မှားမှားယွင်းယွင်း စော်ကားရင်တော့ ပစ္စုပ္ပန်မှာ ကသိကအောက် ဒုက္ခရေက်ကြရသလို သံသရာမှာလည်း ငရဲစတဲ့ဆိုးရွားတဲ့ ဘ၀တို့၌ ကျရောက်စေနိုင်ပါတယ်။
အရှင်မောဂ္ဂလာန်ဟာ ဘ၀တစ်ကွေ့မှာ မိဘကို ကိုယ်တိုင်ရိုက်သတ်ခဲ့တဲ့ပြစ်မှုကြောင့် နောက်ဆုံးတန်ခိုးရှင် ရဟန္တာအဖြစ်ရောက်သည့်တိုင်အောင် လူအရိုက်ခံရပြီး ပရိနိဗ္ဗာန် စံဝင်ခဲ့ရပါတယ်။ ငရဲကျရုံမျှမက သံသရာတစ်လျှောက်လုံး လူအရိုက်ခံရပြီး သေခဲ့ရပါတယ်။ ကံကြီးထိုက်ရင် ပရိတ်ရဲ့စွမ်းရည်ကိုပင် မခံစားရပါဘူး။
ဆင်းရဲနွမ်းပါးတဲ့ မိဘနှစ်ပါးကို ဆွမ်းခံကျွေးနေတဲ့ ရဟန်းတစ်ပါးကို ရဟန်းအများစုက ဒကာ၊ ဒကာမတွေ လှူဒါန်းတဲ့ ဆွမ်း၊ ဆွမ်းဟင်းကို မိဘတို့ကို ကျွေးရသလားလို့ ကဲ့ရဲ့ကြပေမယ့် မြတ်စွာဘုရားက သာဓုခေါ်တော်မူပြီး ဗုဒ္ဓကိုယ်တော်တိုင် မိဘကိုမြတ်မြတ်နိုးနိုးနဲ့ ပြုစုစောင့်ရှောက်တဲ့အကြောင်း သုဝဏ္ဏသျှံဇာတ်တော်ကို ဟောကြားခြင်းဖြစ်ပါတယ်။
သုဝဏ္ဏသျှံ ဇာတ်တော်မှာ မြားဆိပ်သင့်နေတဲ့ အလောင်းတော်ကို လာရောက်ကူညီတဲ့ ဗဟုသုန္ဒရီနတ်သမီးဟာ လွန်ခဲ့တဲ့ ခုနစ်ဘ၀က အမေတော်ဆပ်ခဲ့ဖူးသူ ဖြစ်ပါတယ်။ သေအံ့မူးမူးဖြစ်နေတဲ့ အလောင်းတော်ရဲ့ ကိုယ်အနှံ့ပျံ့နှံ့နေတဲ့ မြားဆိပ်ကို သစ္စာဆိုခြင်းနဲ့ ဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။ မိခင်ဟောင်းနဲ့ မိဘနှစ်ပါးတို့ သစ္စာဆိုကြတဲ့ စကားတွေထဲမှာ "သုဝဏ္ဏသျှံဟာ မိဘကို အမှန်ပြုစုလုပ်ကျွေးနေသူ ဖြစ်ပါတယ်။ ဤမှန်ကန်တဲ့ သစ္စာစကားကြောင့် တက်နေတဲ့ အဆိပ်လျှောကျပါစေ" လို့ ဆိုကြခြင်းဖြစ်ပါတယ်။ ဇာတ်တော်အလို မိဘကို ပြုစုလုပ်ကျွေးခြင်းနဲ့ မိဘတို့သစ္စာပေါင်းစပ်ပြီး အဆိပ်သင့်ခြင်းကို ဖယ်ရှားဖျောက်ဖျက်နိုင်စွမ်းရှိတာကို မှတ်သားရပါတယ်။ မေတ္တသုတ်မှာ မေတ္တာကို အမေ့နဲ့တူတယ်လို့ မိန့်တော်မူခဲ့ပါတယ်။
မိဘမေတ္တာနဲ့ နှိုင်းယှဉ်ရင် မြေကြီးရဲ့ကျယ်ပြန့်ခြင်းဟာ ၀ါးရွက်လောက်ပဲရှိသတဲ့။ မြင်းမိုရ်တောင်ရဲ့ မြင့်မားခြင်းဟာ နွားဦးချိုမျှဖြစ်သတဲ့။ မဟာသမုဒ္ဒရာရဲ့ နက်ရှိုင်းခြင်းဟာ နွားခြေရာခွက်ထဲက ရေလောက်သာရှိသတဲ့။ မိဘတို့ရဲ့ မေတ္တာဟာ ရေထုမြေထုတို့ထက်မက ကြီးကျယ်သတဲ့။ အတိုင်းအဆမဲ့၊ အကန့်အသတ်မဲ့ခြင်း ဖြစ်ပါသတဲ့။
