Ad Code

Responsive Advertisement

Resume/CV ကောင်းကောင်းဘယ်လိုရေးမလဲ

ပြီးခဲ့သည့် အပတ်တွင် Cover Letter ကောင်းတစ်ခုရေးနည်းကို ကျွန်တော်တို့ဖော်ပြခဲ့ပါသည်။ ယခုအပတ်တွင်လည်း မိတ်ဆွေတို့အတွက် အသုံးဝင်မည့် အလုပ်အတွက် အရမ်းအရေးကြီးသော CV/Resume ကောင်းတစ်ခုကို ရေးသားနည်းကို ထပ်မံဖော်ပြလိုက်ရပါသည်။
MyanmarJobsDB
ထိရောက်မှုရှိသော resume တစ်ခုရေးသားနိုင်ရန်အတွက် အချိန်နှင့် လုံ့လစိုက်ထုတ်ရန် အဆင်သင့်ဖြစ်နေရပါမည်။ သင့်အနေဖြင့် အောက်ပါ အချက်အလက် (၂) မျိုးကို လိုအပ်မည် ဖြစ်သည် –
သင့်အကြောင်း – သင်၏ လုပ်ငန်းဆိုင်ရာ ပင်ကိုစွမ်းရည်၊ လုပ်ငန်းအတွေ့အကြုံ၊ ပညာရေးနှင့် အလုပ်အကိုင်ဆိုင်ရာ ရည်မှန်းချက်များကို ရှင်းရှင်းလင်းလင်းရေးသားထားရန် လိုအပ်ပါသည်။
အလုပ်အကြောင်း – သင်လျှောက်ထားမည့် အလုပ်ရာထူးအကြောင်း အသေးစိတ်အချက်အလက်များကို ရနိုင်သလောက် ရှာထားရမည်။ သင်၏ resume တွင် သင်၏ စွမ်းရည်၊ ပညာရေး၊ အောင်မြင်မှုများ၊ လုပ်ငန်းအတွေ့အကြုံနှင့် ယခင် လုပ်ငန်းခွင်မှ အောင်မြင်မှုများသည် ယခုလျှောက်ထားမည့် ရာထူးအတွက် လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိကြောင်း ပြသနိုင်ရမည် ဖြစ်သည်။
ထိရောက်မှုရှိသော resume တစ်စောင်ရေးသားနိုင်ရန် အထွေထွေလမ်းညွှန်
အောက်ပါ အကြံပြုချက်များသည် မည်သည့် resume မျိုးအတွက်မဆို အကျုံးဝင်ပါသည်။ အောက်တွင် ဖော်ပြထားသည့် အစဉ်အတိုင်း ရေးသားရန် အကြံပြုထားသော်လည်း၊ သင်လိုအပ်သကဲ့သို့ အပြောင်းအလဲ ပြုလုပ်နိုင်ပါသည်။

ပုံစံ

ခေါင်းစဉ် – သင့်အမည်၊ လိပ်စာ၊ ဖုန်းနံပါတ်နှင့် အီးမေးလ်တို့ကို စာမျက်နှာထိပ်ဆုံးတွင် ထင်ရှားစွာဖော်ပြထားသင့်သည်။
အကျဉ်းချုပ် (သို့) ရည်မှန်းချက် – အကျဉ်းချုပ်ဖြင့် ဖော်ပြခဲ့ပါက၊ သင်၏ လုပ်ငန်းအတွေ့အကြုံနှင့် အောင်မြင်မှုများကို ဝါကျ ၂ ကြောင်း၊ ၃ကြောင်းခန့်ဖြင့် ထင်ပေါ်စေရန် ရေးသားပါ။ သင်လိုချင်သော အလုပ်အမျိုးအစားနှင့် သင်၏ အလုပ်ရှင်အတွက် မည်သည့်အရာများ ပေးအပ်နိုင်သည်ဆိုသည်ကို ထင်ရှားပေါ်လွင်အောင် ရေးသားပါ။ အကယ်၍ ရည်မှန်းချက်ကိုသာ ရေးသားဖော်ပြလိုပါက နီးစပ်သည့် အလုပ်အမျိုးအစားများ ပါဝင်စေရန်အတွက် အကျယ်ချဲ့ ရေးသားရမည် ဖြစ်သော်လည်း၊ အာရုံစူးစိုက်၍ စိတ်ဝင်စားမှု မရှိခြင်း၊ မည်သည့် အလုပ်အမျိုးအစားမဆို လက်ခံမည့်ပုံပေါ်နေခြင်း စသဖြင့် ကျယ်ပြန့်လွန်းခြင်း မရှိစေရန်လည်း ဂရုစိုက်ရေးသားရမည်ဖြစ်သည်။ ၄င်းရေးသားချက်ကို ဝါကျတစ်ကြောင်းဖြင့်သာ ရေးသားရမည် ဖြစ်သည်။
အကျဉ်းချုပ် ဖော်ပြရန် ရွေးချယ်သည်ဖြစ်စေ၊ ရည်မှန်းချက် ရွေးချယ်သည်ဖြစ်စေ၊ မိမိ လျှောက်ထားသော အလုပ်ရာထူး၏ အဆင့်၊ လုပ်ဆောင်ချက်နှင့် စီးပွားရေးလုပ်ငန်းအမျိုးအစား တို့ကို ဖော်ပြရမည်ဖြစ်သည်။ လိုရင်းတိုရှင်းနှင့် ယေဘုယျကျကျ ရေးသားပါ။ သင်၏ အကျဉ်းချုပ် သို့မဟုတ် ရည်မှန်းချက်အား အလုပ်ရှင်တစ်ဦးအတွက် သီးသန့်ဖြစ်စေရန် cover letter ကို လည်း သီးခြားပြင်ဆင်ထားသင့်ပေသည်။
လုပ်ငန်းအတွေ့အကြုံ – သင်၏ အဓိက တာဝန်ယူရမှုများကို ဖော်ပြပါ။ အခြေအနေတိုးတက်ပြောင်းလဲသွားခြင်း၊ အသုံးစရိတ် လျှော့ချနိုင်ခြင်း/ အမြတ်ပိုမိုရရှိစေခြင်း၊ ကုမ္ပဏီမှ သင်၏ အကြံဥာဏ်များကို လက်တွေ့အသုံးပြုခြင်း စသည့် အောင်မြင်မှုများနှင့် သင်၏ ယခင် အလုပ်ရှင်အတွက် အကျိုးဖြစ်ထွန်းခဲ့ပုံတို့ကို အသားပေးရေးသားပါ။ အောင်မြင်မှုများသည် အလုပ်လမ်းကြောင်းနှင့် ကိုက်ညီမှု ရှိရမည်ဖြစ်ပြီး၊ လတ်တလော အောင်မြင်မှုများအပေါ် ပိုမိုအလေးထား ဖော်ပြရမည် ဖြစ်သည်။
ကျွမ်းကျင်မှုများ – ကွန်ပြူတာပရိုဂရမ်ရေးသားခြင်း၊ စာစီရေးသားခြင်း၊ သို့မဟုတ် အထူးစက်ကိရိယာများကို အသုံးပြုတတ်ခြင်း စသည့် အသေးစိတ်ဆန်သည့် ကျွမ်းကျင်တတ်မြောက်မှုများကို ရေးသားဖော်ပြပါ။
ပညာရေး – နောက်ဆုံးရရှိခဲ့သည့် အဆင့်မြင့်ဆုံး ဒီဂရီကို စတင်ဖော်ပြကာ၊ တက်ရောက်ခဲ့သော ကျောင်းအမည်နှင့် နေရာ၊ မေဂျာနှင့် မိုင်နာဘာသာများနှင့် ရရှိခဲ့သော အလုပ်နှင့်သက်ဆိုင်သော စကော်လာရှစ်ပ်များနှင့် ဘာသာရပ်ဆိုင်ရာ ဆုများကို ဖော်ပြရမည်။ အလုပ်အကိုင်နှင့် ပတ်သက်သည့် ကျောင်းပြင်ပလှုပ်ရှားမှုများ၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် နှီးနှောဖလှယ်ပွဲများ တက်ရောက်ခဲ့ခြင်းကိုလည်း ရေးသားဖော်ပြရမည်။
လိုင်စင်များ၊ တရားဝင်လက်မှတ်များ၊ ပုံနှိပ်ထုတ်ဝေထားမှုများ – အလုပ်အကိုင်နှင့်သက်ဆိုင်သော အရာများကိုသာ ရှည်ရှည်ဝေးဝေး မဖော်ပြပဲ တင်ပြရေးသားရမည်။
အပိုကိုယ်ရေးအချက်အလက်များ – အဖွဲ့အစည်းများတွင် အသင်းဝင်ထားမှုများကို အလုပ်အကိုင်နှင့် သက်ဆိုင်မှသာ ထည့်သွင်းဖော်ပြရမည်။