မိဘများရဲ့ကျေးဇူးကို ကျေအောင်ဆပ်ဖို့ရာမှာတော့ မိဘတို့ကို သီလဆောက်တည်ဖြစ်အောင်၊ လှူဒါန်းဖြစ်အောင်၊ ရတနာမြတ်သုံးပါးကို ဆည်းကပ်ဖြစ်အောင်၊ ပညာတိုးစေဖို့ တရားနာ၊ တရားအားထုတ်ဖြစ်အောင် ဆောင်ရွက်ပေးနိုင်ကြရပါမယ်။ သို့မှသာ ကျေးဇူးအကျေအမြတ်ဆုံး ကျေးဇူးဆပ်နည်း ဖြစ်ပါတယ်။ မိဘတို့ရဲ့ ကျေးဇူးဂုဏ်ကို သိမြင်ကြတဲ့ သားလိမ္မာ၊ သမီးလိမ္မာတို့သည် မိဘတို့ကို ပြုစုလုပ်ကျွေးခြင်းနဲ့ ကျေးဇူးဆပ်ကြပါတယ်။ အဲလိုကျေးဇူးသိခြင်းကို ပညာရှိသူတော်ကောင်းတွေက ချီးမွမ်းကြပါတယ်။ ဒါ့အပြင် သေရင်လည်း အာရုံကောင်းတွေနဲ့ ပေါင်းစုရတဲ့ အထက်တန်းဘ၀တို့သို့ ရောက်ကြရကြောင်း ဗုဒ္ဓကိုယ်တော်တိုင် ဟောတော်မူခဲ့ပါတယ်။ သားသမီးတိုင်း မိဘတို့ရဲ့ဂုဏ်ကျေးဇူးကို သိကြတဲ့သားလိမ္မာ၊ သမီးလိမ္မာများ ဖြစ်နိုင်ကြပါစေ-ဟူ၍သာ။
အရှင်ပညာသီဟာဘိဝံသ (တရားဦးဓမ္မစကြာ)
Refs: http://yatanavasa.blogspot.com/
'' လောကတွင် '' ဘုရားနှင့် ကင်းသောသူ ရှိ၏။
တရားနှင့် ကင်းသောသူ ရှိ၏။
သံဃာနှင့် ကင်းသောသူ ရှိ၏။
အမေ နှင့်ကင်းသောသူ မရှိ။
(ဗုဒ္ဓ၀င် ဦးထွန်းစိန်)
၁။ အမေဟူရာ၌ ဥစ္စာဓန ပေါများခြင်း၊ ဆင်းရဲခြင်း၊ ဂုဏ်ရှိခြင်း၊ ဂုဏ်မဲ့ခြင်း၊ အမျိုးမြတ်ခြင်း၊ အမျိုးနိမ့်ခြင်း၊ ပညာရှိခြင်း၊ ပညာမဲ့ခြင်း၊ ရုပ်ရည်တင့်တယ်ခြင်း၊ ရုပ်ရည်မတင့်တယ်ခြင်း၊ ကိုယ်ကျင့်တရားပြည့်ဝခြင်း၊ ကိုယ်ကျင့်တရား ချို့ငဲ့ခြင်း၊ ကျန်းမာခြင်း၊ မကျန်းမာခြင်း၊ မိခင်တို့၏၀တ္တရားကျေပွန်ခြင်း၊ မိခင်တို့၏၀တရား ပျက်ကွက်ခြင်း စသည်တို့သည်ကားမဓာန မဟုတ်၊ အမေသည် အမေသာဖြစ်၏ဟူသော အနှစ်သာရကိုသာ ကြည်ညိုရမည်ဖြစ်သည်။
(ဆရာကြီးဦးသုခ)
၂။ '' အမိဟူသည် သားသမီးတို့၏ စိတ် နှလုံးတွင်ရွှင်ပြုံးကြည့်နူးစေ၍ လူအပေါင်းတို့အား လူ့လောကသို့ ပို့ဆောင်ပေးတတ်သော အမျိုးသမီးကို အမိ ဟုခေါ်၍ စကားအားဖြင့် အမေ ဟု ခေါ်ပါသည်။ ''
(ဆရာကြီးဦးသုခ)
၃။ '' မိန်းမများ မကောင်းကြောင်း ၊ ယုတ်မာကြောင်းကို ပြောမည်ဆိုလျှင် သင့်ကို မည်သူက မွေးခဲ့သနည်းဟု ပြန်စဉ်းစားပါဦး။ ''
(စာနိုင်ငံ ဦးဝင်းမြင့်)
၎။ '' အမေရဲ့မျက်နှာဟာ ပါးရည်တွေ တွန့်လိပ်နေပေမယ့်၊ အိုမင်းရင့်ရော်နေပေမယ့်၊ ဆံဖြူသွားကျိုးဖြစ်နေပေမယ့်၊ သားသမီးအပေါ် ထားရှိတဲ့ မေတ္တာကတော့ ထာဝရ နုပျိုဆဲ၊ ထာဝရရှင်သန်ဆဲ၊ စမ်းရေပမာလို ကြည်လင်အေးမြဆဲပါ။ ''
(အရှင်ထေရ၀ံသ -ပုသိမ်)
၅။ '' အမေ ၏ နို့ရည်ဟူသည် ကလေးကို ချစ်သော မေတ္တာကို အရင်းခံ၍ ကံ,စိတ်,ဥတု,အာဟာရကြောင့် ဖြစ်နေသော သွေးပင်ဖြစ်ပါသည်။ ''
(အရှင် ဇနကာ ဘိဝံသ)
၆။ '' မွေးမိခင်မှာရှိတဲ့ မေတ္တာ,တန်ခိုး,အလှအပ,အစွမ်းသတ္တိနဲ့ ခန့်ငြားတဲ့ ကျက်သရေကို ဘယ်ဘာသာ စကားကမှ ပြည့်စုံအောင် မဖော်ပြနိုင်ပါဘူး။ ''
(အီး-အိပ်ခ်ျ-ချာပခန်)
၇။ '' ဒီကမ္ဘာလောကကြီးထဲမှာဖြင့် ဘယ်တော့မှ မပြောင်းလဲတဲ့ ဝါဒတရားတစ်ခုရှိတယ်ဆိုရင် အဲဒီဝါဒဟာ အမေတိုင်းအမေတိုင်းရဲ့ သားသမီးအပေါ်ထားရှိတဲ့ မေတ္တာဝါဒပဲ ဖြစ်မယ်။ ''
(တက္ကသိုလ် စိန်တင်)
၈။ '' မိခင်သည် သားသမီးကို ကိုယ်ဝန်တည်သည့် အချိန်မှစ၍ မွေးဖွားသည့်ကာလအထိ အေးမြကြည်လင်သော မေတ္တာနှလုံးသားဖြင့် ထာဝရ စောင့်ရှောက်တက်သည်။ ''
(ဆရာကြီးဦးသုခ)
၉။ '' တိရ စ္ဆာန်လောက၌ သံယောဇဉ်ပါသော ဆက်ဆံရေးကို မိခင်နှင့် ရင်သွေးငယ်တို့၏ ဆက်ဆံရေးတွင်သာ တွေ့ရသည်။ ''
(မနုဿဗေဒ ပညာရှင်များ)
၁၀။ '' မိခင်များ၏ မေတ္တာကား ကမ်းမမြင် လမ်းမမြင်အောင် ကျယ်ပြောနက်ရှိုင်းလှသည်။ အလျား,အနံ,အနက်အရှိုင်း ထုထည်ပမာဏကို ခန့်မှန်း၍ မဖြစ်နိုင်။ တိုင်းတာ၍လည်း မဖြစ်နိုင်ချေ။ ''
( ဦးဇောတိက (မဟာဓမ္မာစရိယ)လက်ပံဇင် )
၁၁။ '' ကိုယ်ယဉ်ကျေး၊ နှုတ်ယဉ်ကျေး၊ စိတ်ယဉ်ကျေးအောင်သင်ပေးတတ်၊ ပုံတိုပတ်စ ပြောပြတတ်သော မိခင်ကို ရည်ရွယ်၍ ပုခက်လွှဲသောလက်သည် တိုင်းပြည်ကို အုပ်စိုးနိုင်၏ ဟု ပြောစမှတ် ပြုကြပါသည်။''
(အရှင်ဇနကာ ဘိဝံသ)
၁၂။ '' ဘုရားရှင်ရဲ့ မဟာကရုဏာ၊ မဟာမေတ္တာပြီးလျှင် အမေ့ရဲ့ ကရုဏာနဲ့မေတ္တာက အကြီးမားဆုံးပါပဲ။ ''
(ကာမန္ဒကီ နီတိဆရာကြီး)
၁၃။ '' အမေ့မေတ္တာဆိုတာက မပျက်စီးတဲ့အရာ၊ သင်္ခါရကင်းလွတ်တဲ့ ပစ္စည်း မပျောက်ဆုံးတဲ့ ၀တ္တု ပါ။ ''
(ဆရာကြီးဦးသုခ)
၁၄။ '' မိမိကိုယ်တိုင် ကိုးလ၊ ဆယ်လလွယ်ကာ မွေးလာခဲ့ရေသောကြောင့်လည်းကောင်း၊ အမြဲနီးနီးကပ်ပြ် ကိုယ်နှင့်မကွာ ယုယပိုက်ထွေး နို့ချိုတိုက်ကျွေးလျက် ပြုစုခဲ့ရသောကြောင့် လည်းကောင်း၊ ဖခင်ထက်မိခင်၏ မေတ္တာစိတ်က သာလွန်၏။ ''
(ကျေးဇူးတော်ရှင် သပြေကန် ဆရာတော်ကြီး)
၁၅။ '' ကမ္ဘာပေါ်ရှိ မေတ္တာစေတနာအားလုံးဟာ သားသမီးအပေါ်ထားရှိတဲ့ မိခင်ရဲ့မေတ္တာထဲမှာ စုစည်းအကျုံးဝင်နေကြပါတယ်၊ '' (ပေါ်လတ်)
၁၆။ '' တုနှိုင်းမရသော မေတ္တာဓာတ် ကိန်းဝပ်နေ၍ ကမ္ဘာပေါ်ရှိ မိန်းမများအလှတွင်
မိခင်မျက်နှာသည် အလှပဆုံး အပြစ်အကင်းဆုံး ဖြစ်လာရသည်။ ''
(ခင်နှင်းယု)
၁၇။ '' မိခင်၏မေတ္တာသည် မဖြစ်နိုင်ဟူသော အရာ များကို ဖြစ်အောင်လုပ်နိုင်သည်။ ''
(မောရစ်)
၁၈။ '' လောကတွင် '' ဘုရားနှင့် ကင်းသောသူ ရှိ၏။
တရားနှင့် ကင်းသောသူ ရှိ၏။
သံဃာနှင့် ကင်းသောသူ ရှိ၏။
အမေ နှင့်ကင်းသောသူ မရှိ။
(ဗုဒ္ဓ၀င် ဦးထွန်းစိန်)
၁၉။ '' အစဉ် အေးမြကြည်လင်သော မေတ္တာနှင့်ယှဉ်သော အချစ်ကို မိခင်ကသာ ပေးနိုင် သည်။ ''
(ခင်နှင်းယု)
၁၉ '' ကြီးမြတ်ခြင်းကို ပိုင်ဆိုင်သူ ''
♥ မိခင်ဆိုတာ . . .
မြေကြီးကဲ့သို့ အားကြီးသော မှီခိုရာ
ကျေးဇူးရှင်လဲ ဟုတ်တယ်။
♥ မိခင်ဆိုတာ . . .