အကြောင်းအရာ

ဆောင်ရန်
အပြုသဘောစိတ် ထားပါ။
ဆက်စပ်မှုရှိသော အောင်မြင်မှုများကို ဖော်ပြပါ။ ၄င်းအကြောင်းအရာများကို သင့်လျော်သည့်နေရာတွင် သင့်တော်သလို ထည့်သွင်းရေးသားရမည် ဖြစ်သည်။ သင့်အလုပ်ရှင်အား မည်သည့်အကျိုးကျေးဇူးများ ဖြစ်ပေါ်စေခဲ့သည်ကို ရှင်းပြပါ။
သင်၏ လုပ်ငန်းခွင်တွင်း အောင်မြင်မှုများအကြောင်းကို သိရှိသော သူငယ်ချင်းများအား သင်၏ resume ကို ဖတ်ကြည့်ခိုင်းပြီး၊ မေ့ကျန်ခဲ့သော အကြောင်းအရာများ၊ မလိုအပ်ဟုထင်၍ ချန်ထားခဲ့ခြင်းများ ရှိ၊ မရှိ အကြံပြုချက်ပေးခိုင်းပါ။
တိကျမှု ရှိပါစေ။ စကားလုံးရွေးချယ်အသုံးပြုမှုကို ဂရုပြုပါ။ စာလုံးတိုင်းအား အကျိုးရှိစေပြီး၊ မလိုအပ်သည့် စာလုံးများကို ချန်ထားခဲ့ပါ။
ကျစ်လျစ်ပြည့်စုံသော ဝါကျများကို အသုံးပြုပါ။ ရှင်းလင်းသပ်ရပ်မှု ရှိစေရန် bullet များတပ်၍ ရေးသားပါ။
Grammer သုံးရာတွင်လည်း အက်ရှင်ပြတြိယာ (action verb) များကို အသုံးပြုပါ။
ရှောင်ကြဉ်ရန်
သင်၏ ဝါသနာ၊ သင်၏ အရပ်၊ ကိုယ်အလေးချိန်၊ အိမ်ထောင်ရှိ၊ မရှိ နှင့် ယခင်အလုပ်များအကြောင်း ဖော်ပြထားခြင်း စသည့် ကိုယ်ပိုင်အချက်အလက်များ၊ သင်ဝင်ရောက်လျှောက်ထားမည့် အလုပ်နှင့်မသက်ဆိုင်သည့်အရာများကို မလိုအပ်လျင် မဖော်ပြပါနှင့်။
သင်၏အောင်မြင်မှုများ အကြောင်း ဖော်ပြရန် ဝါကျအနည်းငယ်သာ အသုံးပြုပါ။ အတိုချုံ့ရေးပါ။ စာမျက်နှာ တစ်မျက်နှာ၊ နှစ်မျက်နှာခန့်သာ ရှိသော resume သည် အကောင်းဆုံးဖြစ်သည်။ သို့သော် သင်သည် အလုပ်ရာဇဝင် ရှည်ရှားပါက၊ သင်၏ resume သည် စာမျက်နှာ ပိုမိုများပြားနိုင်ပါသည်။
အလုပ်တစ်ခုနှင့် တစ်ခုအကြား ကူးပြောင်းချိန်အကြောင်းကို မရှင်းပြပါနှင့်။
ထောက်ခံပေးသူများကို ထည့်သွင်းမတင်ပြပါနှင့်။ သို့သော် အင်တာဗျူးအဆင့်တွင် အလုပ်ရှင်မှ တောင်းခံပါက ပေးအပ်နိုင်ရန် ထောက်ခံသူများ စာရင်းသီးသန့်ကို အသင့်ပြင်ထားရမည် ဖြစ်သည်။ ထောက်ခံသူများအဖြစ် ဖော်ပြထားသည့် လူတစ်ဦးချင်းစီနှင့် ကုမ္ပဏီအဖွဲ့အစည်းများကို သင့်အစား ဆက်သွယ်လာမည့်သူ ရှိမည်ဖြစ်ကြောင်း အကြောင်းကြားထား သင့်သည်။ သင်၏ resume ၏ နောက်ဆုံးအပိုင်းတွင် “References: Available upon Request” (ထောက်ခံပေးမည့်သူများ အကြောင်း သိရှိလိုပါက ထပ်မံပေးပို့ပေးမည်) ဟု ရေးထားသင့်သည်။