မဟာသမုဒ္ဒရာကဲ့သို့
မေတ္တာဓါတ်ကြီး ပိုင်ရှင်လဲဟုတ်တယ်။
♥ မိခင်ဆိုတာ . . .
ကောင်းကင်ကဲ့သို့
အနန္တမရှိ ကျယ်ပြန့်လှတဲ့
ကရုဏာပိုင်ရှင်လဲ ဖြစ်တယ်။
ဒါကြောင့် . . . . . ။
♦ မြေနဲ့ထိတိုင်း မိခင်ကို သတိရပါ။
♦ ရေသောက်တိုင်း မိခင်ကို သတိရပါ။
♦ ခရီးထွက်တိုင်း မိခင်ကို သတိရပါ။ ။
(ဆွာမိသူရိယာနန္ဒ ဟိန္ဒူ သူတော်စင်ကြီး)
Ref: http://wwwmyatthu.blogspot.com/
MOTHER'S DAY ပြာသိုလပြည့်နေ့ (သို့) မြန်မာတို့ရဲ့ အမေများနေ့
မြန်မာနိုင်ငံတွင် မိခင်များနေ့ကို ဆရာကြီးဦးသုခက စတင် သတ်မှတ်ပေးခဲ့သည်။ ထိုနေ့သည် ပြာသိုလပြည့်နေ့ ဖြစ်သည်။
ကမ္ဘာမိခင်များနေ့ ဖြစ်ပေါ်လာပုံ
မိခင်များနေ့ စတင် ဖြစ်ပေါ်လာသည်မှာ စာရေးဆရာမ၊ ကထိက၊ လူမှုရေး ပြုပြင်ရေးသမားဖြစ်သူ မစ္စဂျူလီယာသည် ဘောစတွန်မြို့ရှိ သူမ၏နေအိမ်၌ မိခင်များနေ့ကို (၁၈၇၂) ခုနှစ်တွင် စတင် ကျင်းပခဲ့သည်။
သူမသည် နေအိမ်၌ မိခင်များနေ့ကို တစ်ကိုယ်တော် ကျင်းပခဲ့ခြင်းဖြစ်ပြီး (၁၈၈၇) ခုနှစ်တွင် တင်တပ်ကီပြည်နယ်မှ ကျောင်းဆရာမ မေရီဆင်သိန်းသည် မစ္စဂျူလီယာ၏ တိုက်တွန်းချက်ဖြင့် မိခင်နေ့ကို ကျင်းပခဲ့သည်။ ထိုသို့ပင် (၁၉၀၄) ခုနှစ်တွင် အင်ဒီယားနားပြည်နယ်မှ ဖရင့်စ်အီဟဲရင်သည်လည်း မိခင်များနေ့ကို ကျင်းပခဲ့ပြီး သုံးနှစ်အကြာ ဖီလာဒဲလ်ဗီးယားပြည်နယ်မှ မစ္စစ်အင်နာဂျားဗစ်ဆိုသူက (၁၉၀၇) ခုနှစ်တွင် မိခင်များနေ့ကို ယင်းထက် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်စေရန် ကြိုးစား အားထုတ်ခဲ့သည်။ ယင်းသို့ မိခင်များနေ့ (သို့) အမေနေ့ကို မေလ၏ ဒုတိယတနင်္ဂနွေနေ့အဖြစ် သတ်မှတ်ခဲ့ကြပြီး ဖီလာဒဲလ် ဗီးယားပြည်နယ်က ပထမဦးဆုံး အသိအမှတ်ပြုခဲ့ပြီး (၁၉၀၈) ခုနှစ်၊ မေလ (၁၀) ရက်ကို မိခင်များနေ့အဖြစ် ကျင်းပခဲ့သည်။
ဖီလာဒဲလ်ဗီးယားပြည်နယ်မှ မစ္စစ်အင်နာဂျားဗစ်သည် အခြားပြည်နယ်နှင့် တိုင်းတွေကပါ မိခင်များနေ့ကို ကျင်းပလာစေရန် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးစသည့် နယ်ပယ်တို့မှ သြဇာရှိ ပုဂ္ဂိုလ်များကို စာနဲ့တစ်မျိုး ကိုယ်တိုင်တွေ့ဆုံ ဆွေးနွေး၍တစ်ဖုံ ကြိုးစားအားထုတ်ခဲ့ကာ (၁၉၁၄) ခုနှစ်တွင် မိခင်များနေ့ကို အခြားသော ပြည်နယ်နှင့်တိုင်းတွေကပါ အသိအမှတ်ပြု ကျင်းပလာခဲ့ကြောင်း လေ့လာ သိရှိရသည်။ အမေရိကန်သမ္မတကြီး ဝူးဒရိုးဝီလ်ဆင်သည် ကွန်ကရက်လွှတ်တော်၌ “ကမ္ဘာပေါ်တွင် အကောင်းဆုံးမိခင်ဖြစ်သည့် သင်၏မိခင်ကို ဂုဏ်ပြုလျက်” စသည်ဖြင့် မိခင်နေ့ကို ကျင်းပရန် သတ်မှတ်ပေးခဲ့ကာ ယင်းအချိန်မှ စတင်၍ လက်တင်အမေရိကနှင့် အရှေ့ပိုင်းနိုင်ငံများတွင် မေလ၏ ဒုတိယတနင်္ဂနွေနေ့တိုင်း မိခင်များနေ့ကို ယနေ့အထိ ကျင်းပလာခဲ့ကြသည်။
မြန်မာနိုင်ငံ၌ အမေနေ့ဖြစ်ပေါ်လာပုံ
မြန်မာနိုင်ငံတွင် မြန်မာ့ရေမြေစရိုက်၊ သဘာဝနှင့် လိုက်လျောညီထွေဖြစ်သည့် ပြာသိုလပြည့်နေ့တိုင်းတွင် မိခင်များနေ့အဖြစ် ကျင်းပလာခဲ့သည်မှာ “အမေနေ့အစ ဆရာကြီးဦးသုခက” ဟု မှတ်သားဖူးခဲ့သည်။ မြန်မာပြည်တွင် အမေနေ့အဖြစ် သတ်မှတ်ရာ၌ အမျိုးသားစာဆို စာရေးဆရာကြီး ဦးသော်ဇင်၊ စာရေးဆရာကြီး ဒဂုန်ဦးစန်းငွေ၊ စာရေးဆရာကြီး ဦးရန်အောင်၊ စာရေးဆရာကြီး တက်တိုး၊ စာရေးဆရာမကြီး လူထုဒေါ်အမာ၊ စာရေးဆရာမကြီး ဒေါ်စောမုံညင်း၊ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်စသည့် စာပေ ပညာရှင်များက ဆရာကြီးဦးသုခနှင့် တစ်စိတ်တစ်ဝမ်းတည်း ပါဝင်ဆောင်ရွက်၍ ပြာသိုလပြည့်နေ့တိုင်းကို အမေနေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။ ဆရာကြီး ဦးသုခသည် မိခင်ဖြစ်သူကို ကျိုက်လတ်တွင်ထားခဲ့ပြီး သားဖြစ်သူကို လွမ်းနေရသော မိခင်၏ ကြေကွဲခံစားချက်များသည် မြန်မာပြည်တွင် အမေနေ့ ဖြစ်ပေါ်လာစေရန် ဆရာကြီးဦးသုခ ရင်ထဲ၌ ကိန်းဝပ် အစပျိုးခဲ့ကြောင်း၊ ဆရာကြီးဦးသုခသည် ရင်ထဲမှ ခံစားချက်များကို ပရိသတ်များထံ လိုက်လံဟောပြောကာ အမေ့မေတ္တာ ပြန့်ပွားရေးကို စတင် လှုံ့ဆော်ခဲ့သူဖြစ်ကြောင်း၊ ဆရာကြီးဦးသုခက အမေနေ့အကြောင်း မိခင်မေတ္တာကို ဟောပြောစဉ် သီချင်းကိုလည်းဆို၊ ပြောလည်းပြော၊ ငိုလည်းငို၍ ဟောပြောစဉ် ပရိသတ်သည် မလှုပ်မယှက် ငြိမ်သက်နေခဲ့ကြောင်း မှတ်သားခဲ့ဖူးသည်။
ပြာသိုလပြည့်နေ့တိုင်းကို အမေနေ့အဖြစ် ကျင်းပနိုင်ရန် စာပေပညာရှင်များက ကြိုးစားနေကြစဉ် (၁၉၉၅) ခုနှစ်တွင် မန္တလေးမှ အမေကိုမြတ်နိုးသူများက ဆရာကြီးဦးသုခအား အမေနေ့ သတ်မှတ်ပေးရန် ပူဆာ တိုက်တွန်းခဲ့ခြင်းကြောင့် မန္တလေးမြို့တွင် ဆရာကြီးဦးသုခ ကိုယ်တိုင် ဟောပြော၍ ပြာသိုလပြည့်နေ့ကို “အမေနေ့” အဖြစ် သတ်မှတ်ခဲ့သည်။ “အမေနေ့” ကို ပြာသိုလပြည့်နေ့အဖြစ် အတည်ဖြစ်စေရန် (၁၉၉၆) ခုနှစ်တွင် ဆရာ ဦးသုခသည် ဆရာချစ်စံဝင်းအား အားပေးဆော်သြခဲ့သည်။ ထိုသို့ဖြင့် စာပေလောက၊ အနုပညာလောကနှင့် ကျန်းမာရေးလောကမှ တတ်သိပညာရှင်များ စုပေါင်းကာ ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်တွင် အမေနေ့အဖြစ် ဆရာချစ်စံဝင်းက ထပ်မံကျင်းပ၍ ဟောပြောခဲ့သည်။
အမေနေ့တွင် အဝေးရောက် သားသမီးများသည် မိခင်ထံသို့ စာရေးခြင်း၊ ပို့စကတ် လက်ဆောင်ပေးပို့ခြင်း၊ ဖုန်းဆက်၍ စကားပြောခြင်း၊ မိခင်နှင့် အတူရှိသော သားသမီးများသည်လည်း အမေကိုရေမိုးချိုးပေးကာ ဝတ်ကောင်းစားလှများ ဝတ်ဆင်ပေးခြင်း၊ အမြဲလိုလို တစ်နှစ်တာပတ်လုံး မီးဖိုချောင်ထဲ၌ ချက်ပြုတ်နေသော အမေကို မီးခိုးငွေ့ကင်းစင်သော ဟိုတယ်ကြီးများ၊ စေတီပုထိုးများသို့ ပို့ဆောင်ပေးခြင်း စသည်ဖြင့် အမေနေ့တွင် အမေကို ရိုသေမြတ်နိုး လေးစားကြည်ညိုသူများက လူမျိုးဓလေ့ ယဉ်ကျေးမှုအလိုက် အမေများကို ဂရုတစိုက် ပြုစု စောင့်ရှောက်ခဲ့ကြသည်။