အသွင်အပြင်

ဆောင်ရန်
သင်၏ resume ကို လက်နှိပ်စက် သို့မဟုတ် ကွန်ပြူတာဖြင့် စာစီခြင်း၊ ကျွမ်းကျင်သူထံတွင် ပရင့်ထုတ်ခြင်းတို့ ပြုလုပ်ပါ။ ကွန်ပြူတာပရင်တာကို အသုံးပြုသည်ဆိုပါက “letter quality” ဖြစ်စေရန် သတိပြုပါ။ 8 1/2″ x 11″ အရွယ်အစား ရှိသည့် စာရွက်အဖြူ သို့မဟုတ် နို့နှစ်ရောင်ကို အသုံးပြုပါ။ အကယ်၍ အဆင်ပြေပါက၊ 20 lb (100 g) အလေးချိန်ရှိသည့် 100% cotton-bond စာရွက်ကို အသုံးပြုပေးပါ။
ဘေးတစ်ဖက်တစ်ချက် margin များကို ကျယ်ကျယ်ထားပါ။ Sections များအတွင်း single space ထားပြီး၊ section တစ်ခုနှင့် တစ်ခုအကြား double space ထားပါ။
ခေါင်းစဉ်တိုင်းကို centre သို့မဟုတ် left justify ထားပြီး၊ အက္ခရာအကြီးများဖြင့် ရေးသားပါ။
သင်၏ resume သည် သပ်ရပ်ခြင်း၊ အလွယ်တကူဖတ်ရှုနိုင်ခြင်း၊ ညီညာခြင်းနှင့် မျက်စိအမြင်အရ ဘက်ညီခြင်း တို့ ရှိစေပြီး မျက်စိပသာဒဖြစ်နေရန် ရေးသားပါ။ မလိုအပ်သည့် အာရုံစူးစိုက်မှု ဖြစ်ပေါ်စေနိုင်သော visual effects များကို ရှောင်ကြဉ်ပါ။
သင်၏ resume ကို ဂရုပြု၍ စစ်ဆေးပြီးနောက် နောက်ထပ်တစ်ယောက်အား ထပ်မံစစ်ဆေးခိုင်းပါ။ စာလုံးပေါင်းများ၊ သဒ္ဒါနှင့် ပုဒ်ဖြတ်ပုဒ်ရပ် သင်္ကေတများ အမှားအယွင်းကင်းစေရန် ဂရုပြုပါ။
သင်၏ resume သည် ထင်ထင်ရှားရှား ရှင်းလင်းစွာ ဖတ်ရှုနိုင်ခြင်း ရှိ၊ မရှိ စစ်ဆေးပါ။ မှင်ရာများ၊ အမှတ်အသားများ ထင်နေခြင်းသည် လက်ခံနိုင်စရာမဟုတ်ပါ။
ရှောင်ရန်
ပြည်နယ် နာမည်များမှလွဲ၍ အတိုကောက် စကားလုံးများ အသုံးမပြုပါနှင့်။ အလုပ်ရှင်များက သင်၏အတိုကောက်အသုံးအနှုန်းများကို နားလည်မည်မဟုတ်ပေ။

Resume ရေးသားမှုပြီးသွားလျှင် အဓိကပန်းတိုင်ကို သတိရပါ

MyanmarJobsDB
Resume သည် ဘယ်အရာကို ဖြစ်မြောက်စေသလဲ
Resume သည် သင့်၏ အနာဂတ်အလုပ်ရှင်အား သင်၏ အတိတ်တွင် အောင်မြင်ခဲ့မှုများနှင့် ယခု မည်သည့်အရာများကို ယင်း ကုမ္ပဏီအတွက် ဆောင်ရွက်နိုင်မည်တို့ကို ပြသပေးခြင်းဖြစ်သည်။
Resume တစ်ခု၏ အဓိက တာဝန်မှာ သင်၏ ပါရမီနှင့် စွမ်းရည်များကို သင့်အလုပ်ရှင်အား ရှင်းလင်းပြတ်သားမြန်ဆန်စွာ အရောင်းထုတ်ပြသခြင်းဖြစ်သည်။ တစ်ဖက်ကကြည့်မည်ဆိုလျှင်၊ သင့်ကိုယ်သင် အရောင်းထုတ်နေခြင်းဖြစ်ပြီး၊ သင်၏ resume သည် သင့်အတွက် ကြော်ငြာတစ်ခုဖြစ်သည်။ ၄င်းသည် အလုပ်ရှင်အား သင့်ကို စိတ်ဝင်စားမှု ရှိလာစေရန် ဆောင်ရွက်ပေးပြီး၊ အင်တာဗျူးခေါ်စေရန် ပြုလုပ်ပေးမည့် အရာတစ်ခုဖြစ်သည်။
အထက်ဖော်ပြပါ ဆောင်းပါးရှိ အကြံပြုချက်များကိုသုံး၍ မိတ်ဆွေတို့ အလုပ်အကိုင်ကောင်းများရရှိမည်ဟု MyanmarJobsDB မှ မျှော်လင့်မိပါသည်။
Adapted from original article: http://www.labor.ny.gov/careerservices/findajob/write.shtm
http://www.myanmarjobsdb.com/articles/jobsearch/how-to-write-good-cv/

Post a Comment

0 Comments

Close Menu