ရက်ပေါင်း (၃၆၅)ရက်တွင် အမှတ်တရ နေ့ထူးနေ့မြတ်များမှာ သူ့နိုင်ငံနှင့်သူ၊ သူ့လူမျိုးနှင့်သူ၊ သူ့ဓလေ့စရိုက်နှင့်သူ၊ သူ့ယဉ်ကျေးမှုနှင့်သူ အမျိုးမျိုး ရှိကြသည်။ ကျွန်တော်တို့ နိုင်ငံတွင်လည်း လအလိုက် ပွဲတော်များရှိသလို နေ့အလိုက် သတ်မှတ်ရက်များ ရှိကြသည်။ နေ့အလိုက် သတ်မှတ်ထားသည့် ရက်များထဲတွင် မိခင်များနေ့ (သို့) အမေနေ့ကို လူငယ်အချို့ မေ့ကောင်းမေ့နေကြသလို သတိရကောင်း ရနိုင်ကြသူများလည်း ရှိပေလိမ့်မည်။ ဖေဖော်ဝါရီ (၁၄)ရက်၊ ချစ်သူများနေ့ကို လူငယ် တော်တော်များများ သတိတရရှိကြသလို တန်ဆောင်မုန်း လပြည့်ကျော်တစ်ရက်၊ ခရစ္စမတ်၊ New Year စသည့် ရက်များကိုလည်း မေ့မေ့ပျောက်ပျောက် ရှိကြမည်မထင်။ အတုယူသင့်သည်ကို ယူရမည့် ဒေါက်တာခင်မောင်ဝင်း (အသည်း) ၏ မွေးနေ့ပွဲသည် အမေကို ရိုသေမြတ်နိုး တန်ဖိုးထားသူများအတွက် ပီတိဖြစ်ရသည့် မွေးနေ့ပွဲလေး ဖြစ်ခဲ့သည်။ ပြီးခဲ့သည့် ဇန်နဝါရီ (၁၁) ရက်၌ ကျင်းပခဲ့ခြင်း ဖြစ်သည်။ ဆရာဦးခင်မောင်ဝင်း (အသည်း) က မွေးနေ့ပွဲတွင် အမေဆိုသော စကားလုံးများ၏ အဓိပ္ပာယ်ကို ရှာဖွေ၍ မွေးနေ့လက်ဆောင်အဖြစ် ပြန်လည် ဝေငှခဲ့သည်။
M = is for the million things she gives us. အမေက ကျွန်ုပ်တို့ကို ပေးခဲ့တဲ့ သန်းပေါင်းများစွာသော အရာတွေ ... O = means only that she's growing old. သားသမီးတွေအတွက် ပေးဆပ်ရင်း အိုမင်းသွားတဲ့ အမေ ... T = is for the tears she shed to save us. သားသမီးတွေအတွက် အမေကျခဲ့တဲ့ မျက်ရည် ... H = is for her heart of purest gold. အမေ့ရဲ့ ရွှေစင်နှလုံးသား ... E = is for her eyes, with love sight. မေတ္တာကြင်နာခြင်း အပြည့်အဝနှင့် စောင့်ရှောက် ကြည့်ရှုခဲ့တဲ့ အမေ ... R = means right she'll always be. အမြဲတမ်း မှန်ကန်သော အမေ့ ဆုံးမစကားများ ...
အထက်ပါ Mother's Definition အမေဆိုသော စကားလုံး၏ အဓိပ္ပာယ်များသည် Mr.Howard Johnson ရေး၍ အရှင်က္ကန္ဒစာရ (မုံရွာ) ဘာသာပြန်ထားခြင်း ဖြစ်သည်။ မိခင်များက ကိုးလလွယ်၊ ဆယ်လလွယ်ကာ ကျွန်တော်တို့ကို မွေးထုတ်ပေးလိုက်ခြင်းကြောင့် ကျွန်တော်တို့သည် လူ့လောကထဲသို့ ရောက်ရှိလာကြသည်။ လူ့လောကထဲတွင် ကျွန်တော်တို့သည် မိခင်က မွေးလိုက်သည့် နေ့ရောက်တိုင်း ရောက်တိုင်း မွေးနေ့တွေကို အကြိမ်ကြိမ် အလီလီ ပြုလုပ်လာခဲ့ကြသည်။ တချို့မှာ အဆင့်မြင့်ဟိုတယ်မှာ အကောင်းဆုံးဆိုတဲ့
အစားအစာနဲ့ မွေးနေ့ပွဲ Dinner ပေးတယ်။ တချို့က သာမန်ရိုးရိုး ဘုရားကျောင်း ဆွမ်းပို့ကြတယ်။ တချို့က ကိုယ့်မွေးနေ့ကိုယ် မသိချင်ယောင် ဆောင်ခဲ့ကြတယ်။ တချို့က ကိုယ့်မွေးနေ့ကိုယ် မေ့နေကြတယ်။
အမေကို တန်ဖိုးထား ရိုသေမြတ်နိုးသူများက “အမေ” ဆိုသော စကားလုံးများ၏ အဓိပ္ပာယ်ကို နောက်တစ်မျိုး ဖွင့်ဆိုထားကြပြန်သည်။
M - She gaves million of smiles to me သားသမီးတွေကို အမြဲ ပြုံးရွှင်နေစေတယ် O - Only that she is growing old တစ်နေ့ထက် တစ်နေ့ အိုလာမှာ ဖြစ်တယ် T - For the tears she had to save me မျက်ရည် မကျအောင်၊ ဝမ်းမနည်းရအောင် စွမ်းဆောင် ပေးနိုင်တယ် H - For her heart as pure as gold အသည်းနှလုံးဟာ ရွှေအစစ်လို အဖိုးတန်တယ် E - Every thing she's done to help me အခက်အခဲ မှန်သမျှကို ကူညီဖို့ အသင့်ပဲ R - Right and Right she always be သားသမီးတွေအတွက် အမှန်တရားကိုသာ ရှေ့ရှုတယ်
ကမ္ဘာပေါ်တွင် ပြော၍မကုန်သော အကြောင်းအရာမှာ မိခင်အကြောင်းသာ ဖြစ်ပါသည်။ လူတိုင်းလူတိုင်းတွင် အမေများ ရှိကြပေလိမ့်မည်။ ဖခင်မပေါ်ဘဲ မွေးသည့် သားသမီးများသာ ရှိနိုင်ကြပြီး မိခင်မပေါ်ဘဲ မွေးသည့် သားသမီးများ ရှိကြမည် မဟုတ်ပါ။ (အနည်းငယ် ရိုင်းသွားလျှင် ခွင့်လွှတ် နားလည်ပေးစေချင်ပါသည်။) မိခင်တစ်ယောက်၊ အမေတစ်ယောက်၏ သားသမီးများအပေါ် ထားသည့် ချစ်ခြင်းမေတ္တာသည် တုနှိုင်းမရ အနန္တဆိုသည်မှာ အကျယ်ချဲ့၍ ပြောစရာလိုမည် မထင်။
မိုးညှင်း ဦးဣန္ဒြိယရေးသည့် “အမေဟူသည် မှတ်ကျောက်” စကားစုလေးကို ဖတ်ကြည့်စေချင်သည်။ “လောကမှာ လူတော် လူကောင်းကို ကြည့်ချင်ရင် အမေကို ဆက်ဆံလေးစားတာနဲ့ မှတ်ကျောက်တင်ရတယ်။ အမေ့ကျေးဇူးသိပြီး အမေ့စကား နားထောင်သူဟာ မဆင်းရဲဘူး။ အမေဆိုတဲ့ ဝေါဟာရမှာ “အမ= မစသူ”၊ “အမိ= ကိုးကွယ်ရာ အရှင်သခင်”၊ “အမေ= အမွန်အမြတ် ပုဂ္ဂိုလ်” လို့ အဓိပ္ပာယ်သုံးခု ပါရှိနေတယ်။ ဒါကို သတိထားကြ” ဟု ရေးသားခဲ့သည်။ မိခင်၏ မေတ္တာ၊ မိဘ၏ မေတ္တာများကို အချို့က မိခင်၏ကျေးဇူး၊ မိဘ၏ ကျေးဇူးကို ကိုယ်တိုင်မိဘဖြစ်မှ မိခင်ဖြစ်မှ နားလည်တော့တယ်ဟု ဆိုကြသည်။ ဤသည်ကို ဆရာမောင်ဒီပ (သိပ္ပံ/ချည်မြေ) က မိဘမေတ္တာဆိုသည်မှာ ကိုယ့်မှာရှိသည့် အသိဉာဏ် ပမာဏလောက်နှင့် စေ့ငုစဉ်းစား ကြည့်ရှုတတ်လျှင် မြင်သာထင်သာသည့် အရာမျိုးဖြစ်ပြီး အရေးကြီးသည်မှာ စဉ်းစားမိဖို့နှင့် ဆင်ခြင်မိဖို့သာ လိုအပ်ကြောင်း ကိုယ်တိုင်မိဘဖြစ်မှ မိခင်ဖြစ်မှ နားလည်မည်ဆိုလျှင် နားလည်သင့်သည့် အချိန် အတိုင်းအတာနှင့်စာလျှင် နောက်ကျလွန်းလှသည့် သိနားလည်မှုမျိုးဖြစ်ကြောင်း“အမေဟူသည်မေတ္တာပင်လယ်” စာအုပ်၌ စကားဦး ရေးသားခဲ့သည်။
အမေနှင့် ပတ်သက်လျှင် ကမ္ဘာပေါ်တွင် ထင်ပေါ်ကျော်ကြားခဲ့သည့် ပညာရှင်များ၊ ဘာသာရေး ဆရာများက အမျိုးမျိုး အမေ့ကျေးဇူး မေတ္တာများကို အဓိပ္ပာယ် ဖွင့်ခဲ့ကြသည်။ နိုဘယ်လ်ဆုရ ခရစ်ယာန် သီလရှင်ကြီး “မာသာထရီဆာ” သည် မိခင်မှ ဆုံးမစကား ဆိုခဲ့သည့်အတိုင်း “သမီးဘဝမှာ အောင်မြင်သူအဖြစ်ကို မလိုလားရဘူး။ ဘဝမှာသစ္စာတရား လက်ကိုင်ထားပြီး စွန့်လွှတ်သူဘဝ၊ အနစ်နာခံသူဘဝ၊ ခွင့်လွှတ်တတ်သူဘဝ အဆင့်အတန်း မှာသာ နေထိုင်ရမယ်” ဟူသည့် ဆုံးမစကားအတိုင်း ဆင်းရဲသား ဒုက္ခိတများကြား အကူအညီပေးခဲ့ပြီး နိုဘယ်လ်ဆု ရရှိခဲ့သည်အထိ မိခင်၏ ဆုံးမစကားများက ခွန်အား တိုးစေခဲ့သူ ဖြစ်သည်။
မေတ္တာသုတ်ထဲမှာ ဘယ်လိုပါလဲဆိုတော့ “မာတာယထာ နိယံပုတ္တ မာယုသာ၊ ဧကပုတ္တ မနုရက္ခေ” ဆိုပြီး မေတ္တာစစ် မေတ္တာမှန်ကို ဥပမာပေးပြီး ပြောထားတာ ရှိတယ်။ ဘယ်လိုလဲဆိုတော့ တစ်ဦးတည်းသောသားကို အသက်ပေးပြီး စောင့်ရှောက်ခဲ့တဲ့ မိခင်စိတ်ဟာ မေတ္တာမှန် ဖြစ်တယ်။ ကျွန်တော့်ရဲ့ အစ်မေကလည်း သူ့ရဲ့မေတ္တာကို အသက်ပေးပြီး ပြဖူးတယ်။ ဟင်္သာတမြို့နယ်၊ သနော်သနော့ ကျေးရွာက ကျွန်တော် မွေးဖွားတဲ့ရွာ ဖြစ်တယ်။ ကျွန်တော် (၄/၅) နှစ်အရွယ်မှာ အပြင်ထွက်ပြီး လမ်းမှာ တစ်ယောက်တည်း ကစားနေတယ်။ နွားသိုးတွေက လိုက်တော့ လူတွေက အိမ်/ခြံထဲ ဝင်ပြေးကြတယ်။ ကျွန်တော်ကတော့ လမ်းမှာ အံ့အားသင့်ပြီး ထိုင်နေတယ်။ မိနစ်ပိုင်းမှာ အမေက ကျွန်တော့်ဆီ လာပြီးပွေ့ချီပြီး အိမ်ထဲ ပြန်ခေါ်သွားတယ်။ မိနစ်ပိုင်းလောက် နောက်ကျရင် နှစ်ဦးလုံး သေနိုင်တယ်။ မိခင်တစ်ယောက်ဟာ တစ်ဦးတည်းသောသားကို အသက်စွန့်ပြီးတော့ ကယ်ဆယ် စောင့်ရှောက်တာကို မိခင်မေတ္တာ အစစ်အမှန်လို့ ပြောလို့ရတယ်။
အမေ့အကြောင်း ပြောလျှင်ဆုံးမည်ထင်။ ထို့ကြောင့် ကျွန်တော်ဖတ်ခဲ့ဖူးသည်ထဲမှ လေ့လာ၍ ဆရာချစ်စံဝင်း ဟောပြောခဲ့သည့် အထဲမှ မှတ်သားဖွယ် အချက် (၅) ချက်ဖြင့် နိဂုံး ချုပ်ပါရစေ။
သားသမီးများဆီမှ မိဘများ မျှော်လင့်သည့် မျှော်လင့်ချက်(၅)ချက်
(၁) မိမိတို့ အိုးမင်းမစွမ်း ရှိလာတဲ့အခါ မိမိတို့ကိုသားသမီးတို့က ကူညီကြမယ်လို့ တိတ်တခိုး မျှော်လင့်တတ်ကြခြင်း၊
(၂) သားသမီးများသည် မိမိတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို စောင့်ရှောက်ကြလိမ့်မည်ဟု မျှော်လင့်ကြခြင်း၊
(၃) မိမိတို့ နာမကျန်း ဖြစ်သည့်အခါ သားသမီးများက ပြုစုကြလိမ့်မည်ဟု မျှော်လင့်ခြင်း၊
(၄) မိမိတို့ တရားသဖြင့် ရှာဖွေထားသော ပစ္စည်းဥစ္စာများကို စောင့်ရှောက်ပြီး တိုးပွားအောင် ဆောင်ရွက်၍ အမျိုးဘာသာ သာသနာအတွက် ဆောင်ရွက်ကြလိမ့်မည်ဟု မျှော်လင့်ခြင်း၊
(၅) မိမိတို့ မရှိသည့်နောက် သေလွန်ပြီးသည့်အခါ သားသမီးများသည် မိမိတို့ကို ရည်စူး၍ ရောက်ရာအရပ်မှ သာဓုအနုမောဒနာ ပြုနိုင်အောင် အမျှအတန်း ဝေကြလိမ့်မည်ဟု မျှော်လင့်ခြင်း
စသည့် အချက်(၅)ချက်သည် မိဘများက သားသမီးများထံမှ တိတ်တခိုး မျှော်လင့်ကြသည့် အချက်များဖြစ်ပြီး အမေကို ရိုသေမြတ်နိုး တန်ဖိုးထားသူများ ဖြစ်နိုင်ကြစေရန် (၂၀၁၇) ခုနှစ်၊ ပြာသိုလပြည့် အမေနေ့ကို ရည်စူးလျက် ...
စုန်ရေ
ဘယ်လောက်ပင် တိုင်းတား တိုင်းတာ ဘယ်လိုပင် နှိုင်းဆ နှိုင်းဆ မည်သို့ပင် ပေးဆပ် ပေးဆပ် မည်မျှပင် ဝေငှ ဝေငှ ထိုမေတ္တာတရား၏ ရင်ခွင်အလယ်မှာ အသင်တို့၊ ငါတို့ မည်သို့ ဆန်တက်ကြမည်နည်း
ဆောင်းငယ်
https://www.facebook.com/photo.php… TAR
0 Comments
You are welcome to share your ideas with us in comments! (မှတ်ချက်များပေးရာတွင် သင်၏အကြံဉာဏ်များကို ကျွနိုပ်တို့နှင့် မျှဝေရန် ကြိုဆိုပါသည်။)
Emoji